နိုင်ငံတော်ဘတ်ဂျက်ဖြင့် လုပ်ကိုင်နေသော ၀န်ကြီးဌာနများအောက်ရှိ
စီးပွားရေးလုပ်ငန်းများ ယခုဘဏ္ဍာနှစ်တွင် ကြိုတင်တွက်ချက်မှုများအရ
အရှုံးပေါ်နေကြောင်း ဘဏ္ဍာအခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်က
ပြောသည်။
အစိုးရဘတ်ဂျက်ကို အသုံးပြုပြီး အရှုံးပေါ်သည့် ဌာနများမှာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ သမ၀ါ ယမ၀န်ကြီးဌာနအောက်ရှိ သမ၀ါယမပို့ကုန်သွင်းကုန်လုပ်ငန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ မွေးမြူရေး၊ အစားအစာနှင့်နို့ထွက်ပစ္စည်းလုပ်ငန်း၊ လျှပ်စစ်ဝန်ကြီးဌာနအောက်ရှိ မြန်မာလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊
စက်မှုဝန်ကြီးဌာနအောက်ရှိ အထည်လိပ်၊ စက္ကူနှင့် အိမ်သုံးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ သတ္တု တွင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆားနှင့် အဏ္ဏ၀ါဗေဒလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ ကုန်သွယ်မှုဘဏ်၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးတို့ ဖြစ်ကြသည်။
အစိုးရဘတ်ဂျက်ကို မသုံးဘဲ ပြင်ပမှ ဆောင်ရွက်နေသော အစိုးရ၀န်ကြီးဌာနအောက်ရှိ လုပ်ငန်းများတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှာ အရှုံးပေါ်နေသည်ဟု ဆိုသည်။
‘‘အခုစာရင်းတွေကတော့ ခန့်မှန်းပြန်ကြည့်တဲ့ စာရင်းတွေပါ။ စာရင်းမှန်တွေက စာရင်းစစ်ချုပ်ရုံးက ထုတ်မှ ပိုပြီးတိကျမှန်ကန်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။
ဘဏ္ဍာအခွန်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ကုန်သွယ်မှုဘဏ်သည် ခန့်မှန်းပြန်ကြည့်စာရင်းတွင် အရှုံးပေါ်ခဲ့သော်လည်း စနစ်တကျစစ် ဆေးရာတွင် အမြတ်ပါရှိနေပြီး ယင်းသို့ဖြစ်ရခြင်းမှာ ငွေလဲနှုန်းအပြောင်းအလဲကြောင့်ဟု ဆိုသည်။
လက်ရှိအရှုံးအမြတ်စာရင်းမှာ အပြောင်းအလဲရှိနိုင်ပြီး အချို့ လုပ်ငန်းဌာနများမှာ အပြောင်းအလဲများ၊ လုပ်ငန်းဖျက်သိမ်းမှုများ ရှိသဖြင့် လုပ်ငန်းအရေအတွက်များ ပြောင်းလဲနိုင်ကြောင်း ၎င်းက ပြောကြားသည်။
‘‘ဒီလိုပွင့်ပွင့်လင်းလင်းဆွေး နွေးတာကောင်းပါတယ်။ ဒါပေမဲ့ တချို့ဒေတာတွေ ပြောင်းလဲ သွားနိုင်တာကိုတော့ လက်ခံထား ရမယ်’’ဟု သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။လက်ရှိအချိန်သည် စပ်ကူးမပ်ကူး အပြောင်းအလဲကာလဖြစ်သဖြင့် အချို့ကဥပဒေနှင့်အညီ လုပ်ကိုင်နေရသည့်အတွက် ဥပဒေကို စောင့်နေရတာမျိုးရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

Credit - 7DAY DAILY
No comments:
Post a Comment