Tuesday, October 7, 2014

မင်းဒင် ၏ လင်မယားဝတ္ထု

ဆောင်းပါးရှင် - မင်းဒင်
-----------
(တစ်)
 

ဂရိနတ်ဘုရား ပုံပြင်မှာ ဆိုလားဗျာ။ ဟိုး ရှေးရှေးတုန်းက လူသားတွေဟာ ခြေလေးချောင်း လက်လေးချောင်း ရှိကြသတဲ့ဗျ။ အဲဒီ အတီတေ ကာလ၊ ရှေးဦးလူသားတွေ လူစွမ်း လူစကောင်း လိုက်ကြပုံများ နတ်ဘုရားတွေ ကိုတောင် နင်ပဲငဆ၊ အံတုဖက်ပြိုင် ရန်ပြု လွန်းလို့၊ နတ်ဘုရားတွေက ဒေါသထွက်ကျိန် စာတိုက်၊ နှစ်ခြမ်းခွဲပစ်လိုက်တော့ လူတွေ ဟာ ခြေနှစ်ချောင်း လက်နှစ်ချောင်းဘ၀ရောက် ကုန်ရောတဲ့ဗျာ။ ဒါကြောင့် နှစ်ခြမ်းအခွဲခံရတဲ့ လူတွေဟာ သူတို့ရဲ့
ကျန်တစ်ခြမ်းကို လိုက်ရှာကြရင်း၊ ပြန်ဖူးစာဖက်မိကြပြီး လင်မယား တွေ ဖြစ်ကုန်တာတဲ့။ လင်မယားလည်း ဖြစ် ရော ပုလင်းတူ ဗူးဆို့၊ နှစ်ကိုယ့် တစ်စိတ်ဖြစ်ကုန်ကြတာမို့ သိပ်ခင်မင်ရင်းနှီးတဲ့ ပုရိဿနှစ် ယောက်ကိုတောင် “ဒီကောင်နှစ်ယောက်က လင်မယားတွေ” လို့ အရပ်စကားနဲ့ မေးငေါ့ တတ်ကြတယ် မဟုတ်လား။

အေးပေါ့ဗျာ။ လင်ရယ်မယားရယ် ဖြစ်လာမှတော့ အတတ်နိုင်ဆုံး နှစ်ဦး နှစ်ဖက် ပြေ လည်အောင်ညှိနှိုင်းပြီး ညီညွတ်ရေးရအောင် ကြိးစား တည်ဆောက်ကြရတာ သဘာဝ ကျ ပါတယ်။ ညီညွတ်ရေးဆိုတာလူ့လောကကြီး မှာ တော်တော်အရေးကြီးတယ်ဗျ။ ဒါကြောင့် မို့ထင်ပါရဲ့။

ကျုပ်နားထောင်ခဲ့ဖူးတဲ့ ကျုပ်တို့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း တစ်ပိုဒ်ထဲမှာ “တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထု ညီညွတ်ရေး၊ အဲ ဒီညီညွတ်ရေးနှစ်ခုမ ရှိသမျှ၊ တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုသော်ငြား ဟိုလူ့လည်းပဲ မြင်ရတဲ့အခါ မျက်နှာ ချိုသွေးရ ဒီလူ့မြင်ရတဲ့ အခါလည်း မျက်နှာချိုသွေးရ၊ဖာသည်လို နိုင်ငံမျိုး ဖြစ်နေမှာပဲ” လို့ခပ်ကြမ်းကြမ်း မိန့်မှာခဲ့ဖူးသဗျ။

အမလေး။ ကျုပ်လိုကောင်က နိုင်ငံရေးတရားဟောတော့မယ်လို့များ ပေါက်ပေါက်ရှာရှာ မတွေး လိုက် ပါနဲ့။ ကျုပ်စဉ်းစားမိတာက မြောက်မြားစွာသော ညီညွတ်ရေးတွေထဲမှာ လင်မယား စည်းလုံးညီညွတ်ရေးဟာ စိတ်ဝင် စားစရာအကောင်းဆုံးလို့ကျုပ်ထင်သဗျ။ ကျုပ် တွေ့ဖူး တဲ့ လင်မယားတွေကတော့ အံ့သြ စ ရာကောင်းလောက်အောင်၊ အတော့်ကို ညီ ညွတ်ကြ တာကလား။ ယုံသော်ရှိမယုံသော်ရှိ ခင်ဗျား နားထောင်ကြည့်ပါဦးလေ။

