Written by - မောင်စံပေါ
(၁)
ဒီကောင်ကွာ “ငယ်ငယ်တုန်းက
ငယ်ငယ်တုန်းက” နဲ့ လျှောက်လျှောက်ရေးနေ ပြောနေတာ မကုန်နိုင်သေးဘူးလားတဲ့။
ငယ်သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။
မကုန်သေးဘူး သူငယ်ချင်းရေ။
အခုလည်း အနှစ် ၅ဝ လောက်က နေရာတွေ ရောက်ပြန်တော့ ပြောစရာလေးတွေ
ရှိလာပြန်ပါရော။ အတိတ်နေရာမှ ခြေရာဟောင်းများကို ဝေဒနာဆေးအသစ်ဖြင့်
ရေးခြစ်ခြင်းပေါ့။
ဟုတ်တယ်ဗျာ။ ငယ်ငယ်တုန်းက နေရာမှာ ရှိနေဆဲဖြစ်တဲ့
ပင်စင်စားဝန်ထမ်းအိုကြီးတွေ၊ မိဘတွေရဲ့ တပည့်သားမြေး မိတ်ဆွေတွေ၊
သူငယ်ချင်းတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊
ကလေးတွေ မြင်တွေ့လိုက်ရတော့
ဝမ်းသာမိတယ်။ လွတ်လပ်ပွင့်လင်း ဟန်ဆောင်မှုကင်းစွာ ပြောဆိုကြချိန်မှာ
မြို့ကြီးပြကြီးမှာ လူကြီးသူကြီးတွေအကြား အမြဲတပ်ထားရတဲ့ မျက်နှာဖုံးကို
ခဏလောက်ခွာချထားခွင့်ရတာ နေရထိုင်ရ ပေါ့ပါးလိုက်တာ။
(၂)
ငယ်ငယ်တုန်းက နေခဲ့တဲ့ ရုံးဝင်းကြီးထဲမှာ သိသာတာတစ်ခုက အဆောက်အအုံတွေ တိုးလာတာ။
“မင်းတို့ ရောက်ခါစက နေခဲ့ကြတဲ့ တိုက်ဟောင်းကြီးက မရှိတော့ဘူးကွ”
ဦးလေး ဦးသာအေးပြောပြတော့ အဲဒီတိုက်ကြီးရဲ့အောက်ထပ်မှာ နေခဲ့ဖူးတာ
အမှတ်ရမိတယ်။ လာဘ်လာထိုးတဲ့ ကုန်သည်ကို မောင်းထုတ်ပြီး ခြင်းတောင်းကြီးကို
ကန်ချခဲ့တဲ့ အန်ကယ် အရေးပိုင်ကြီးရဲ့မျက်နှာ ပြန်မြင်ယောင်မိတယ်။ ကိုယ်က
ကလေးပေါက်စနဆိုတော့ အမြဲတမ်းပြုံးပြုံးပြုံးပြုံးနဲ့ ဖော်ရွေလှပြီး
သဘောကောင်းလှတဲ့ အန်ကယ် အဲဒီမနက်က ဘာဖြစ်လို့ ဒေါသတွေကြီးနေ ပါလိမ့်ရယ်လို့
အတွေးနက်ခဲ့တယ်။ အတွေးခက်ခဲ့တယ်။
စကားပြောရင်း လမ်းလျှောက်၊
လမ်းလျှောက်ရင်းတွေးနဲ့ ရုံးထောင့်ရောက်ခဲ့တယ်။ ရုံးရဲ့နောက်ဘက်
ရုံးဝင်းရဲ့ထောင့်မှာ ရေနံဝနေတဲ့ လေးခန်းတွဲ သစ်သားတန်းလျား တစ်လုံး။
“ဒီထောင့်ခန်းက မင်းတို့နေခဲ့တာ မှတ်မိတယ် မဟုတ်လား။ အဲဒီတုန်းကတော့
ကပ်မိုးထရံကာပေါ့ကွာ။ နောက်တော့ ပြန်ပြင်ဆောက်ခဲ့တာ။ ပျဉ်ကာ သွပ်မိုးခဲ့တာ။
မင်းတို့ ပြောင်းသွားပြီးတော့ ဦးလေးတို့ ဆက်နေခဲ့တာ။ ဆရာနဲ့
ဆရာကတော်တို့ကိုလည်း သတိရသကွာ”
(၃)
ဦးလေး ဦးသာအေးရယ်သာ
ခေါ်နေတာ သူလည်းအသက်တော့ အတော်ရပြီ ၈ဝ တန်းရောက်နေပေါ့။ လွန်ခဲ့တဲ့နှစ် ၅ဝ
