ရှိန်းဝေနောင်၊ ၀ိုင်းမော်
မြန်မာနိုင်ငံတွင် အစိုးရသစ်
တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ဖွယ်
ကိစ္စရပ်ကြီးများကို ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်း ဆောင်ရွက်ပြီးသည့်အပြင်
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေ တိုးတက်မှုမှာ အလယ်အလတ် အဆင့်သို့ပင်
ရောက်ရှိနေပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက် က ပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ
အထွေထွေ ညီလာခံတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောကြား
လိုက်သည်။
နိုင်ငံခြားရေး ၀န်ကြီး၏ အဆိုပါ ပြောကြားချက်များတွင်
ပါရှိသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေ အနေများ၊ မြန်မာ့
လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ
ဆိုသည်တို့မှာ မည်သည့် အချက်အလက်များအပေါ် အခြေခံ ပြောကြားသည်ကိုမူ
ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။
ထို့ပြင် နိုင်ငံခြားရေး
ဝန်ကြီး၏ ပြောကြားချက်များနှင့် ပတ်သက်၍ ပကတိလက်ရှိ အခြေအနေများနှင့်
ဆန့်ကျင်လျက် ရှိပြီး ယခုတိုင် လူ့အခွင့်အရေး ချိုးဖောက်မှုများ
ရှိနေကြောင်း ပြည်တွင်း အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက
ဝေဖန်လျက်ရှိရာ အဆိုပါ ဝေဖန်ပြောကြား မှုကို မြန်မာသံတော်ဆင့်မှ စုစည်း
ဖော်ပြ လိုက်ပါသည်။
ရှိန်းဝေနောင်၊ ၀ိုင်းမော်
● ကိုပြုံးချို (လူ့အခွင့်အရေးတာဝန်ခံ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)
လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့အတွက် လက်တွေ့ ကျကျ ဖော်ဆောင်ဖို့
လိုအပ်တယ်။ နိုင်ငံသား အခွင့် အရေးတွေ အာမခံချက် ရှိဖို့လိုတယ်။ ကိုယ်လိုက်
ပါ ဆောင်ရွက် ထားတဲ့ နိုင်ငံ တကာ စံနှုန်းတွေကို ပြည့်မီေ အာင် ဆောင်ရွက်
ရမှာ ဖြစ်သလို ဒီ့ထက်ပိုပြီးတော့ လည်း တိုးမြှင့်ဖို့ လိုအပ်တယ်။ နိုင်ငံ
မှာ မြေယာ သိမ်း ဆည်းမှုတွေ၊ ဆန္ဒဖော် ထုတ်မှုတွေ၊ တခြားကိစ္စတွေ မှာ
ပြေလည်အောင် ဖြေရှင်းရမှာတွေ ရှိသလို လူ့အခွင့် အရေးကို ကာကွယ်
မြှင့်တင်နိုင်အောင်လည်း တကယ်သက်ဝင် ယုံကြည်ဖို့ လိုတယ်။ တကယ့် လက်တွေ့မှာ
နိုင်ငံသားတွေဟာ သူတို့ရဲ့ အခွင့် အရေးတွေ မဆုံးရှုံးအောင် ကိုယ်တိုင်
ရုန်းကန် ရင်ဆိုင်နေရတုန်းပဲ ဆိုတာကို တွေ့နေရတယ်။
● ကိုအောင်မျိုးမင်း (Equality Myanmar အဖွဲ့)
အရင်စစ်အစိုးရရဲ့ အနေအထားနဲ့ ပတ်သက်လာလို့ရှိရင် ကျွန်တော်တို့
တိုင်းပြည်မှာက အချို့သော တိုးတက်မှုတော့ ကျွန်တော်တို့ ကြားနေရပါတယ်ခင်ဗျ။
ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်က လူ့အခွင့်အရေး အခြေအနေမှာ အရင်တုန်းက
အရမ်းဆိုးရွားတဲ့ အရာတွေ ဖြစ်တဲ့အတွက် အခုလိုမျိုး နည်းနည်း တိုးတက်
လာခြင်းက တချို့က မျှော်လင့်ချက် ကြီးကြီး ထားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ
