နေပြည်တော်၊ စက်တင်ဘာ ၂၉
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ
ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့
ပူးပေါင်းဖွင့်လှစ်ရန် စီစဉ်လျက်ရှိသော တရားဥပဒေစိုးမိုးရေး စင်တာများကို
အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် တရားစီရင်ရေး တာဝန်ရှိသူများက
ပူးပေါင်းပါဝင်မှု မရှိသဖြင့် ဖွင့်လှစ်နိုင်ရေး ကြန့်ကြာနေကြောင်း အဆိုပါ
ကော်မတီက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်
အစည်းအဝေးသို့ တင်သွင်းလိုက်သည်။
တရားဥပဒေစိုးမိုးရေး စင်တာများ
ဖွင့်လှစ်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကော်မတီတို့အကြား
သဘောထားကွဲလွဲမှု ရှိနေကြောင်း အဆိုပါကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က
ယင်းအစီရင်ခံစာ တင်သွင်းစဉ် ပြောဆိုသည်။
ယင်းအပြင် တရားသူကြီး၊
ဥပဒေအရာရှိများကို ပြည်တွင်းပြည်ပ ပညာရှင်များနှင့် နိုင်ငံတကာ
တရားဥပဒေစိုးမိုးရေး အခြေခံမူနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စများကို
သင်ကြားရန် စီစဉ်ခဲ့သော်လည်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က
မြို့နယ်အသီးသီးတွင် တရားသူကြီး ၁၂၀၀ သာရှိ၍ ငြင်းပယ်ခဲ့ကြောင်း ၎င်းက
ထပ်လောင်း ပြောဆိုသည်။
မူလက တရားဥပဒေစိုးမိုးရေး စင်တာများ
ဖွင့်လှစ်ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊
နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို
ထည့်သွင်းသော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန တစ်ခုတည်းသာ ပူးပေါင်း
ပါဝင်မည်ဟုလည်း အစိုးရက ပြောဆိုထားကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ လက်ကမ်းကြိုပါတယ်၊
သူတို့မပါရင်လည်း ပြည်သူတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ မီဒီယာတွေ၊
ပြင်ပရှေ့နေတွေနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားမယ်” ဟု အစီရင်ခံစာ
တင်သွင်းမှု အပြီးတွင် ၎င်းက မီဒီယာများကို ပြောကြားသည်။
တရာဥပဒေစိုးမိုးရေး စင်တာများကို စက်တင်ဘာလတွင် စတင်ဖွင့်လှစ်မည် ဖြစ်ပြီး
ယင်းစင်တာများသည် တရားရေး အဖွဲ့အစည်းများ ဖြစ်သည့် တရားသူကြီးများ၊
ရှေ့နေများ၊ ဥပဒေအရာရှိများနှင့် ရဲများကို စွမ်းရည်မြှင့်တင်မည် ဖြစ်ပြီး
EU မှ ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချမည် ဖြစ်ကြောင်း
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ထုတ်ပြန်
ကြေညာထားသည်။
သို့ သော် အချို့ဌာနများ ပူးပေါင်းပါဝင်မှု
မရှိသည့်အတွက် ၂၀၁၅ ခုနှစ် အတွင်းမှသာ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း
ဦးဝင်းမြင့်က ဆိုသည်။
“ဥပဒေမှာ မဏ္ဍိုင်သုံးရပ် အပြန်အလှန်
ထိန်းကျောင်းဖို့ဆိုပြီး ပါတာ၊ အချင်းချင်း ပူးပေါင်း မဆောင်ရွက်ရဘူးလို့
ပြဋ္ဌာန်းထားတာ မဟုတ်ဘူး” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီကို ၂၀၁၂ ခုနှစ်
အတွင်းတွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားသည်။
ယင်းကော်မတီသည်
၂၀၁၃ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံ မြို့ကြီးများရှိ တရားရုံးများကို
စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရန်
ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။
ယနေ့
တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် တရားဥပဒေ စိုးမိုးရေးအတွက် တရားရုံးများ
စောင့်ကြည့်လေ့လာရေး အတွက် လွတ်လပ်သည့် အဖွဲ့အစည်းများ ရှိရန် အလေးအနက်
အကြံပြုထားကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။
Credit - The Voice Weekly
No comments:
Post a Comment