လောက်တုန်းက သူ့ရဲ့ရုံးလုလင် လစာ ၆ဝ လောက်နဲ့ ၁ဝ ယောက်အိုးကို ထမ်းခဲ့တာ။
ထမ်းတယ်သာပြောတာပါ။ မနက်တိုင်း ကော်ဖီကြမ်းနဲ့ ပဲပြုတ်ထမင်းကြော်တော့
နပ်မှန်တယ်။ ဒီကကောင်ကလည်း သူ့သားတွေနဲ့ သူငယ်ချင်း၊ ကစားဖက်။ ဒီလိုနဲ့
ငယ်ဘဝ တစ်စိတ်တစ်ဒေသ ကုန်ဆုံးခဲ့တာ။
၁ဝ ပေ x ပေ ၂ဝ အခန်းကလေးကို
နောက်ဖေးမှာ မီးဖိုနဲ့ရေက ပြင်ထုတ်တယ်။ ရှေ့မှာ အဖီချတယ်။ ဒီလိုနဲ့
မိသားစုနေလာကြတာ။ ဦးသာအေးတို့လည်း ဒီလိုပဲ ဆက် နေခဲ့ကြတာ။ တစ်ခုပဲကွာတာက
အခုတော့ ရှေ့အဖီမှာ လက်ဖက်ရည်ဆိုင်လေး ဖြစ်နေပြီ။
“ကိုကျေးရေ.. လာကွာ ထိုင်။ လက်ဖက်ရည် သောက်မလား၊ ကော်ဖီသောက်မလား”
ဦးသာအေးရဲ့ သားအကြီး ကိုဝင်းဦးက မေးတယ်။ ကိုဝင်းဦးလည်း ဒီဌာန ဒီရုံးမှာပဲ
အလုပ်ဝင်ခဲ့တာ။ ဒီတန်းလျားရဲ့လိုင်းခန်းလေးကို အမွေဆက်ခံခဲ့ကြတာလေ။
“ဘယ်လိုလဲ၊ အရောင်းအဝယ်ကောင်းလား”
“ရုံးဝန်ထမ်းတွေနဲ့ ရုံးကိစ္စလာတဲ့ ဧည့်သည်တွေအပေါ်မှာ အားပြုရတာဆိုတော့
နည်းနည်းပါးပါး ဈေးဖိုးကာမိရုံလောက် ပေါ့ကွာ။ ဒါတောင်မှ
အကြွေးကျတာရှိသေးတယ်။ ကြွေးကျတာများလို့ ငွေမလည်ရင် ကိုယ်ကငွေတိုးနဲ့
ချေးရတာကွာ။ ဒါပေမဲ့ ဖောက်သည်တွေကို ငွေတိုးတွက်တောင်းလို့ ဘယ်ရမလဲ”
ကြွေးစာရင်းစာအုပ်ကို လက်ညှိုးထိုးပြပြီး ဖြေတယ်။
“ပြောသာပြောတာကွာ၊ ငါလည်း ပင်စင်ယူပြီ။ အလကား ထိုင်မနေချင်တော့
လက်ဖက်ရည်ကလေးရောင်း၊ ပါးစပ်ပွဲစား လုပ်ပေါ့ကွာ။ ကုန်သည်တွေ
တစ်ခေတ်ကောင်းတုန်းကတော့ ပါးစပ်စိုလက်စိုခဲ့သပေါ့ကွာ။ ဒီအခန်းလေးကတော့
သမီးကဒီဌာနမှာပဲ အလုပ်ဝင်ခဲ့တော့ အဆင်ပြေတာပေါ့ကွာ။ ဒီအခန်းလေးမှာ
ဣနြေ္ဒမပျက် ဆက်နေခွင့်ရအောင် ဝင်လုပ်ခဲ့ရတာဆိုပါတော့”
(၄)
ပြောနေဆဲမှာပဲ ကိုဝင်းဦးသမီး ရုံးဆင်းလာတယ်။
“ရုံးဆင်းပြီလား.. သမီး”
“ဟုတ်ကဲ့ အဘ။ ရေမိုးချိုးထမင်းစားပြီးရင် ပြန်သွားရဦးမှာ။
ဌာနတွင်းစစ်ဆေးတဲ့ကိစ္စ (DE)တစ်ခု ဆက်ပြီး စစ်ဆေးမှာမို့ စာရိုက်ဖို့
ညွှန်မှူးက ခေါ်ထားတယ်။ နောက်ပြီး သူရုံးချုပ်မှာ အစည်းအဝေးသွားရင် တင်ပြဖို့
အစီရင်ခံစာကို Power Pointလုပ်ပေးရဦးမယ်”
ဒီသမီးလေးက လိမ္မာရှာတယ်။
ငယ်ငယ်ကတည်းက စာလည်းတော်၊ မိဘကိုလည်း သိတတ်တယ်။ သူဘွဲ့ရပြီး
မာစတာတက်ရမယ့်အချိန်မှာ အဖေက ပင်စင်ယူ အလုပ်ကနားတော့ နေစရာပျောက်
