Friday, October 3, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အစိုးရတပ်အကြား တိုက်ပွဲများ ခုနစ်ကြိမ်ထက်မနည်းဖြစ်ပွား

တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆွေးနွေးပွဲအပြီး ခြောက်ရက်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲ ခုနစ်ကြိမ်ထက်မနည်းပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ထောက်ပြပြောဆိုမှုများ ထွက်ပေါ်နေသည်။

ရန်ကုန်မြို့တွင် ငါးရက်ကြာ ပြုလုပ်ခဲ့သော တပ်မတော်ထိပ် ပိုင်းခေါင်းဆောင်များအပါအဝင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ဆွေး နွေးပွဲနောက်ဆုံးရက် စက်တင် ဘာ ၂၆ ရက်နောက်ပိုင်း အစိုးရ တပ်နှင့်
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ငါးဖွဲ့ကြား တိုက်ပွဲထိ တွေ့မှုများ ပြန်လည်ဖြစ် ပွားနေခြင်းဖြစ်သည်။
အစိုးရပူးပေါင်းတပ်များနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (DKBA)တို့ မြဝတီ၊ ကျိုက်မရောနှင့် ကော့ကရိတ်မြို့နယ်များတွင် စက်တင်ဘာ ၂၆ ရက်မှစတင်၍ လေးရက်ဆက် တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း DKBA မှ ငါးဦးသေဆုံးပြီး အစိုးရတပ်ဘက်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
စက်တင်ဘာ ၂၅ ရက်က လည်း ရှမ်းပြည်နယ်(မြောက်)ပိုင်း ကျောက်မဲမြို့နယ်အတွင်း အစိုးရ တပ်နှင့် ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ကြား တိုက်ပွဲတစ်ကြိမ်ဖြစ်ပွား ခဲ့သည်။ အောက်တိုဘာ ၁ ရက် ကလည်း တာမိုးညဲဒေသအတွင်း အစိုးရတပ်နှင့် ကေအိုင်အေ၊ TNLA၊ MNDAA (ကိုးကန့်)တို့ ပါဝင်သော တပ်ပေါင်းစုတို့ကြား တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့ ကြောင်း Myanmar Peace Monitor စစ်တမ်းတွင်ဖော်ပြ ထားသည်။ အောက်တိုဘာ ၂ရက်တွင် အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ကြား ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲဆက်တိုက်ပြန်လည်ဖြစ် ပွားနေကြောင်း သတင်းရရှိသည်။
ထို့အပြင် ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် အစိုးရ တပ်တို့ စက်တင်ဘာ ၂၇ ရက်နှင့် အောက်တိုဘာ ၁ ရက်တို့တွင် ထိတွေ့မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး KNUမှတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
SSPP/SSA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန် ဆိုင်းက ၎င်းတို့နှင့် ဖြစ်ပွားနေ သော တိုက်ပွဲများသည် အစိုးရ ဘက်မှ လာရောက်တိုက်ခိုက်ခြင်း သာဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် အကျိုးသက်ရောက်မှုရှိနိုင် ကြောင်း ပြောသည်။
‘‘ငြိမ်းချမ်းရေးက ထိခိုက် တာပေါ့ဗျာ’’ဟု ဗိုလ်မှူးကြီးခွန် ဆိုင်းက ပြောသည်။
ပြန်လည် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီ ၏ အနေအထား၊ ခံယူချက်အပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိခြင်း ကြောင့် မှတ်ချက်ပေးရန် ခက်ခဲ သော်လည်း ငြိမ်းချမ်းရေးဆွေး နွေးပွဲအပေါ် အနည်းနှင့်အများ ထိခိုက်နိုင်ကြောင်း ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစောသိန်းအောင်က သုံးသပ်သည်။
‘‘ဆွေးနွေးပွဲအပေါ် နည်း နည်းအနှောင့်အယှက်ဖြစ်နိုင်ပါ တယ်။ နှစ်ဖက်စလုံးက ငြိမ်းချမ်း ရေးကို မဖြစ်ဖြစ်အောင် လုပ်မယ် လို့ ဆန္ဒရှိတယ်ဆိုရင်တော့လည်း ဒါတွေက အသေးအမွှားဖြစ်သွား မှာပါ’’ဟု ဦးစောသိန်းအောင်က ဆိုသည်။
နိုင်ငံရေး ဆောင်းပါးရှင် စည်သူအောင်မြင့်က တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့် အကြောင်းအရာမှာ ဒေသတစ်ခုနှင့်တစ်ခုမတူညီကြောင်းနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားသည့် အဓိကအကြောင်းအရာမှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးပြီးချိန်တွင် နယ်မြေသတ်မှတ်ချက်၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ စသည့်အချက်အလက်များကို သေချာခိုင်မာအောင် မပြုလုပ်ထား၍ဖြစ်ကြောင်း ထောက်ပြသည်။
‘‘အစက လွှတ်ထားပေးပြီးမှ ပြဿနာကြီးထွားလာ၊ တင်းမာ လာမှ အားလုံးဖြေရှင်းတော့ ပြော ရရင် အပ်နဲ့ထွင်းရမယ့်နေရာ ပုဆိန်နဲ့ထွင်းရတာပေါ့’’ဟု စည်သူအောင်မြင့်က ထောက်ပြပြောဆိုသည်။
အစိုးရတပ်နှင့် တိုက်ပွဲထိ တွေ့မှုပြန်လည်ဖြစ်ပွားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအနက် KNU, DKBA, SSPP/SSA တို့မှာ အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထား ပြီး KIAနှင့် PSLF/TNLA မှာမူ အပစ်အခတ်ရပ်စဲရေးလက်မှတ်မရေးထိုးသောအဖွဲ့များဖြစ်သည်။
 
Credit - 7DAY DAILY

 
အစိုးရစစ်တပ်နှင့် DKBA မြ၀တီမြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အာရှလမ်းမတွင် လုံခြုံရေးယူထားသော စစ်ကားတစ်စီး

No comments:

Post a Comment