Saturday, October 4, 2014

နိုင်ငံရေးခေါင်းဆောင်နှစ်ဦး၏ အကြားတွင် ဆူးကြား၌ ဘူးခါးဖြစ်ခဲ့ရသော

သတင်းစာဆရာကြီး – လှမြင့် (ရန်ကုန်တက္ကသိုလ်)

နယ်ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံကြီးများနှင့် လူမျိုးရေး အဓိကရုဏ်းဖြစ်ရပ်များကို ဂဠုန်ဦးစော ၏ သူရိယ သတင်းစာက အားပေးသွေးထိုးမြှောက်ပင့် လှုံ့ဆော်ရေးသားနေ သည်ဟူ၍ ဒေါက်တာ ဘမော်၏ ညွန့်ပေါင်း အစိုးရက ပုဂ်္ဂိုလ်ရေးဆိုင်ရာ အာဃာတများကြောင့် သူရိယသတင်းစာကို ရက်သတ္တနှစ်ပတ်တိတိ ထုတ်ဝေခွင့် ပိတ်ပင်ခဲ့သည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုလိုနီခေတ်၊ ဗြိတိသျှအစိုးရ၏ အဆင့်ဆင့် တင်းကျပ်စွာချုပ်ကိုင်ထားသော အုပ်ချုပ်ရေးစနစ် ဆိုးတစ်ရပ်ဖြစ် သည့် ဗျူရိုကရေစီခေတ်တွင် ဗြိတိသျှ အစိုးရ၏ အလိုတော်ရိ (သြဇာအာဏာရှိ သူ၏
အကြိုက်ကိုလိုက်၍ ဆောင် ရွက်တတ်သူ) မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဗျူရိုကရက်အာဏာရှင်နှစ်ဦး၏ အာဏာလွန်ပွဲကြား၌ ဆူးကြားမှ ဘူးခါးသဖွယ်ဖြစ်ခဲ့ရသည့် သတင်းစာ ဆရာကြီးတစ်ဦးမှာ အမျိုးသားရေးစိတ် ဓာတ်ခိုင်မာ၍ သတင်း သမားတို့၏ ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော မြန်မာ့သတင်း စာလောကတွင် ထင်ရှားကျော်စော သြဇာ တိက္က မရှိသော သတင်းစာဆရာကြီး ယူပီအိုင်ဦးဘသန်း ဖြစ်သည်။
သတင်းစာဆရာကြီး ဦးဘသန်း (ယူပီအိုင်)သည် ရန်ကုန်ကောလိပ်၌ ၀ိဇ္ဇာပညာကို သင်ကြားနေသော ၁၉၂၀ ပြည့်နှစ်တွင် ဗြိတိသျှအစိုးရ၏ ယူနီဗာစီ တီအက်ဥပဒေ ကို သပိတ်မှောက်သည့် ပထမ အကြိမ် ကောလိပ် ကျောင်းသားသပိတ်ကြီး၌ အမျိုးသားရေးစိတ်ဓာတ်ရှိ သူပီပီနိုးကြား တက်ကြွစွာ ဦးဆောင်ပါဝင် ခဲ့သည်။ ထို့ နောက် ကျွန်ပညာရေးစနစ်ကို မနှစ်သက်သော ကြောင့် ရန်ကုန်တက္ကသိုလ် သို့ ပြန်လည် တက်ရောက်ခြင်း မပြုတော့ဘဲ အထက် မြန်မာနိုင်ငံတွင် တည်ထောင်ဖွင့်လှစ်ခဲ့သည့် စစ်ကိုင်း အမျိုးသားကျောင်း၌ အမျိုး သား ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ အမျိုးသားကျောင်းဆရာဘ၀တွင် အမျိုးသားရေးလှုံ့ဆော်ေ သာ ဆောင်းပါးများကို သူရိယ သတင်းစာကြီး၌ ရေးသားခဲ့သည်။ ထို့နောက်သူရိယ သတင်းစာကြီး တွင် သတင်းထောက် အဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သတင်းထောက်၊ သတင်းအယ်ဒီတာအဖြစ် စစ်ကြိုခေတ်၊ ဒုတိယကမ္ဘာ စစ်ကြီးကာလနှင့် စစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှု ကာလ၁၉၆၄ ခုနှစ်ကာလများအထိ သူရိယသတင်းစာ တိုက်၌ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။…
