ရန်ကုန်၊ အောက်တိုဘာ ၂
ကလေးစစ်သား အသုံးပြုမှု ကာကွယ်တားဆီးရေး
လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း
စက်တင်ဘာ၂၉ ရက်က ပြုလုပ်သည့် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင်
မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည့်
တစ်ရက်ထဲတွင် အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် ကလေးစစ်သား
အသုံးပြုမှု ရှိနေသေးသည့်အတွက် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အရေးယူ
ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ်သွားမည့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာ့တပ်မတော် အနေဖြင့် ကလေးသူငယ်များအား
စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေး လုပ်ငန်းစီမံချက်ကို အကောင်အထည်
ဖော်ရာတွင် အရေးပါသော တိုးတက်မှုများ ရရှိနေပြီ ဖြစ်ကြောင်း၊ မိမိတို့၏
ခိုင်မာသော ကတိက၀တ်ကြောင့် မတော်တဆဖြစ်စေ၊ ရည်ရွယ်ချက်ဖြင့် ဖြစ်စေ
အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းရန် စုဆောင်းခြင်းမျိုး
နောက်ထပ် လုံးဝ မရှိတော့ ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့ခြင်း
ဖြစ်သည်။
ယင်းနေ့တွင်ပင် အမေရိကန် သမ္မတ အိုအားမားက
မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရ သက်တမ်း တစ်လျှောက် အသုံးပြုခဲ့သည့်
ကလေးစစ်သားများကို ယခု ဦးသိန်းစိန်အစိုးရ လက်ထက် တွင် နုတ်ထွက်ခွင့်
ပေးမှုများ တိုးတက်လာသော်လည်း၊ ကလေးစစ်သားများကို နုတ်ထွက်ခွင့် ပြုရာတွင်
သံသယဖြစ်ဖွယ် အခြေအနေများ ရှိနေ သေးသည့်အတွက် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ
အရေးယူ ပိတ်ဆို့မှုများ ဆက်လက် ပြုလုပ်ရန် ဆုံးဖြတ် ခဲ့ခြင်းကြောင်း
ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မြန်မာစစ်တပ်အတွင်း ကလေးစစ်သား အရေအတွက်
မည်မျှရှိသည်ကို သိရှိရန် မလွယ် ကူကြောင်း၊ မြန်မာနိုင်ငံတွင်း
လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင်
ကလေး စစ်သား စုဆောင်းမှု၊ ကလေးများကို စစ်တပ်တွင်း ပေါ်တာ အထမ်းသမားများအဖြစ်
အသုံးပြုမှု၊ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုနေမှုများ ပါဝင်သည်။
လတ်တလောတွင် မြန်မာနိုင်ငံအတွင်း ကလေးစစ်သား အသုံးပြုမှုတွင် မြန်မာ
စစ်တပ်သာမက တိုင်းရင်းသား လက်နက်ကိုင် တပ်များတွင်ပါ ကလေးစစ်သား
အသုံးပြုမှုများ ရှိနေရာ အဆိုပါကိစ္စနှင့် ပတ်သက်၍ ““ကလေး စစ်သား
အသုံးပြုတဲ့ဟာက မြန်မာစစ်တပ် တစ်ခုတည်းမကဘဲ တိုင်းရင်းသား စစ်တပ်တွေမှာလည်း
အသုံးပြု တာတွေရှိတယ်။ အဲဒီလိုမျိုး ကိစ္စတွေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေမှာ
ရှိတဲ့ ကလေးစစ်သားတွေကို ဘယ်လိုမျိုး စစ်တပ်ကနေ ထုတ်နိုင်မလဲ။
အဲဒီကလေးတွေအတွက် ဘယ်လို စီစဉ်ပေးမလဲ ဆိုတဲ့ ဆွေးနွေးချက် တွေက အခုလက်ရှိ
လုပ်နေတဲ့ အပစ်အခတ် ရပ်စဲရေးတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ
လုံးဝမပါဘူး။ အဲဒီတော့ ကလေးစစ်သား အရေးဟာ အဲဒီလို ဆွေးနွေးပွဲတွေမှာ
ပျောက်ဆုံးနေ တဲ့အတွက် အဲဒီလို ကိစ္စတွေမှာ အားနည်းမှုရှိတယ် ဆိုတဲ့
ကိစ္စတွေတော့ ရှိနေပါတယ်”” ဟု ကလေးစစ်သားအရေး ဆောင်ရွက်ခဲ့သူ Equality
Myanmar ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက မြန်မာသံတော်ဆင့် သို့
ပြောသည်။
မြန်မာစစ်တပ်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ
ကလေးစစ်သား အသုံးပြုမှုများ ရှိနေသော်လည်း အသက်အရွယ်နှင့် ရုပ်ရည်ပိုင်းအရ
ခွဲခြားရန်ခက်ခဲသည့် အခြေအနေများ ရှိနေသည့်အတွက် ကလေးစစ်သား အသုံးပြုမှုမှာ
အငြင်းပွားဖွယ် ဖြစ်နေကြောင်း မြန်မာစစ်တပ်တွင် တာဝန် ထမ်းဆောင်နေသည့်
ဗိုလ်ကြီး တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့က
ကလေးစစ်သား (၁၀၉) ဦးကို မြန်မာစစ်တပ်က ပြန်လွှတ် ပေးခဲ့ သည့်အတွက် ကုလသမဂ္ဂက
ချီးမွမ်းခဲ့ပြီး မြန်မာစစ်တပ်နေဖြင့် ၂၀၁၂ ခုနှစ် ဇွန်လက ကလေးစစ်သား
အသုံးပြုမှု ရပ်တန့်ရေးဆိုင်ရာ စာချုပ်တွင် လက်မှတ် ရေးထိုး ခဲ့သည့်
နောက်ပိုင်း ကလေးစစ်သားပေါင်း ၄၇၂ ဦးကို ပြန်လွှတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း
အစိုးရက သတင်းထုတ်ပြန် ထားသည်။
ရှိန်းဝေနောင်
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
No comments:
Post a Comment