ရန်ကုန်၊ အောက်တိုဘာ ၅
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လျက်
ရှိသော်လည်း အသုံးပြုနေသော အုပ်ချုပ်ရေးစနစ် (ဗျူရိုကရေစီ) နှင့်
ဒီမိုကရေစီ စနစ်တို့အကြား အံချော်မှုများ ရှိနေ၍ ပြောင်းလဲမှုများ
နှေးကွေးနေခြင်း ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းက ပြောကြားသည်။
အောက်တိုဘာလ ၅ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“အခုလက်ရှိ အုပ်ချုပ်ရေးစနစ်က ဆိုရှယ်လစ်အစိုးရ၊ တပ်မတော်အစိုးရနဲ့ လိုက်လျောညီထွေတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။
အစိုးရသစ်လက်ထက် သုံးနှစ်ကျော် ကာလအတွင်း အုပ်ချုပ်ရေးစနစ်ကို
ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှု ရှိစေရန် ပြုပြင်ပြောင်းလဲရေးများ
လုပ်ဆောင်နေရကြောင်း ဦးစိုးသိန်းက ပြောကြားသည်။
ယင်းသို့
ပြုပြင်ပြောင်းလဲရေး နှေးကွေးရခြင်းမှာ အုပ်ချုပ်ရေးစနစ်တွင် တပ်မတော်
ပါဝင်နေမှုသည်လည်း အဓိက အချက်တစ်ချက် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မှတ်ချက်ပြုသည်။
“သူတို့ကိုယ်တိုင်
ပြောတာကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ပြောနေတာနဲ့ မရနိုင်ဘူး၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာတွေကြောင့် အဲဒီလို ဖြစ်နေမှာပဲ” ဟု ၎င်းကဆိုသည်။
ယခု လက်ရှိကျင့်သုံးနေသော အုပ်ချုပ်ရေးစနစ် ဗျူရိုကရေစီယန္တရားသည်
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် ရေးဆွဲထားသော
အုပ်ချုပ်ရေးစနစ် ပုံစံဖြစ်နေပြီး ယင်းစနစ်ကို မပြောင်းလဲနိုင်ပါက
နိုင်ငံတော်သမ္မတ၏ ပြုပြင်ပြောင်းလဲမှုများလည်း ထိရောက်မည် မဟုတ်ကြောင်း
အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ
ကော်မရှင်အဖွဲ့ဝင် ဦးစောမြင့်မောင်က The Voice နှင့် တွေ့ဆုံစဉ်
ပြောကြားထားသည်။
ယင်းစနစ်ကို ယခုအချိန်မှစ၍ ၂ နှစ်နီးပါး အချိန်ယူ ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
Credit - The Voice Weekly
No comments:
Post a Comment