စံချိန်စံညွှန်းနဲ့ ညီဖို့အတွက် အခုလို တိုးတက်မှုတွေက ကျွန်တော်တို့
စံမမီသေးပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့သော တိုးတက်မှုတွေ ရှိလာတယ်
ပြောပေမယ့် ဒီတိုးတက်မှုတွေ တိုးတက်မှုတိုင်းမှာ သုံးသပ်စရာတွေ၊ မေးခွန်း
ထုတ်စရာတွေ ဖြစ်နေပါတယ်။ ဥပမာတစ်ခုအနေနဲ့ ပြောမယ် ဆိုရင် နိုင်ငံရေး
အကျဉ်းသားတွေ ပြန်လွှတ် တယ် လို့ ပြောပေ မယ့် နောက်ထပ် နိုင်ငံရေး
အကျဉ်းသားလို့ အမည်ခံလို့ရသော တောင်သူ လယ်သမားများ၊ အလုပ် သမားများ၊
ကျောင်းသားများက ထောင်ထဲမှာ အခုထက်ထိ ပြန်ပြီးတော့ ရှိနေတုန်းပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ယုံကြည်ချက်ကြောင့် ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ရင်းနဲ့ ဒီလိုမျိုး နည်းအမျိုးမျိုးနဲ့ ဖမ်းခံမှုရှိခြင်းကိုက
ကျွန်တော်တို့ တိုင်းပြည်မှာ ကိုယ့်ရဲ့နိုင်ငံရေး လှုပ်ရှားမှုအတွက်
လွတ်လပ်မှု မရှိဘူးဆိုတဲ့ အခြေအနေ ရှိနေတယ်။ တစ်ဖက်မှာ ကျွန်တော်တို့အနေနဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လူ့အခွင့်အရေးတွေ ရှိတယ်လို့ ပြောပေမယ့်
ဒီလူ့အခွင့်အရေးတွေ ကိုကျင့်သုံးတဲ့ အရာတွေကို ဖိနှိပ်မှုတွေ ရှိနေသလို
ချိုးဖောက်တဲ့ သူတွေကို အရေးယူမှုတွေ အားနည်းနေပါတယ်။ ဒါကြောင့်မို့လို့
တောင်သူ လယ်သမားများစွာက သူတို့ရဲ့ လယ်ယာမြေ အတွက် တိုက်ပွဲဝင်နေရတဲ့
အရာမျိုးတွေ ဖြစ်နေတယ်။ သိမ်းပိုက်ခံ လယ်မြေတွေ အခုချိန်ထိ ပြန်ရသေးတာ
မရှိခြင်းက လူ့အခွင့်အရေးတွေက တိုးတက်လာတယ်လို့ ပြောပေမယ့် တကယ်တမ်း
အပြည့်အ၀ မရသေးဘူးဆို တာ ဖော်ပြနေပါတယ်။
နောက်တစ်ခုက တချို့နေ ရာတွေ
ဆိုလို့ရှိရင် လူ့အခွင့်အရေးက ပုံစံတစ်မျိုးနဲ့ ပြောင်းလဲတယ် လို့တောင်
ပြောလို့ရပါတယ်။ အရင်တုန်းက အစိုးရရဲ့ တိုက်ရိုက်ဖိနှိပ်မှုတွေ ရှိနေပေမယ့်
အခုဆိုလို့ရှိရင် ပြည်သူ လူထု ရပ်ကွက်တွေ၊ ရပ်ရွာတွေကြားထဲမှာ အမုန်းတရား
ဟောပြောမှုတွေ ရှိနေပြီးတော့ အဲဒီကမှ တစ်ဆင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ
ဖြစ်အောင် လှုံ့ဆော်နေတဲ့ လုပ်ငန်းတွေ ရှိနေခြင်းက ပြည်သူလူထု
မလုံခြုံပါဘူး။ ပြည်သူလူထု လုံခြုံမှုမရှိခြင်းက ဘယ်လိုမှ လူ့အခွင့်အရေး
ခံစားရတယ်လို့ ပြောလို့မရပါဘူး။ တစ်ဆက်တည်း မှာပဲ သဘာဝ ပတ်ဝန်းကျင်တွေကို
လက်ညှိုးထိုး ရောင်းစားပြီးတော့ ကုမ္ပဏီတွေကနေ လုပ်ဆောင်တယ်။
အဲဒီကုမ္ပဏီတွေရဲ့ နောက်ကွယ် မှာ ဒေသခံ ပြည်သူတွေရဲ့ လူ့အခွင့်အရေး
ဆုံးရှုံးမှုတွေက သက်သေ သာဓက အများကြီးဖြစ်ပါတယ်။
● ဦးအောင်ဇော်ဦး (ဘုတ်အဖွဲ့ဝင်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများအဖွဲ့)
လွတ်လပ်ခွင့် ဆိုတာက သူတို့က အခြေခံ လွတ်လပ်ခွင့် ပေးပေမယ့်လည်း
အတိုင်းအတာထိက ချုပ်ချယ် ထားသေးတယ်။ လုံးလုံးလျားလျား လွတ်လပ်ခွင့်