(နှစ်)

လင်မယားအကြောင်း စကား စလိုက်တာနဲ့ ကျုပ်စိတ်ထဲမှာ ဖျတ်ကနဲ၊ ပေါ်တာက တော့ ကိုခင်မောင်အေးတို့ လင်မယားပဲဗျာ။ ဟုတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ် ကျော်၊ ကျုပ် လူပျိုပေါက်အရွယ်တုန်းကပေါ့။ ကိုခင်မောင်အေးဟာ ကျွန်တော့် အစ်ကိုနဲ့ အသက်ချင်း မတိမ်း မယိမ်းမို့၊ ကျုပ်ထက် သုံး နှစ်လောက် ပိုကြီးမယ်။ ကျုပ်တို့ခေတ်က လူငယ်တွေဟာ မကျေနပ်ရင် တစ်ယောက်ချင်း စိန်ခေါ်ပြီး ချိန်းပွဲတွေ ထိုးတဲ့ ကြိတ်တတ်တဲ့ ဓလေ့စရိုက်ရှိခဲ့ ကြတာမို့ ကိုခင်မောင်အေးနဲ့ ကျုပ်အကိုတောင် ၀မ်းဘိုင်ဝမ်း ဖိုက်တင်ပလေး ခဲ့ကြဖူးတာ ကျုပ် မှတ်မိနေတယ်။ ကိုခင်မောင်အေးဟာ အကိုနဲ့သာ ရန်ဖက်ဖြစ်ပေမဲ့ ကျုပ်ကိုတော့ လမ်းမှာတွေ့တိုင်း ပြုံးပြုံးပြုံးပြုံးနဲ့ အ တော်ခင်ရှာသားဗျ။ ထားပါလေ။ ကျုပ် ပြောချင်တာက ကိုခင်မောင်အေးတို့ လင်မယား အကြောင်းမို့ ရန်ပွဲကိစ္စ ဒီမှာတင်ရပ်ကြပါစို့ရဲ့။

အတန်းပညာ သိပ်မတတ်ရှာတဲ့ ကိုခင် မောင်အေးဟာ သူ့အမေနဲ့အတူ လမ်းမတော် ကီလီ ကုန်စိမ်းဒိုင်ကြီးကို လိုက်နေရင်း ဆိုက် ကားဆရာဖြစ်လာတယ်ဗျ။ ကီလီမှာ ဆိုက်ကားနင်းရင်း ဘယ်လို ဘယ်ပုံဖူးစာဆုံကြတယ် မပြောတတ်ပါဘူးဗျာ။ မချိုဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့ အိမ်ထောင်ကျရော ဆိုပါတော့။ ကျုပ်စိတ်ထင်အဲဒီအချိန်မှာ ကိုခင်မောင်အေး ဟာ အသက်နှစ်ဆယ်ကျော် ပဲ ရှိဦးမယ်ဗျ။ သူ့မိန်းမလို့ပြောတဲ့ မချိုဟာ တကယ့်ကို လုံး ကြီးပေါက်လှ၊ အစ်ကိုကာလသားများ မျက်စိကျလောက်တဲ့ အရပ်အမောင်းနဲ့ ရုပ်ရည်မို့၊ ကျုပ်စိတ်ထဲမတော့ လူပုံချောကိုခင် မောင်အေး နဲ့ နေနဲ့လရွှေနဲ့မြလို့ထင်မိတာပါပဲ။

မကြာပါဘူးဗျာ။ ကျူးကျော်ရပ်ကွက် ထုံးစံအတိုင်း လူသတင်းလူချင်းဆောင်လိုက်တာ မချိုရဲ့ ဘ၀နောက်ခံဇာတ်ကြောင်းဟာ ရပ် ကွက် ထဲမှာလူပြော အများဆုံးသတင်းဖြစ်လာ ပါတော့ တယ်။ သက်သေသက္ကာယ ခိုင်ခိုင်မာ မာမပြနိုင်ကြပေမဲ့ ရပ်ကွက်ထဲမှာ ဟိုးဟိုးကျော် လာတာ ကတော့ မချို အ၀ှာလုပ်စားတယ် ဆိုပဲဗျ။ တခြားသူတော့မပြောတတ်ဘူး။အဲဒီ သတင်းကိုစပြီး ကြားခါစက မဆီမဆိုင်ကျုပ် ခေါင်းထဲမှာ ထူပူသွားတာအမှန်ပဲဗျာ။

