Wednesday, October 1, 2014

ရွေးကောက်ပွဲစနစ် ခုနစ်မျိုးပါ အစီရင်ခံစာ အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် သူရဦးရွှေမန်း ပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၃၀
မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲ စနစ်တစ်ခု ပေါ်ထွက်လာစေရေးအတွက် ရွေးကောက်ပွဲစနစ် ခုနစ်မျိုးပါ အစီရင်ခံစာကို အောက်တိုဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ရွေးကောက်ပွဲစနစ်များ လေ့လာသုံးသပ်ရေး ကော်မရှင်သို့ ညွန်ကြားလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ယင်းကော်မရှင်က မြန်မာနိုင်ငံနှင့် ကိုက်ညီသော ရွေးကောက်ပွဲစနစ်သုံးခု ရွေးချယ်တင်ပြခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်များ ပိုမိုရွေးချယ်နိုင်စေရန်အတွက် ရွေးကောက်ပွဲစနစ် ခုနစ်မျိုး တင်ပြရန် သူရဦးရွှေမန်းက ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို ယင်းသို့ အသိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းကော်မရှင်က လက်ရှိ ကျင့်သုံးနေသော နိုင်သူအကုန်ယူစနစ်၊ အချိုးကျ ကိုယ်စားပြု PR စနစ်နှင့် ယင်းစနစ် နှစ်ခုကို ပေါင်းစည်းထားသော စနစ်တို့ကို တင်ပြခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းဦးက The Voice သို့ ပြောကြားသည်။
ပြည်သူ့လွှတ်တော်တွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသော ရွေးကောက်ပွဲ စနစ်တစ်ခု သို့မဟုတ် PR စနစ်ကို ကျင့်သုံးနိုင်ရန်အတွက် ပုဇွန်တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က ဒသမအကြိမ် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ တင်သွင်းမှု များကြောင့် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို စက်တင်ဘာ ၂၉ ရက်က ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူအချို့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Credit - The Voice Weekly

No comments:

Post a Comment