ဆိုတာတော့ ဘာမှတော့ မရှိပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ချိုးဖောက်မှုတွေ
အများကြီးရှိတယ်။ စီးပွားရေး အခွင့်အလမ်းတွေ ပေးသယောင်ယောင် ရှိပေမယ့်
တစ်ဖက်ကို ပြန်ကြည့်လိုက်ရင် အများကြီး ဆုံးရှုံးနေတာ တွေ့ရလိမ့်မယ်။ အဓိက
အားဖြင့် မီဒီယာ လွတ်လပ်ခွင့်၊ မီဒီယာ သမားတွေရဲ့ နှိမ့်ချခံရမှုအပေါ်မှာလည်း
လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်လို့ ကျွန်တော်တို့က ယုံကြည် တယ်။
ဘာသာရေး လွတ်လပ်ခွင့်တွေ ဆုံးရှုံးနေတာလည်း လူ့အခွင့်အရေး တစ်ရပ်
ဆုံးရှုံးတာလို့ မြင်တယ်။ နောက်ပြီးတော့ အစိုးရပိုင်းထဲမှာ
အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေ လုပ်ရမယ့်
နေရာမှာ နှောင့်နှေးနေတာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ရပ်လို့
မြင်တယ်။ အဓိကကတော့ ဖွဲ့စည်းပုံ မပြင်တာတွေ၊ ဘာသာရေး လွတ်လပ်ခွင့်တွေ၊
သတင်းမီဒီယာကို ဖမ်းဆီးတာတွေ၊ ငြိမ်းချမ်းရေးကို မဖော်ဆောင် နိုင်တာတွေ။
ကျွန်တော်တို့ဆီမှာက ပေးသယောင်ယောင် ရှိပေမယ့် လက်တွေ့မှာက အာမခံချက်
ပေးမထားဘူး။
● ကိုစာဂျီ (ဒုတိယတာဝန်ခံ၊ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်)
လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ချိုးဖောက်ခံရသူတွေအတွက်
ပြန်လည်ကုစားဖို့ အပိုင်းကို မတွေ့သေးဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး
တိုးတက်နေပြီဆိုရင် ဘယ်အတိုင်းအတာကို တိုင်းတာပြီးမှ ပြောတယ်
ဆိုတဲ့အပိုင်းမှာ မေးခွန်းထုတ်စရာ ဖြစ်တာပေါ့။
အောက်ခြေလူထုကို ဘာမှ
ဖြေရှင်းပေးတဲ့ အပိုင်းက ခုထိ မတွေ့ရသေးဘူး။ မဟုတ်မမှန်ဘဲ တရားစွဲဆိုတာတွေ
ရှိတယ်။ ဖောက်ခွဲမှုဖြစ်ရင် လိမ်လည်ပြီး ထောင်ဒဏ်နှစ်ရှည်တွေ ချတယ်။
သာမန်စစ်ပြေး ဒုက္ခသည်တွေကို လူ့အခွင့်အရေး ချိုးဖောက်တာရှိတယ်။ နောက်
လိင်တူဆက်ဆံ ခိုင်းတာတွေရှိတယ်။ မင်းမိန်းမကို ဘယ်လို ဆက်ဆံသလဲ၊
အဲဒီအတိုင်း လက်တွေ့ လုပ်ပြပါဆိုတာ တွေပေါ့။ နာကျင်စွာ နှိပ်စက်တာတွေ
ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာ အများကြီးရှိပေမယ့်
ချိုးဖောက်တဲ့ လူကို ပြန်ပြီးမှ အရေးယူတဲ့ ဟာလည်း မရှိဘူး။
အပြစ်မဲ့ပြည်သူကို ပြစ်ဒဏ် ချမှတ်တာတွေက အင်မတန်ဆိုးရွားတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုပေါ့။ တစ်ဖက်မှာ ချိုးဖောက်တဲ့သူကို ပြန်ပြီးတော့
အရေးယူတဲ့အပိုင်းက တိုးတက်မှုကို မရှိတာ။
● ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)
တချို့နေရာမှာတော့ တိုးတက်လာတာ ရှိပါတယ်။ မတိုးတက်သေး ဘဲနဲ့ လူ့အခွင့်အရေး
ချိုးဖောက်ခံနေ ရတဲ့ ပြည်သူတွေက အများစု ဖြစ်နေပါတယ်။ အထူးသဖြင့်
လယ်သမားတွေပေါ့။ လယ်သမားတွေဆိုရင် အမှုရင် ဆိုင်နေရတာပဲ (၁၀၀၀)ကျော် ရှိတယ်။
ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေကလည်း အများကြီး ဖြစ်နေပါတယ်။
လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့