ဒုက္ခရောက်တော့မှာမို့ ဒီဌာနမှာပဲ အလုပ်ဝင်ခဲ့သူ။
(၅)
အစိုးရဝန်ထမ်းတွေ အလုပ်က နားချိန်၊ ပင်စင်ယူချိန်မှာ တွေ့ကြုံနေရတတ်တဲ့
ပြဿနာက နေစရာ။ အိမ်ခြံမြေဈေးတွေ အခုလို မကြီးသေးခင် လွန်ခဲ့တဲ့ နှစ် ၄ဝ
ကျော်မှာ အဖေပင်စင်ယူတော့ နေစရာမရှိလို့ ကိုယ်တိုင်ဒုက္ခရောက်ခဲ့တာ မမေ့စရာ။
အမေ့ညီမဖြစ်သူအိမ်မှာ နှစ်တော်တော်ကြာ ကပ်နေခဲ့ရတာလေ။
ဆွေမျိုးအရင်းအချာဆိုပေမယ့် အိမ်သေးသေးလေးမှာ မိသားစုနှစ်စု
ကျပ်ကျပ်တည်းတည်းနဲ့ နေခဲ့ရ၊ ဒီလိုနဲ့ ရှစ်တန်းကနေ ၁ဝ တန်းအောင်တဲ့အထိ
ကျော်ဖြတ်ခဲ့ရတာ။ ဒါတောင်မှ နယ်မှာ။
(၆)
ပြောရရင်
အစိုးရဝန်ထမ်းဆိုတာ ရတဲ့လခနဲ့ ထောက်ပံ့ကြေး၊ ရှားပါးစရိတ်နဲ့ ဘုရားစူး
ရပ်တည်နေကြရတာ။ ရတဲ့ဝင်ငွေနဲ့ ကုန်ကျစရိတ် ကာမိအောင် မနည်းလုပ်နေကြရတာဗျာ။
ဘယ်မှာစုနိုင်မှာတုန်း။
ဟိုအရင်ခေတ်တွေတုန်းကတော့ ရှိခဲ့သပေါ့ဗျာ။
ကျောင်းဆရာမတစ်ယောက်ရဲ့ လခဟာ လစဉ်ရွှေဝယ်နိုင်တယ်ဆိုတာ။ နောက်ပိုင်းမှာတော့
လူဦးရေတိုးလာတယ်။ ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ငွေတွင်းက နက်လာတယ်။
နက်လာတဲ့ငွေတွင်းကို အတင်းနှိုက်ရာမှာ ကံမကောင်းစွာနဲ့ မြွေကိုက်ခံရတဲ့သူတွေ
ရှိလာတယ်။
တချို့ဝန်ထမ်းတွေဆိုရင် တစ်သက်လုံးနာမည်ကောင်းရခဲ့ပြီး
ပင်စင်နီးမှ ဖိစီးမှုကြီးလာတဲ့အခါ လုပ်မိလုပ်ရာလုပ်ရင်း ဒုက္ခရောက်သွားကြတယ်။
ဒီလိုကိစ္စတွေ တော်တော်များများကို ကြည့်လိုက်တော့ ဒီဝန်ထမ်းတွေ
သူဌေးဖြစ်ဖို့ လုပ်ခဲ့ကြတာ မဟုတ်ကြောင်း တွေ့ရတယ်။ ရုပ်ရှင်ပဲရိုက်ရိုက်၊
ဇာတ်ပဲကက ပရိသတ်မျက်ရည် တောက်တောက်ကျရမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ
အများကြီးရှိတယ်။
(၇)
အငြိမ်းစားဝန်ထမ်းတွေအတွက် ပံ့ပိုးမှု
အပြည့်အဝပေးတယ်ဆိုတဲ့ နိုင်ငံတွေအကြောင်း ကြားဖူးတယ်။ ကျောင်းဆရာ၊
ဆရာမတွေကို တခြားဝန်ထမ်းတွေထက် လစာပိုပေးတယ်ဆိုတဲ့ နိုင်ငံက ပင်စင်စား
ကျောင်းဆရာကြီးနဲ့ စကားပြောဖူးတယ်။
နိုင်ငံတော်က
နိုင်ငံ့ဝန်ထမ်းပင်စင်စားတွေ အိုမင်းမစွမ်းချိန်မှာ အပူအပင်ကင်းစွာနဲ့
နောက်ဆုံးအချိန်တွေကို ဖြတ်သန်းနိုင်အောင် စောင့်ရှောက်မှုပြုကြတာတွေ
ဖတ်ဖူးတယ်။ အိုက်စလန်နိုင်ငံရဲ့မြို့တော် ရေကရာဗစ်မြို့ပြင်မှာ
ဆောက်ပေးထားတဲ့ ပင်စင်စားသက်ကြီးရွယ်အိုများ အိမ်ရာတွေ