အင်း၊ မချိုရဲ့ဘ၀နောက်ကြောင်း ဇာတ်လမ်းကို ကိုခင်မောင်အေးသိမှသိပါလေစ။ သိသွားလို့ ကတော့ ဘယ့်နှယ်လုပ် ခရီးဆက်ကြမှာပါလိမ့်၊ ဘာညာ၊ ဘာညာတောင်တွေးမြောက်တွေးနဲ့ လမ်းမှာတွေ့တိုင်း ကိုခင်မောင်အေးမျက်နှာကို အကဲခတ်ရတာ ကျုပ်မှာအမော။

အမယ်။ ကိုခင်မောင်အေးမျက်နှာကို အကဲခတ်ရတာ ဘာမှထူးထူးခြားခြားခံစားရပုံ မပေါ်ဘူးဗျ။ ဒါတင် ဘယ်ကဦးမလဲ။ ညနေ ခြောက်နာရီ လောက်ဆို မချိုတစ်ယောက် ကော့နေအောင် ဖီးလိမ်းပြင်ဆင်ပြီး လမ်းထဲကနေထွက်မြဲအတိုင်း၊ မော့မော့နဲ့ ထွက်တော့လည်း၊ မချိုကို လိုက်ပို့တဲ့ ကိုခင်မောင်အေးကတော့ ခပ်အေးအေးပုံစံပါပဲ။ လမ်းထဲက လူတွေကတော့ ထုံးစံ အတိုင်း၊ ဟိုအလုပ် ဆင်းဖို့ သွားတာလေဆိုတဲ့ မျက်နှာပေးတွေ နဲ့ မေးငေါ့ကြတာပေါ့ဗျာ။

ဒါတင် ဘယ်ကဦးမလဲ။ နောက်တစ်နှစ် ကျော်လောက်ကြာတော့ ကိုခင်မောင်အေးနဲ့ မချိုမှာ သားဦးလေးရတော့ ကျုပ်တို့တစ်လမ်း လုံးက ဒီကလေးရဲ့အဖေဟာ ကိုခင်မောင်အေး မှဟုတ် ရဲ့လားဆိုပြီး စူးစမ်းတဲ့မျက်လုံးတွေနဲ့ ကြည့်ကြတာပါပဲ။ ကိုခင်မောင်အေးကတော့ တစ်လမ်းလုံး ကို ဖုတ်လေတဲ့ ငပိရှိတယ်လို့ တောင် ထင်ပုံမရပါဘူး။ မချိုအလုပ်သွားချိန် ဆို သူ့သားကို ပုခုံးပေါ်တင်ပြီး ကလေးထိန်း ဘ၀နဲ့ ကျန်ခဲ့လေရဲ့ဗျာ။ သင်္ကြန်ရက်တစ် ရက်များ သူတို့ သားအမိ၊ သားအဖသုံးယောက် ဘယ်ကနေ ရေပက်ခံပြီးပြန်လာကြတယ် မဆို နိုင်ဘူး။ ရေတွေ စိုရင်း ပျော်နေ လိုက်ကြပုံများ ခုထက်ထိ ကျုပ်မျက်စိထဲက မထွက်ပါဘူးဗျာ။

အဲဒါကြောင့် ကျုပ်ပြောခဲ့တာပေါ့။ လင်မယား တွေရဲ့ ဘ၀အကြောင်းကို စဉ်းစားလိုက်ရင် ကိုခင်မောင်အေးရဲ့ မျက်နှာကို ကျုပ်ပြေးပြေး မြင်မိပါတယ်လို့။ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲ စည်းလုံးမည် ဆိုတဲ့ဆောင်ပုဒ်ကိုတောင် မဆီ မဆိုင် သတိရမိသေးဗျာ။ ကိုခင်မောင်အေး ရဲ့သားလေးတောင် ခုချိန်ဆို အသက်လေးဆယ်ဝန်းကျင် ရှိရော့မယ်ဗျ။ ကိုခင်မောင်အေး ရဲ့ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအ တိုင်းဖြစ်စေမယ်ဆိုတဲ့ ညီညွတ်ရေးမူ ၀ါဒ ကတော့ လောကမှာ သြောချလောက်ပါရဲ့။

(သုံး)