သတင်းစာဆရာကြီးဦးဘသန်း (ယူပီအိုင်)သည် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်သော သတင်းစာ ကြီး တစ်ဦးဖြစ်သောကြောင့် ကိုလိုနီခေတ်တစ် လျှောက်လုံးတွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ် ပွားချိန်အထိ သူရိယ သတင်းစာကြီး၌ ဗြိတိသျှအစိုးရဆန့်ကျင်ရေး သတင်းများကို ရေးသားလှုံ့ဆော်ခဲ့သည်။ ၁၉၃၈ခုနှစ်တွင် ဗြိတိ သျှနှင့် အမေရိကန်အစိုးရတို့သည် ချန်ကေရှိတ်အစိုးရကို အကူအညီပေးနိုင်ရန်အတွက် တရုတ်မြန်မာ ကား လမ်းမကြီးကို အလျင်အမြန်ဖောက်လုပ်ရန် စီမံဆောင် ရွက်ခဲ့ကြသည်။ ထိုသို့ စီမံဆောင်ရွက်ချက်များကို မြန်မာမျိုး ချစ်ခေါင်းဆောင်ကြီးများ၊ သတင်းစာဆရာကြီးများက တရုတ်မြန်မာ ကားလမ်းမကြီး ဖောက် ခွင့်ပြုခြင်းသည် တရုတ်နိုင်ငံတွင်းသို့ မြန်မာနိုင်ငံတွင်းမှ ဖြတ်သန်း၍ လက်နက်များပေးပို့ခြင်း၏ အန္တရာယ်ကို သိမြင်သောကြောင့် အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ သတင်းစာ ဆရာကြီးဦးဘသန်း (ယူပီအိုင်)သည် သူရိယသတင်းစာတိုက်၏ တာဝန်ပေးချက် အရ တရုတ်နိုင်ငံချုံကင်းမြို့သို့ ခက်ခဲစွာ သွားရောက်ခဲ့ပြီး သတင်း နှင့်ဓာတ်ပုံ များ ထောက်လှမ်း ရယူလျက် သူရိယသတင်းစာကြီး၌ ဖော်ထုတ် တင်ပြရေးသား၍ ဗြိတိသျှ အစိုးရ၏ လုပ်ရပ်ကို အမျိုးသားရေး စိတ်ဖြင့် လုပ်ဆောင်ခဲ့သည်။
၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် ဂျပန်တို့က ဗြိတိသျှအစိုးရကို စစ်ကြေညာပြီး ဗုံးကြဲတိုက်ခိုက် သည့် နေ့မှာပင် ဗြိတိသျှအစိုးရသည် သတင်းစာဆရာကြီး ဦးဘသန်း(ယူပီအိုင်)အား ကာကွယ်ရေးဥပဒေအရ ဂျပန်လိုလားသူအဖြစ်ဖြင့် အင်းစိန်ထောင်၌ ထိန်းသိမ်းခဲ့သည်။ ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ၂၁ရက်နေ့တွင် ဗြိတိသျှတပ်များ မြန်မာပြည်မှ ဆုတ်ခွာသည့်အချိန်တွင်မှ လွတ်မြောက်ခွင့်ရခဲ့သည်။
၁၉၃၆ခုနှစ်တွင် သတင်းစာဆရာ ကြီးဦးဘသန်း(ယူပီအိုင်)သည် နေ့ သတင်း ထောက်နှင့်ညပိုင်းတိုက်ထိုင် အယ်ဒီတာ အဖြစ်ဆောင်ရွက်ချိန်၌ သူရိယသတင်းစာ တိုက်၏ ဒါရိုက်တာအဖွဲ့ဝင်လူကြီး(၉)ဦးရှိ သည့်အနက် ဂဠုန်ဦးစောသည် နံပါတ် (၂)နေရာ၌ရှိခဲ့သည်။ ဂဠုန်ဦးစောသည် ၁၉၃၈ခုနှစ်တွင်မူ သူရိယသတင်းစာ၏ အယ်ဒီတာချုပ်ရာထူးကို ရယူခဲ့သည်။ ၁၉၃၈ခုနှစ်ဝန်းကျင်သည် မြန်မာနိုင်ငံ၌ (၁၃၀၀ပြည့်)နှစ် အရေးတော် ပုံကြီးပေါ် ပေါက်နေချိန်ဖြစ်သည်။ လူမျိုးရေးအဓိက ရုဏ်းများလည်းပေါ်ပေါက် ခဲ့သည်။ ၁၉၃၈ ခုနှစ်ဝန်းကျင် (၁၃၀၀)ပြည့် အရေးတော်ပုံ တွင်ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ၏ နယ် ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံကြီး များနှင့် လူမျိုးရေးအဓိကရုဏ်းဖြစ်ရပ်များကို ဂဠုန် ဦးစော၏ သူရိယသတင်းစာက အားပေး သွေးထိုးမြှောက်ပင့် လှုံ့ဆော်ရေး သားနေသည်ဟူ၍ ဒေါက်တာဘမော်၏ ညွန့်ပေါင်း အစိုးရကပုဂ်္ဂိုလ်ရေးဆိုင်ရာ အာဃာတများ ကြောင့်သူရိယသတင်းစာကို ရက်သတ္တနှစ်ပတ်တိတိ ထုတ်ဝေခွင့် ပိတ်ပင်ခဲ့သည်။ ထိုသို့ပိတ်သည့် ရက်ကျော် လွန်၍ သူရိယသတင်းစာကို ပြန်လည်ထုတ်ဝေလိုလျှင် အာမခံငွေ ကျပ်သုံးထောင်တင်ရမည်ဟု သတ်မှတ်ခဲ့ သည်။
ထိုသို့ သူရိယသတင်းစာတိုက်ကို ပိတ်ပစ်လိုက်ခြင်းနှင့် ပတ်သက်၍ဒေါက်တာ ဘမော်၏ ညွန့်ပေါင်းအစိုးရကို ကန့်ကွက်၍ ဆန္ဒပြအရေးဆိုရန် အတွက် မြန်မာ့အလင်းသတင်းစာတိုက်၏အယ်ဒီတာချုပ် ဦးချစ်မောင် (ဂျာနယ် ကျော်ဦးချစ်မောင်)သည် ရန်ကုန်မြို့သတင်းစာတိုက် ပေါင်းစုံ၏ သတင်းစာဆရာများအရေး ပေါ်အစည်း အဝေး တစ်ရပ်ကို မြန်မာ့အလင်း သတင်း စာတိုက်၏ အပေါ်ထပ်တွင် ကျင်းပခဲ့သည်။ ထိုအစည်းအဝေးကြီးတွင် သူရိ ယသတင်းစာကြီးကို ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရ က ပြန်လည်ထုတ်ဝေခွင့်ပြုရန် နှင့်သူရိယသတင်း စာကို ပိတ်လိုက်ခြင်းအတွက် ၀မ်းနည်းကြောင်း ဆုံးဖြတ်၍ မြန်မာ့ အလင်းနှင့် မြန်မာ့သတင်းစာ အားလုံးသည် သုံးရက်တိတိ သတင်းစာထုတ် ဝေမှုပိတ်၍ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
ထိုကြောင့် ညွန့်ပေါင်းအစိုးရအဖွဲ့၏ ခေါင်းဆောင် ဒေါက်တာဘမော်သည် သတင်းစာဆရာများနှင့် တွေ့ဆုံ ရှင်းလင်း ပွဲသတင်းစာ ကွန့်ဖရင့်ကို အတွင်းဝန်ရုံးရှိ ဒေါက်တာဘမော်၏ ရုံးခန်း၌ ပြုလုပ်ကျင်း ပခဲ့သည်။ ယင်းသတင်းစာဆရာများနှင့် တွေ့ဆုံရှင်းလင်းပွဲ (သတင်းစာကွန်ဖရင့်) သည် မြန်မာနိုင်ငံသတင်းစာ သမိုင်း တွင် ပထမဦးဆုံးသော အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲဖြစ်သည်ဟု သမိုင်းဝိသေသပြု ခဲ့ကြသည်။ ယင်း သတင်းစာ ရှင်းလင်းပွဲ (သတင်းစာကွန်ဖရင့်)သို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်ပေါင်းစုံမှ တာဝန်ခံ အယ်ဒီ တာများ အယ်ဒီတာချုပ်များ တက် ရောက်ခဲ့ကြသည်။ သို့သော် သူရိယ သတင်းစာတိုက်၏ တာဝန်ခံ အယ်ဒီ တာ (အယ်ဒီတာချုပ်) ဂဠုန်ဦးစောသည် ကိုယ် တိုင်မတက်ရောက်ခဲ့ဘဲ သူ၏ကိုယ်စား အဖြစ်ညအယ်ဒီတာ တစ်ဦးဖြစ်သူ သတင်း စာဆရာကြီးဦးဘသန်း(ယူပီအိုင်)ကို တက်ရောက်ခဲ့သည်။