သူတွေကို အရေးယူမယ့် ယန္တရားတစ်ခု လိုအပ်ပါတယ်။ လူ့အခွင့်အရေး
ချိုးဖောက်တဲ့သူတွေကို အရေးယူနိုင်ခြင်း မရှိတဲ့အတွက် ပြည်သူတွေ က
ပိုပြီးတော့ အကာအကွယ် ကင်းမဲ့နေပါတယ်။ ဒီလူတွေ ကို ပြန်ပြီးတော့ တရားစွဲ
နိုင်တဲ့ တည်ဆဲဥပဒေအရ အရေးယူနိုင်တဲ့ ယန္တရား တစ်ခုခု သေချာရှိဖို့
လိုပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လူထု အခြေပြု လူ့အဖွဲ့အစည်းတွေ
အရင်ထက်စာရင် ပိုမို လုပ်ခွင့်ကိုင်ခွင့် ပေးလာတယ်။ ဒီလို အနေအထားမှာ
တိုးတက် လာတာတွေ တွေ့နိုင်ပါတယ်။ ဒါက တကယ်တော့ တိုးတက်တဲ့ ခြေလှမ်း
တစ်ခုတော့ မဟုတ်ဘူး။ တကယ် တရားဥပဒေ စိုးမိုးမှု အားနည်းတယ် ဆိုရင်
ပြည်သူတွေကို တကယ် အကာအကွယ် ပေးမယ့် လူ့အခွင့်အရေး အားနည်းနိုင်တယ်။
● စောအဲလ်ဘတ် (ကရင် လူ့အခွင့်အရေးအဖွဲ့ တာဝန်ခံ)
တကယ်ပြောရမယ် ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုက ပုံစံအမျိုးမျိုးနဲ့
ရှိပါတယ်။ ဥပမာ ၂၀၁၂ ပြီးတဲ့ နောက်ပိုင်း ကေအန်ယူနဲ့ အစိုးရအဖွဲ့တွေက ပထမ
အပစ်အခတ် ရပ်ဆိုင်းပြီးတဲ့ နောက်ပိုင်း မှာ တွေ့ရတာ ကတော့ ရွာသားတွေကို
အကြမ်းဖက် တိုက်ခိုက်တာတို့၊ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးတာတို့
အဲလိုမျိုး လူ့အခွင့် အရေး ချိုးဖောက်တာတွေတော့ မရှိတော့ဘူး။ ပုံစံအသစ်နဲ့
ပေါ်လာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ရှိတယ်။ အပစ်အခတ် ရပ်ပြီးတဲ့
နောက်ပိုင်း ကျွန်တော်တို့နယ် အတွင်းမှာ Diplomat ပရောဂျက်တွေ ၀င်လာတာ
များတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်ပေါ်လာတယ်။
ဥပမာ
မြေသိမ်းယာသိမ်းတွေ တွေ့လာရတယ်။ ဟိုးအရင်က တစ်စတစ်စ ဖြစ်လာတာတွေက မူးယစ်
ဆေးဝါးတွေ ပိုများလာတယ်။ မြေမြှုပ်မိုင်းတွေက စစ်ပွဲကာလ အတွင်းမှာ
ထောင်ထားတဲ့မြေမြှုပ် မိုင်းတွေ ရှိသလို တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု
မရှိသေးတဲ့နေရာမှာ မြေမြှုပ်မိုင်းတွေက ဆက်လက် ရှိနေတယ်။ လူ့အခွင့်အရေး
ချိုးဖောက်မှု တိုးတက်တာလို့ ပြောလို့ရမလား ဆိုရင်တော့ ဆိုးရွားစွာ
ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု နည်းလာတယ်။ ကျွန်တော်တို့
တွေ့ရတာက စားဝတ်နေရေးဘက်မှာ ပိုပြီး တိုက်ခိုက်တာတွေ များလာတယ်။ ရွာသားတွေ
ပြောပြချက်အရ ဆိုရင် အရင်တုန်းက သူတို့ပြေးနေရတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့်
ပြေးနေရတယ်။ အခုကျတော့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေကြောင့် ဆက်ပြီးတော့
ပြေးနေရတယ်။ ဥပမာ ဆိုရင် ရေလှောင်တမံပေါ့။ သူတို့ရဲ့ လယ်ယာမြေ
မြုပ်သွားတယ်။ အဲတော့ သူတို့လည်း ရွှေ့ရတယ်။ ဒါပေမယ့် ပြေးတဲ့
ပုံစံချင်းကတော့ မတူဘူးပေါ့။ တိုးတက်တယ်လို့ ပြောလို့မရဘူးခင်ဗျ။ လူ့အခွင့်
အရေး ချိုးဖောက်မှုက ပုံစံပြောင်းသွားတာပဲ ရှိတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment