နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို
ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား စက်တင်ဘာ ၃၀ ရက်စွဲဖြင့် သမ္မတဦးသိန်းစိန်က
လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည်။
နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီတည်ထောင်လိုသူများ၏အရည်အချင်းနှင့်
သက်ဆိုင်သည့် ပုဒ်မ(၄)ပုဒ်မခွဲ (က) တွင်ပါရှိသော "နိုင်ငံသား၊
ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ်
ကိုင်ဆောင်ထားသူဖြစ်ခြင်း" ဆိုသည့် စကားရပ်ကို "နိုင်ငံသားဖြစ်ခြင်း"
ဆိုသည့်စကားရပ်ဖြင့် အစားထိုးပြင်ဆင်ခဲ့သည်။
ပုဒ်မ (၅) ပုဒ်မခွဲ (ဃ)
တွင်ပါရှိသော "ပုဒ်မ ၄ ပါအချက်များနှင့်ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏
အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့ သက္ကရာဇ်နှင့်
နိုင်ငံရေးစိစစ်ရေးကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊
ဧည့်နိုင်ငံသားလက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်အမှတ် သို့မဟုတ်
ယာယီသက်သေခံလက်မှတ်အမှတ်" ဆိုသည့်စကားရပ်ကို "ပုဒ်မ ၄ ပါအချက်များနှင့်
ညီညွတ်သောပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊
မွေးသက္ကရာဇ်နှင့် နိုင်ငံရေးစိစစ်ရေးကတ်ပြားအမှတ်" ဆိုသည့်စကားရပ်ဖြင့်
အစားထိုးပြင်ဆင်ခဲ့သည်။
သို့ဖြစ်၍ နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ ယာယီသက်သေခံလက်မှတ်
(White Card) နှင့် ဧည့်နိုင်ငံသားကတ်ကိုင်ဆောင်ထားသူများသည်
နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိတော့မည်မဟုတ်ကြောင်း သိရသည်။
ထို့အတူ ပါတီဝင်အရည်အချင်းနှင့်သက်ဆိုင်သည့် ပုဒ်မ (၁၀)ပုဒ်ခွဲ (က)
တွင်လည်း "နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ်
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူဖြစ်ခြင်း" ဆိုသည့်စကားရပ်အစား
"နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း" ဆိုသည့် စကားရပ်ဖြင့်
အစားထိုးပြင်ဆင်ခဲ့သဖြင့် ပါတီဝင်များအနေဖြင့် ယာယီသက်သေခံလက်မှတ် (White
Card) နှင့် ဧည့်နိုင်ငံသားကတ်ကိုင်ဆောင်ထားသူများ နိုင်ငံရေးပါတီများတွင်
ပါဝင်ခွင့်ရရှိတော့မည်မဟုတ်ကြောင်း သိရသည်။
ထို့အပြင်
ယခုဥပဒေမပြဋ္ဌာန်းမီ မူလနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ
တည်ရှိခဲ့သည့် နိုင်ငံရေးပါတီများသည် ဤပြင်ဆင်သည့်ဥပဒေနှင့်အညီ
ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီနှင့် ပါတီဝင်များဖြစ်သည်ဟု
မှတ်ယူရမည်ဖြစ်ကြောင်းနှင့် ယင်းပါတီများကို ဤပြင်ဆင်သည့်ဥပဒေနှင့်အညီ
ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သင့်လျော်သည့်အချိန်ကာလတစ်ခုကို
ကော်မရှင်က ညှိနှိုင်းသတ်မှတ်ပေးရမည်ဖြစ်ကြောင်း အချက်ကိုလည်း
ထပ်မံပြင်ဆင်လိုက်သည့်ဥပဒေတွင် ပုဒ်မ (၂၅) ပုဒ်မခွဲ (က) အဖြစ်
ထည့်သွင်းပြဋ္ဌာန်းထားသည်။
အဆိုပါ ထပ်မံဖြည့်စွက်လိုက်သည့် ပုဒ်မ (၂၅)
ပုဒ်မခွဲ (က) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်
နိုင်ငံရေးပါတီများ ပြင်ဆင်လုပ်ကိုင်နိုင်ရန်
အချိန်ကာလတစ်ခုသတ်မှတ်ပေးရမည်ဖြစ်သော်လည်း နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဦးစွာပြင်ဆင်ပြီးမှသာ
အချိန်ကာလသတ်မှတ်ခြင်းအား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က
ပြောကြားသည်။
"ကျွန်တော်တို့က နည်းဥပဒေပြင်မယ်။
ပြီးရင်ပြန်စိစစ်မယ်။ စိစစ်မယ်ဆိုတော့ဗျာ။ ဥပမာဆိုကြပါစို့ တစ်ပြည်လုံးကို
စည်းရုံးမယ့်ပါတီဆိုရင် အင်အားတစ်ထောင် ကျွန်တော်တို့ဆီပို့ရတယ်။ အလားတူပဲ
တိုင်းဒေသကြီးပြည်နယ်တို့မှာ စည်းရုံးမယ်ဆိုရင် ၅၀၀ တော့တင်ရတယ်။
တင်လိုက်တဲ့အခါမှာ ခုနကပြောသလို ဒီဥပဒေမှာပါတဲ့အတိုင်း ဟုတ်လား မဟုတ်လား
စစ်လိုက်မယ်။ စစ်လိုက်လို့မဟုတ်ဘူး လျော့သွားရင်
ဥပဒေအရအမြန်ပြန်ဖြည့်ပေးရမယ်။ အဲဒီတော့ သူတို့ကို
ကျွန်တော်တို့ကာလတစ်ခုသတ်မှတ်ပေးရမယ်" ဟု ဦးသောင်းလှိုင်ကပြောကြားသည်။
Credit - Eleven Media Group
No comments:
Post a Comment