ထိုအချိန်က သတင်းစာဆရာကြီး ဦးဘသန်း (ယူပီအိုင်)သည် နေ့ သတင်း ထောက်နှင့် ညတိုက်ထိုင်အယ်ဒီတာ တာ ၀န်ထမ်းဆောင်နေ ချိန် ဖြစ်သည်။ နေ့သတင်းထောက်အဖြစ်ဖြင့် တစ်နေ့တာ ပတ်လုံး ရန်ကုန်မြို့တွင်းသို့ သတင်းယူ၊ တိုက်သို့ပြန်လာသတင်းရေးနှင့် ပြေးလိုက် လွှားလိုက်၊ ၀င်လိုက် ထွက်လိုက်နှင့်လုပ် ကိုင်ရသော ကြောင့် သွားလာရေးအဆင် ပြေစေရန် ရှပ်အင်္ကျီလက်တိုနှင့်ကာကီ ဘောင်းဘီ တိုကိုသာ အမြဲဝတ်ဆင်လေ့ရှိ သည်။ ထို့ကြောင့် သူရိယသတင်းစာတိုက်၏ တာဝန်ခံအယ်ဒီတာ (အယ်ဒီတာချုပ်)ဂဠုန်ဦးစော က သူ၏ ကိုယ် စား သတင်းစာရှင်းလင်းပွဲသို့ ချက်ချင်းတက် ရောက်ရန် တာဝန်ပေးသောကြောင့် သတင်းစာ ဆရာကြီး ဦးဘ သန်း (ယူပီအိုင်)သည် ရှပ်အင်္ကျီလက်တို၊ ကာကီဘောင်း ဘီတိုဖြင့်ပင် သတင်းစာကွန်ဖရင့်ပြုလုပ် သည့် အတွင်းဝန်ရုံးသို့ အချိန်မီသွား ရောက်ခဲ့သည်။
ဒေါက်တာဘမော်၏ အတွင်းဝန်ရုံး ရုံးခန်း၌ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲသို့ဒေါက်တာ ဘမော်၊ ပြည်ထဲ ရေး ၀န်ကြီးချုပ် ဆာပေါ်ထွန်းနှင့် အခြား သတင်းစာတိုက်များမှ တာဝန်ခံအယ်ဒီတာ (အယ်ဒီတာချုပ်)ကြီး များသည် သက္ကလပ်တိုက်ပုံ အင်္ကျီဗန်ကောက်လုံချည်တို့ဖြင့် ထည်ထည်ဝါ၀ါ ၀တ်ဆင်တက်ရောက်ခဲ့ ကြ သည်။ ထိုသတင်းစာရှင်းလင်းပွဲသို့ ရှပ် အင်္ကျီလက်တို၊ ကာကီဘောင်းဘီတိုဖြင့် တက်ရောက်ခဲ့သော သူရိယ သတင်းစာ ညထိုင်အယ်ဒီတာဦးဘသန်း(ယူပီအိုင်) ၏ ၀တ်စားဆင်ယင်မှု ကို ပြည်ထဲရေးဝန်ကြီး ချုပ်ဆာပေါ် ထွန်းက မနှစ်မြို့သောအကြည့်ဖြင့် ကြည့်ရှုခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးချုပ် ဆာပေါ်ထွန်းက-
၁၉၃၈ခုနှစ် သြဂုတ်လအတွင်းကျင်းပခဲ့သော အောက်လွှတ်တော်အစည်း အဝေးတွင် သူရိယသတင်းစာကြီး၏ တာ ၀န်ခံအယ်ဒီတာ (အယ်ဒီတာချုပ်) လည်း ဖြစ်သော၊ မျိုးချစ်ပါတီ၏ခေါင်းဆောင် လည်း ဖြစ်သော၊ မင်းတိုင် ပင်အမတ်လည်း ဖြစ်သောဦးစော(ဂဠုန်ဦးစော)သည် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရအပေါ် အယုံ အကြည်မရှိ အဆိုတင်သွင်းခဲ့ကြောင်း၊ ၁၉၃၈ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးအဓိက ရုဏ်းကိစ္စတစ် ရပ် သည် သူရိယ သတင်းစာကြီး၏ မြှောက်ထိုးပင့်ကော်လုပ် သွေးထိုး လှုံ့ဆော်ပေးသောကြောင့် ဖြစ်ပေါ်ရခြင်းဖြစ် ကြောင်း၊ ယခုသတင်းစာ ရှင်းလင်းပွဲကိုလည်း ဦးစောကိုယ်တိုင် မတက်ရောက်ခဲ့ဘဲ သူ၏လက်ပါးစေတစ် ဦးကို စေလွှတ်ခဲ့ကြောင်း၊ ဦးစော၏ ကိုယ်စားတက်ရောက်လာသော အယ်ဒီတာသည်လည်း နန်းရင်း ၀န်ကြီး ဒေါက်တာ ဘမော်၏ ဂုဏ်သိက္ခာကိုမငဲ့ ကွက်မလေးစားဘဲ ကာကီဘောင်းဘီတို၊ အင်္ကျီတိုဖြင့် ၀တ်ဆင် တက်ရောက်ခဲ့ကြောင်း မကျေမ နပ်ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုခဲ့မှုကို ဦးစောက ဆာပေါ်ထွန်းအား မည် သို့မျှ ပြန်လှန်ချေပပြောဆိုခြင်း မပြုခဲ့ပေ။ ညွန့် ပေါင်းအစိုးရ၏ ပြည်ထဲရေး ၀န်ကြီးချုပ် ဆာပေါ်ထွန်း၏ ပြောပြ ချက်များကိုမူ လွှတ်တော်အစီရင်ခံ စာနှင့် မှတ်တမ်းတင်ဖော် ပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ သတင်း စာဆရာကြီး ဦးဘသန်း(ယူပီအိုင်) ကိုယ်တိုင်သူ၏ရင်းနှီးသောသတင်းစာ ဆရာကြီး အချို့ဖြစ်သော သတင်းစာ ဆရာကြီး လူထု ဦးလှနှင့်ဦးကြည်ညွန့် (ချစ်ကြည်ရေးကြည်ညွန့်)(မြန်မာ့အလင်း သတင်းစာနေ့ တာဝန်ခံ အယ်ဒီတာ) တို့ကို ပြန်လည်ရင်ဖွင့်ပြော ဆိုခဲ့မှုကို စာရေးသူသည် ဤသို့ ရင်နာစွာ ကြားနာမှတ်သားခဲ့ရပါ သည်။
အဲဒီအချိန်တုန်းက ၁၉၃၈ခုနှစ် ကျုပ်ရဲ့လခက လစာရင်းတစ်လ ၄၅ကျပ်ပဲရ တယ်။ ညဘက်မှာ တိုက်ထိုင် အယ်ဒီတာအဖြစ် အလုပ်ဆင်းပေးရ တဲ့အတွက် ငွေ ၂၀ ကျပ်ထပ်ပေးတယ်။ အားလုံးပေါင်း လိုက်ရင် ၆၅ ကျပ်ပဲရတယ်။ အဲဒီရတဲ့လခနဲ့ ဘယ်လိုလုပ်ပြီး ခန့်ခန့်ညားညားအမြဲ ၀တ်ဆင်နေနိုင်ပါ့မလဲဗျာ။ ပြီးတော့ အပြင် ကို ပြေးလိုက်လွှားလိုက်သတင်း စာတိုက်မှာလည်း စာစီခန်းနဲ့စက်ခန်းထဲကို ၀င်လိုက်ထွက်လိုက်နဲ့ ဆိုတော့ ဘောင်းဘီတို၊ အင်္ကျီတိုနဲ့သာ သင့်တော်ပေတော့ မပေါ့။ ဒေါက်တာဘမော်ရဲ့ သတင်းစာ ကွန်ဖရင့် ကို ကျုပ်က ဘောင်းဘီတို၊ အင်္ကျီတိုဝတ်ပြီး တက်သွားတော့ ဆာပေါ်ထွန်းက ကျုပ်ကို နှာခေါင်းရှုံ့ပြီး မနှစ်မြို့တဲ့အကြည့်နဲ့ ကြည့် နေတယ်။ နန်းရင်းဝန်ကြီး ဒေါက်တာ ဘမော်ကတော့ ဘယ်လိုမှ ဖြစ်မနေပါဘူး။ အဲဒီ ဘောင်းဘီတို အင်္ကျီတို ပြဿနာက အဲဒီမှာတင် မပြီးသေးဘူး။ လွှတ်တော်ထဲ အထိ တောင်ရောက်သွားခဲ့ပြီး လွှတ်တော် မှတ်တမ်းထဲမှာတောင်ပါ သွားခဲ့သေး တယ်လေ။ ဒါပေမဲ့ ကျုပ်နာမည်တော့ ဖော်ပြမထားပါဘူး။
ကျမ်းကိုး
၁။ သတင်းစာဆရာကြီးများ၏ အ တွေ့အကြုံ(ချစ်ကြည်ရေးကြည်ညွန့်)
၂။ ကျွန်တော်သတင်းထောက်(လူထု ဦးလှ)
၃။ သတင်းစာဆရာကြီး ယူပီအိုင် ဦးဘသန်း၏ ပြောပြချက်များ
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

No comments:

Post a Comment