ကျုပ်ကြုံ့ တွေ့ခဲ့ရတဲ့ အထူးအဆန်းလင် မယားနောက်တစ်တွဲကတော့ ကိုဝင်းရှိန်နဲ့ မသောင်းရင် တဲ့ဗျ။ သူတို့လည်း ကျုပ်တို့လမ်း ထဲမှာနေခဲ့ကြတာ ပါပဲ။ ကိုဝင်းရှိန်က ဗမာ့ တပ်မတော် ကနေ ဆေးပင်စင်နဲ့ထွက်လာတဲ့ တပ်ကြပ်ကြီးအငြိမ်းစား၊ မသောင်းရင်က ကချင်ဆိုလား၊ ရှမ်းဆိုလား၊ ရှေ့တန်းမှာ ဖူး စာဆုံခဲ့ကြတယ်ထင်ပါရဲ့။ သူတို့လင်မယား ဟာ တကယ့်နောင်ဂျိန် လင်မယားဗျာ။ ခဏ ခဏအော်ကြီး ဟစ်ကျယ်စကားများ၊ ရန်ဖြစ် ကြတာကို တစ်အိမ်ကျော် မှာနေခဲ့တဲ့ ကျုပ် ဟာ အမြဲတမ်းလိုလို ကြားကြားနေရတယ်။ လင်မယား နှစ်ယောက် တိုက်ပွဲ အရှိန်မြင့် နေချိန်တိုင်းလိုလိုမှာ ကြားရလေ့ရှိတဲ့၊ ကိုဝင်း ရှိန်ရဲ့ လက်သုံးစကားတစ်ခွန်းရှိလေရဲ့။ အဲဒါ ကတော့ ...၊ “သောင်းရင်၊ ငါလုပ်လိုက်မှာ နော်၊ နင်တော်တော့” တဲ့ဗျ။ ထူးဆန်းတာက ကိုဝင်းရှိန် ရဲ့ အဲဒီကြိမ်းဝါးသံ ထွက်လာပြီးမကြာ ခင် မသောင်းရင် ငြိမ်ကျသွားတတ်ပဲဗျာ။

ဒီလိုနဲ့တစ်ရက်တော့ ကျုပ်ဟာ ကိုဝင်းရှိန် တို့ အိမ်ချင်းကပ်လျက် မကြည်အေးတို့လင် မယား အိမ်ရောက်နေတုန်း၊ကိုဝင်းရှိန်တို့လင်မယား ထုံးစံအတိုင်း တစ်ယောက်တစ်ခွန်း စကားများကြ ပါလေရော။ အပြန်အလှန်အချေ အတင် ခွန်းကြီးခွန်းငယ်ဆဲဆိုနေကြရင်း သိပ်မကြာလိုက် ပါဘူး၊ ကိုဝင်းရှိန်ဆီကနေ ကြားနေ ကျ ရာဇသံထွက်လာတော့တာပါပဲ။ “သောင်း ရင်၊ ငါလုပ်လိုက်မှာနော်၊ နင်တော်တော့” ပေါ့။ ထူးခြားချက် ကတော့ ဘေးချင်းကပ်အိမ် မှာ ရောက်နေတဲ့ ကျုပ်ဟာ ကိုဝင်းရှိန်တစ်ယောက် သူ့အိမ်ထရံကနေ လက်နက်တစ်စုံတစ်ခုကို လှမ်းဆွဲ” လိုက်တဲ့ အသံမျိုးထွက်လာတဲ့အ ချက်ပဲဗျ။ ထိတ်ကနဲဖြစ်သွားတဲ့ ကျုပ်ဟာ အိမ်ရှင် မကြည်အေးကို စိုးရိမ်တကြီးလေသံနဲ့ လှမ်းပြောလိုက်မိတယ်။

“မကြည်အေး၊ ခင်ဗျား နည်းနည်းပါးပါး ၀င်ဆွဲရင်ကောင်းမယ်။ ကိုဝင်းရှိန်က စစ်သား လူထွက် မို့ ခြေလွန်လက်လွန်ဖြစ်သွားရင် မ ကောင်းဘူး” ဆိုတော့ မကြည်အေးကို ကျုပ် ကိုပြန်ရီ (ရယ်)ပြရင်း၊ မင်းက “ကိုဝင်းရှိန် ဘာထဆွဲတယ်ထင်သတုန်း” တဲ့။ ကျုပ်က “မသိဘူးလေ” လို့လည်း ဖြေလိုက်ရော မကြည်အေ က ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ ...၊ “ကိုဝင်းရှိန် ထဆွဲတာ စစ်တပ်မှာ သုံးတဲ့ ဓားမြောင်ဟေ့” တဲ့ဗျာ။

ဒီတော့ကျုပ်က၊ “ဟာ၊ ဓားမြောင်နဲ့ဆိုပို ဆိုးကုန်တော့မှာလေ။ ခင်ဗျားဘာ အူကြောင်ကြောင် လုပ်နေတာတုန်း” ဆိုတော့၊ မကြည်အေး ပြန်ဖြေလိုက်တဲ့ အဖြေဟာကျုပ်ကို ငုတ်တုတ်မေ့စေလောက် ပါရဲ့ဗျာ။

“ဟဲ့၊ အကောင်၊ အူကြောင်ကြောင်ဖြစ်နေ တာ ငါမဟုတ်ဘူး။ နင်ဖြစ်နေတာ။ ကိုဝင်းရှိန် ကြိမ်းနေတဲ့ “ငါ လုပ်လိုက်မှာနော်” ဆိုတာ မသောင်းရင် ကို ဓားနဲ့ထိုးမှာ မဟုတ်ဘူး။ သူ့ ပေါင် သူ ဓားနဲ့ ခပ်ဆတ်ဆတ်ထိုးရင်း မသောင်းရင်ကို အကျပ်ကိုင် တောင်းပန်နေတာဟဲ့” တဲ့ ဗျာ။ ကိုဝင်းရှိန်ရဲ့ အနစ်နာခံပြီး ငြိမ်းချမ်းရေး တည်ဆောက်ရေးတဲ့ညီညွတ်ရေးမဟာဗျူဟာ ကတော့ စံနမူနာယူလောက်ပါရဲ့။

(လေး)

နောက်ထပ်ပြောစရာလင်မယားစုံတွဲ တ ခြား သူဟုတ်ရိုးလားဗျာ။ အဖေ့ရဲ့ ညီအရင်း ဦးလေး ကိုကျော်နိုင်တို့ လင်မယားဗျ။ ဘုန်းကြီးလူထွက် ဦးလေးဦးကျော်နိုင်ဟာ ရ ဟန်းဘ၀ကို စွန့်ခွာပြီး ကျုပ်တို့အိမ်မှာလာနေ ရင်းကနေ ဒေါ်စောကြည်နဲ့ ဘ၀ဘ၀ပေါင်း များစွာက ချခဲ့ဖူးတဲ့ ပန္နက်၊ နှက်ခဲ့ဖူးတဲ့သစ္စာ ကြောင့် ရေစက်ဆုံခဲ့ကြတာဆိုပါတော့။ ဦးကျော်နိုင်ဟာ ရဟန်း လူထွက်မို့ နေရာတကာ စစ်စီခြေတာတတ်၊ ဒေါ်စောကြည်က လက်ဖွာ ဆိုတော့ မကြာခဏ ဆိုသလို ငွေရေးကြေးရေးကိစ္စနဲ့ လင်မယားထုံးစံတကျက်ကျက်ပေါ့ဗျာ။

ဒီလို အချိန်တိုင်းမှာ ဒေါ်စောကြည်စွဲကိုင်တဲ့ လက်နက်တော့ သူ့ဇာတိ “ခနောင်တိုပြန်မယ်” ဆိုတဲ့ ရာဇသံပဲခင်ဗျ။ ဒေါ်စောကြည် ခနောင်တို ပြန်မယ်ဆိုတဲ့ သတိပေးချက်ကို ကြားလေတိုင်း ကျုပ် ဦးလေးကတော့ ချက်ကောင်းကို ထိဟန်တူပါရဲ့။ အားကြီးတဲ့ ယောက်ျားသားပီပီ ဘာ တစ်ခွန်းမှ ထပ်မဟတော့ပဲ၊ အသံတိတ်သွားတော့ တာပါပဲ။ တစ်ခါသားတော့ ဒေါ်စောကြည် တစ်ယောက်၊ အိမ် သုံးဈေးဖိုးနဲ့ အထည် လပေးကြေးတွေ ဘယ် လို စာရင်းရှုပ်ကုန်တုန်း မပြောတတ်ပါဘူး။ ကျုပ်ဦးလေးဟာ ဒေါသအကြီးအကျယ် ထွက်ပြီး ဒေါ်စောကြည်ရဲ့ ခနောင်တိုပြန်မယ် ဆိုတဲ့ ရာဇသံကို ကြိုက်တဲ့လမ်းက ကြဆိုပြီး နတ်မောက်သွေးနဲ့ ရဲရဲဝံ့ဝံ့ကြီး တုံ့ပြန်လိုက်ပါလေရော။