သပ်ရပ်သန့်ရှင်းလှပစွာ မြင်ရတော့ အားကျတယ်။ သာဓုခေါ်မိတယ်။ ကိုယ့်ဆီမှာလည်း
ဒီလိုမျိုးအဆင့် မရောက်နိုင်သေးတောင်မှ တစ်စုံတစ်ရာသော အခြေအနေကို
မြင်ချင်တွေ့ချင်တယ်။
ပြောသာ ပြောရတာပါ။ နိုင်ငံတော် အစိုးရမှာလည်း မေတ္တာ၊ ကရုဏာ၊ စေတနာ အပြည့်ရှိမယ်ဆိုတာ ယုံကြည်ပါတယ်။
(၈)
“ကဲ မင်းလည်း ရောက်တုန်းရောက်ခိုက် လျှောက်လည်ကြည့်ဦးပေါ့ကွာ။ မင်းတို့
ငယ်ငယ်ကနဲ့ ဘာများကွာသွားသလဲဆိုတာ ဦးလေးတော့ ဘုရားရှိခိုးလိုက်ဦးမယ်”
ဦးလေးသာအေးရဲ့ စကားအဆုံးမှာ ပစ္စုပ္ပန်ကို ပြန်ရောက်ခဲ့တယ်။
“အဖေကတော့ကွာ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ဥပုသ်စောင့်နဲ့ပဲ အချိန်ကုန်တော့တာ။ ဒီအခန်းကလေးမှာပဲ ခေါင်းချမယ်ထင်ပါရဲ့ကွာ”
အိမ်ထဲ ဝင်သွားတဲ့အဖေကို လှမ်းကြည့်ရင်း ကိုဝင်းဦးက တီးတိုးရေရွတ်တယ်။
“ငါလည်းကွာ၊ ပြောရရင် သမီးကို အလုပ်မဝင်စေချင်ပါဘူး။ အဖေတစ်ခု
သမီးတစ်ခုဆိုတော့ကွာ၊ သမီးမာစတာတက်၊ ဘွဲ့ထပ်ရ အလုပ်ကောင်းကောင်း
ရာထူးအဆင်မြင့်မြင့်မှာ တင့်တင့်တယ်တယ် ဖြစ်စေချင်တာ။ ဒါပေမဲ့ သမီးက
ငြင်းတယ်ကွာ။ သူ့အဘိုး အိုကြီးအိုမမှ နေစရာ ဒုက္ခမရောက်စေချင်ဘူးတဲ့။
နောက်ပြီးတော့ မင်းသိတဲ့အတိုင်းပဲကွာ၊ ဒီရုံးဝင်းက ငါ့အဖေရဲ့ ကမ္ဘာလေ”
နေစရာလေး တစ်နေရာအတွက်၊ လိုင်းခန်းလေးတစ်ခန်းအတွက် သားစဉ်မြေးဆက် အလုပ်လုပ်နေကြရသူတွေ ဘယ်လောက်ရှိနေပြီလဲ။
(၉)
“ဟေ့ကောင် ကိုကျေး”
“ဘာလဲ ကိုဝင်းဦးရ”
“ငါတို့နိုင်ငံက အကျယ်ကြီးဆိုကွာ။ မြေနေရာ မများတဲ့သူတွေဆီမှာ နေစရာမရှားဘဲ မြေနေရာများပေမယ့် နေစရာရှားနေတာ ဘာဖြစ်လို့လဲကွာ”
ဘာဖြေရမှန်းမသိဘဲ ငိုင်နေချိန်မှာ ကိုဝင်းဦးက သော့ခတ်ထားတဲ့ အံဆွဲကို
ဖွင့်လိုက်တယ်။ စာအိတ်တစ်ခုကို ယူပြီးဖွင့်လိုက်တယ်။ ငွေစုစာအုပ်လေးတစ်အုပ်
ထွက်လာတယ်။
“ဒါငါရသမျှ ပိုက်ဆံလေးတွေ စုထားတာကွ”
ငွေစုစာအုပ်ပြရင်း ရှင်းပြတဲ့ ကိုဝင်းဦးရဲ့ မျက်လုံးမှာ အရောင်တွေတောက်လာတယ်။
“နေစရာလေး တစ်နေရာလောက် ဝယ်နိုင်အောင်လို့ကွာ။ ငါ့မြေးလေးတွေ
အလှည့်ရောက်ရင် နေစရာမပူမပင်ရဘဲနဲ့ ဒုက္ခမရောက်အောင်လို့ကွာ။ ငါ့သမီးလေးလို
အခွင့်အလမ်းတွေ မဆုံးရှုံးရအောင်လို့ကွာ” တဲ့။
Credit - Eleven Media Group
No comments:
Post a Comment