Friday, October 3, 2014

ယူနတီသတင်းဂျာနယ် စီအီအိုနှင့် သတင်းထောက်လေးဦး၏ အယူခံတွင် အများပြည်သူ မျှော်လင့်သလို မဟုတ်ဘဲ

ယူနတီသတင်းဂျာနယ် စီအီအိုနှင့် သတင်းထောက်လေးဦး၏ အယူခံတွင် အများပြည်သူ မျှော်လင့်သလို မဟုတ်ဘဲ ထောင်ဒဏ် ၁၀ နှစ်အား သုံးနှစ်သာ လျှော့ချပေးခဲ့
မြန်မာနိုင်ငံသမိုင်းတွင် သတင်းထောက်များအပေါ် အကြီးလေးဆုံးပြစ်ဒဏ် ချမှုဖြစ်သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိ လျှို့ဝှက်ဓာတုလက်နက် စက်ရုံအကြောင်း သတင်းရေးသား ဖော်ပြမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံနေရသော ယူနတီသတင်းဂျာနယ် စီအီးအိုနှင့် သတင်းထောက်လေးဦးတို့၏ အယူခံတွင် အများပြည်သူ မျှော်လင့်ထားသလို ပြစ်ဒဏ်လျှော့ချခဲ့ခြင်းမရှိဘဲ မူလပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၁၀ နှစ်အစား ခုနစ်နှစ်သို့ ပြောင်းလဲကျခံစေရန်
မကွေးတိုင်းတရားလွှတ်တော်မှ အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက ပြင်ဆင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းရေးသား ဖော်ပြမှုကြောင့် ယူနတီသတင်းဂျာနယ် စီအီးအိုနှင့် သတင်းထောက်လေးဦးတို့ကို ပခုက္ကူခရိုင်တရားသူကြီး ဦးမောင်မောင်ဋ္ဌေးမှ နိုင်ငံတော်လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ ၃(၁) (က)ဖြင့် ဇူလိုင် ၁၀ ရက်က ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမှုကို အယူခံဝင်ရန် ဇူလိုင် ၂၁ ရက်က၂၀၁၄ ခုနှစ် ပြစ်မှုဆိုင်ရာ အယူခံမှုအမှတ် ၅၈/၂၀၁၄၊ ၅၉/၂၀၁၄ တို့ဖြင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့ပြီး သြဂုတ်၂၈ ရက်က မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးမြင့်သိန်းထံ နှစ်ဖက်ရှေ့နေများမှ အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ယခုကဲ့သို့ အမိန့်ချခဲ့ခြင်းဖြစ်သည်။
ယူနတီသတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနှင့် သတင်းထောက်လေးဦးအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြည်တွင်းပြည်ပ ဂျာနယ်လစ် အဖွဲ့အစည်းများက တောင်းဆိုနေသည့်ကြားမှ ယခုကဲသို့ ပြစ်ဒဏ်အနည်းငယ်ကိုသာ လျှော့ချပေးခဲ့ခြင်းဖြစ်ပြီး ပြစ်ဒဏ်ချမှတ် ခံထားရသူများနှင့် မိသားစုဝင်များက ယခုအမိန့်အပေါ် နောက်တစ်ဆင့် ဆက်လက်အယူခံဝင်ရန် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
“နဂိုကတည်းက အပြစ်မရှိတာကြောင့် ထောင်ဒဏ်သုံးနှစ်ပဲ လျော့ပေါ့ပေးတာကို ၀မ်းမသာနိုင်ပါဘူး။ ကျွန်မတို့က ကွင်းလုံးကျွတ်လွတ်ဖို့ပဲ မျှော်လင့်ထားတာပါ။ ဒါကြောင့် ရှေ့နေတွေနဲ့တိုင်ပင်ပြီး ဗဟိုတရားရုံးအထိ ဆက်တက်သွားမှာပါ။ ဒီအမိန့်ချတဲ့ အခြေအနေကို ကာယကံရှင်တွေကိုပြောပြဖို့ ပခုက္ကူထောင်ကို အခုပဲသွားမှာပါ” ဟု ထောင်ဒဏ်ကျခံနေရသော သတင်းထောက် ကိုလူမော်နိုင်၏ အမျိုးသမီးက ဆိုသည်။
ယူနတီသတင်းဂျာနယ် သတင်းထောက်များအတွက် အခမဲ့လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေဦးရောဘတ်စန်းအောင်မှ “နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ်ကျခံနေရတဲ့ သတင်းထောက်တွေအတွက် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမယ် ပြောထားတာရှိတယ်။ ဒါပေမယ့် ဒီအမှုအတွက်ပြစ်ဒဏ်ကို ခုနှစ်နှစ်ဆိုချထားတော့ သတင်းထောက်တွေက နစ်နာမှုကို ခံစားနေရဆဲဖြစ်တာကြောင့် နေပြည်တော် တရားလွှတ်တော်ချုပ်အထိ ဆက်လက်တင်ပြ သွားပါမယ်။ သမ္မတကြီးက ညွှန်ကြားထားပေမယ့် လက်တွေ့မှာ သက်ရောက်မှုမရှိတော့ လမ်းညွှန်ချက်နဲ့ ကွဲလွဲနေတယ်လို့ ခံစားရပါတယ်” ဟု ပြောကြားသည်။
အဆိုပါအမှုမှာ ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတသည့်အပြင် လွတ်လပ်စွာ သတင်းရယူရေးသား ဖော်ပြခွင့်ကို ထိပါးသည်ဟု ပြည်တွင်းပြည်ပ သတင်းအဖွဲ့အစည်းများမှ ရှုတ်ချဝေဖန်မှု အများအပြားရှိခဲ့ပြီး ထောင်ဒဏ်ကျခံ နေရသော သတင်းထောက်များ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မီဒီယာဖိနှိပ်မှု ရပ်တန့်ရေးများအတွက် ၀တ်ပြုဆုတောင်းပွဲများ၊ ဆန္ဒပြပွဲများလည်း အများအပြား ပေါ်ပေါက်ခဲ့သည်။

Credit - Eleven Media Group

No comments:

Post a Comment