ဒီလိုနဲ့ တစ်ပတ်ခုနစ်ရက်လောက် ကြာ တော့ ဦးလေးကိုကျော်နိုင်က ကျုပ်ကျောင်း အပြန်မှာ၊ မခေါ်စဖူးလှမ်းခေါ်သဗျ။ “ငါ့တူ ကြီး ဦးလေးမျက်သားထဲမှာ စိုက်နေတဲ့ မျက်တောင်မွှေးကို ဖယ်ပေးစမ်းပါ” တဲ့။ အညာသားများ အသက်ကလေးထောက်လာတော့ မျက်ခမ်းစပ် တဲ့ ရောဂါပေါ့ဗျာ။ ကျုပ်လည်း ကိုယ့်ဦးလေးသားချင်းဆိုတော့ မငြင်းသာပဲ၊ မျက်သားထဲက မျက်တောင်မွှေးအောင်မြင်စွာ ဖယ်ရှားနိုင်ရေး အတွက် တတ်သမျှမှတ်သမျှ အစွမ်းကုန်အား ထုတ်ကြိုးပမ်းပေမဲ့၊ စိုးရိမ် စိတ်ကြောင့် လက်တုန်ခြေတုန်ဖြစ်ပြီး မအောင်မြင်ခဲ့ပါဘူး။ ဒီကိစ္စရပ် အပေါ် ဦးလေးရဲ့ သုံးသပ်ဆင်ခြင်ချက်ကတော့ ကျုပ် တစ်သက်မမေ့စရာ မှတ်သားစရာ ကောင်း လှပါတယ်။ “အေးကွာ၊ ဒီလိုကိစ္စမျိုးက စောကြည်ရှိမှ”တဲ့။ ကျုပ်ဦးလေး၊ သူ့မိန်းမကို ငြိမ်းချမ်းရေး စားပွဲဝိုင်းကိုပြန်ခေါ်ပြီး ညီညွတ်ရေး တည်ဆောက်ပုံများ ကျုပ်တောင် မဆီမဆိုင် ကြားထဲက တရားခံ စာရင်းဝင်ခဲ့ရသေးဗျာ။

စကားကြုံလို့ ကျုပ်နဲ့ လင်မယား လိုနေတဲ့ မိတ်ဆွေတစ်ယောက်အကြောင်းလည်းပြောရဦးမယ်။ သူလည်း ဘာထူးတုန်းဗျာ။ ဒီပုပ်ထဲ က ဒီပဲပဲဟာ၊ အဲ၊ သူပြောဖူးတဲ့ထူးခြားချက် တစ်ခုကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ် ၀န်းကျင် သူတို့ အိမ်ထောင်ကျကာစ အချိန်တုန်း က မမေ့နိုင်စရာ အဖြစ်အပျက်လေး တစ်ခု ရှိသတဲ့ဗျ။ သူနဲ့သူ့တပည့်တွေကြားမှာ ၀င်မရှုပ်ပါနဲ့လို့ အတန်တန် သတိပေးထားပါလျက်ကယ်နဲ့ တစ်နေ့ ဆရာတပည့်ပြဿနာကြား မှာ၊ သူ့မိန်းမ နားမခံသာအောင် ၀င်ရှုပ်တာနဲ့ သည်းမခံနိုင်တော့တာကြောင့် ခွေးခြေပုလေး တစ်လုံးနဲ့ သူ့ငယ်ထိပ်ကို ခပ်ဆတ်ဆတ်လေး၊ ကျွေးလိုက်ဖူးသတဲ့ဗျ။ အမယ်၊ သူ့ မိန်းမက ခပ်အေးအေးပဲ “ရတယ်၊ ရတယ်” ဆိုပြီး နှုတ်က တတွတ်တွတ်ရေရွတ်နေတော့ သူလည်း သနားသလိုလိုဖြစ်သွား ပါလေရော တဲ့။ ဒါပေမဲ့ဗျာ။ လက်စသတ်တော့၊ သူ့ မိန်းမပြောနေတဲ့ ရတယ်၊ ရတယ်ဆိုတာ သူ လိုချင်တဲ့ လက်နက်ကို ရှာနေတာ မတွေ့သေးလို့ ခြေဆင်းတီးလုံး အင်ထရိုဝင်နေတာ၊ သတိ မထားမိတဲ့ ငမိုက်သားခမျာ၊ ဘိလပ်ရည်ပုလင်း စာမိပြီး သူ့ဂျိုစောင်းမှာ ဖုကြီးထွက်ခဲ့ပါ ပကော။ နောက်ပိုင်းတော့ သူတို့လင်မယား ဟာ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ဘယ်ပြဿနာမဆိုစေ့စပ်ဖြေရှင်းရေးမူနဲ့ ညီ ညွတ်ရေးကိုတည်ဆောက်ခဲ့ရတယ်ဆိုသဗျ။

(ငါး)

အေးပေါ့ဗျာ။ လင်ရယ်မယားရယ် ဖြစ်လာကြတော့ အတတ်နိုင်ဆုံး နှစ်ဦးနှစ်ဖက် ပြေလည်အောင်ညှိနှိုင်းပြီး ညီညွတ်ရေးရအောင် ကြိုးစား တည်ဆောက်ကြရတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ ညီညွတ်ရေးဆိုတာ လူ့လော ကကြီးမှာ သိပ်ကို အရေးကြီးတာမို့ ဘာပဲဖြစ် ဖြစ် ညီညွတ်တယ်ဆိုတာ ကောင်းတဲ့လက္ခဏာ ပါပဲ။ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ် ရပ်၊ အိမ်ထောင်စု တစ်စု၊အေးချမ်းစည်ပင်ဝပြောရာ အကြောင်း မဟုတ်လား။

ဒါပေမဲ့၊ အလေးအနက်ပြောစရာ တစ်ခု တော့ ကျန်သေးတယ်ဗျ။ ညီညွတ်တယ် ဆိုတိုင်း ကောင်းတယ်လို့တော့ ကံသေကံမ မဆိုနိုင်ပြန်ဘူး။ အေးလေ၊ ကျုပ်တို့တိုင်းပြည် မှာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ငွေ ရှင်ကြေးရှင်တွေဟာ၊ မယုံနိုင် စရာ ကောင်းလောက်အောင်ကို ညီညွတ် ကြခဲ့ကြကလား။ ဒင်းတို့ညီညွတ်လေ၊ တိုင်းသူပြည် သားတွေ ဆင်းရဲတွင်းနက်လေပါပဲဗျာ။ ဒါကြောင့်မို့ တိုင်းပြည်လက်ညှိုးထိုး ရောင်းစားမဲ့ အချောင်သမားစားဖားတွေ၊ အာဏာရူးတွေ၊ လင်မယားလို ညီညွတ်နေသရွေ့၊ ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရ တက်တက်၊ တစ်တိုင်းပြည်လုံး ရေစုန်ဆက်မျောပြီး အ၀ှာလိုနိုင်ငံ မျိုးဖြစ်နေမှာပဲဆိုတာ၊ အမျိုးသားခေါင်းဆောင်ကြီးရဲ့ လေ သံကိုအတုခိုးပြီး၊ ကျုပ်ဒီနေ့ သတိပေးခဲ့ချင် ပါရဲ့။ ၂၀၁၅ ရွေးကောက်ပွဲကလည်း သိပ်နီး နေပြီဆိုတာ ခင်ဗျားလည်း သိလျက်သားနဲ့။ ဟော၊ပြောရင်း ဆိုရင်း၊ ကျုပ်စကားကတောင်ဆို မြောက်ရောက်သွားပြန် ပါပကောလား။ အစိုးရကို အကြည်ညိုပျက်စေတဲ့ ကိစ္စမျိုးတော့ မဟုတ်လောက် ပါဘူးနော်။ ခင်ဗျားကို ကျုပ်ယုံပါတယ်ဗျာ။ နေ့ပြော နောက်ကြည့်၊ ညပြောအောက်ကြည့်တဲ့ဆရာရေ။ ဒီစကား ဒီမှာတင် ရပ်ကြပါစို့ရဲ့။

မင်းဒင်

Credit - The Ladies News Journal



 

No comments:

Post a Comment