ရန်ကုန်၊ ဧပြီ ၁၀
လာမည့် ၂၀၁၅ ရွေးကောက်ပွဲဝင်မည်၊ မ၀င်မည်ကို မဆုံးဖြတ် ရသေးကြောင်း ဧပြီ ၉ ရက်က ဂျပန်သတင်းဌာန Mainichi Shibun နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် သမ္မတ ဦးသိန်းစိန်က အင်္ဂလိပ်ဘာသာဖြင့် ထည့်သွင်း ဖြေဆိုလိုက်သည်။
ဂျပန်သတင်းဌာန Mainichi Shibun နှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် အကယ်၍ ဦးသိန်းစိန် အနေဖြင့် ဒုတိယအကြိမ် သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက ပထမဦးစားပေး အစီအစဉ်များက မည်သည်များ ဖြစ်နိုင်မလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ဖြေဆိုခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်အနေဖြင့် ပထမဦးစားပေး အစီအစဉ်ကို မပြောကြားမီလာမည့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်မည်၊ မ၀င်မည်ကို မဆုံးဖြတ်ရသေးကြောင်း၊ ၎င်းအနေဖြင့် ယင်းကိစ္စကို အမြဲလိုလို ထုတ်ဖော် ပြောဆိုခဲ့ကြောင်း၊ ၎င်းမှာ ယခုအသက် (၇၀)ရှိပြီဖြစ်ပြီး ကျန်းမာရေးနှင့် နှလုံးမှာ ကောင်းမွန်မှု မရှိကြောင်း၊ ဖြစ်နိုင်မည်ဆိုလျှင် အနားယူချင်ကြောင်း၊ သို့သော်လည်း ၎င်းအနေဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ အခြေအနေများကို နားလည်ထားကြောင်း၊ ယင်းအခြေအနေများကြောင့် လက်ရှိတွင် ရွေးကောက်ပွဲဝင်မည်၊ မ၀င်မည်ကို ဆုံးဖြတ်ရခြင်း မရှိသေးကြောင်းနှင့် ပြောရန်စောသေးကြောင်း Mainichi Shibun သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
သမ္မတဦးသိန်းစိန် ပါတီတာဝန် မထမ်းဆောင်နိုင်၍ ပါတီ ဥက္ကဋ္ဌ တာဝန်နှင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြန်လည် ပါဝင်လာနိုင်မှု အလားအလာအပေါ် ““တကယ်တမ်းကျတော့ ပါတီဆိုတာ မျိုးဆက်သစ်နဲ့ ထိန်းရမှာ။ မျိုးဆက်သစ်ထိန်းမှ ပါတီဆိုတာ သက်တမ်းရှည်မှာ။ ၂၀၁၅ ရွေးကောက်ပွဲ၊ အဲဒါတော့ မပြောနိုင်သေးဘူး။ အဲဒါကျတော့ ဘယ်လိုလုပ် ပြောမလဲ။ အသက်အရွယ်အရရယ်၊ သမ္မတ အငြိမ်းစားအနေနဲ့ ဖြစ်သွား တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သမ္မတ ပြန်ရွေးချင်လည်း ရွေးမှာပေါ့။ ကျွန်တော်လည်း အဲဒါတော့ နည်းနည်း အခက်အခဲ ရှိတာပေါ့””ဟူ၍ မြန်မာသံတော်ဆင့်နှင့် တွေ့ဆုံမေးမြန်းခဲ့စဉ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက ထည့်သွင်း ပြောကြားမှု ရှိခဲ့သည်။
သမ္မတ ဦးသိန်းစိန်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်မည်၊ မ၀င်မည်ကို ပြည်ပသတင်းဌာနများ၏ တွေ့ဆုံ မေးမြန်းမှုများတွင် မကြာခဏ ထုတ်ဖော် ပြောဆိုမှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲဝင်မည်ကို ယတိပြတ် ပြောဆိုခြင်းကမူ ယနေ့အချိန်အထိ မရှိသေးပေ။ လတ်တလောတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး ပါတီမှနေ၍ သူ၏ မဲဆန္ဒနယ်ဖြစ်သည့် ဇမ္ဗူသီရိမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ဧပြီ ၁၀ ရက်တွင် ပြုလုပ်သည့် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ လွှတ်တော်၏ တောင်းဆိုမှု တစ်ရပ်ဖြစ်သည့် အတွက် ၎င်းအနေဖြင့် လွှတ်တော်၏ အဆိုပြုချက်များကိုသာ စောင့်ကြည့် လေ့လာမည်ဖြစ်ပြီး လွှတ်တော်မှ ဆွေးနွေး တင်ပြချက်များပေါ် မူတည်၍သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ၎င်း၏ ပေါ်လစီကိုမူ လတ်တလော ထုတ်ပြောရန် ခက်ခဲကြောင်းလည်း ဂျပန်သတင်းဌာန၏ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန် ၏ ပေါ်လစီကို မည်သို့တင်ပြ သွားမည်လဲဆိုသည့် မေးခွန်းအား ပြန် လည် ဖြေကြားထားသည်။
၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ““အခုလို ၆ပွင့်ဆိုင် စလိုက်တာ ကောင်းပါတယ်။ ဒါဟာ ပြည်ထောင်စု လွှတ်တော်ရဲ့ တောင်းဆိုချက်ပါပဲ။ ကျွန်မ တောင်းဆိုချက်နဲ့ မဆိုင်ပါဘူး။ ကျွန်မ တောင်းထားတာက ဟိုးလွန်ခဲ့တဲ့ ၂ နှစ်ကျော်ကျော်လောက် ကတည်းက တောင်းထားတာက ၄ ပွင့်ဆိုင်ပါ။ ဒါပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်က ၆ ဦး တွေ့ဆုံတောင်းတာလည်း ကျွန်မအနေနဲ့ သဘောတူပါတယ်။ ဘာလို့ဆို လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးစလုံးပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်ပါတယ် ဆိုတော့ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပြည်ထောင်စု လွှတ်တော်ရဲ့ အဆိုပြုချက်ကို သမ္မတက စပြီးလက်ခံတွေ့ဆုံ တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ဆက်လက်ပြီးတော့ တွေ့ဆုံဖို့။ နောက်ပြီး ဒီတွေ့ဆုံပွဲက တကယ်ပဲ နိုင်ငံ့အတွက် အကျိုးဖြစ်စေမယ့် သဘောတူညီချက် တွေရနိုင်ဖို့၊ ဒါကသာ အရေးကြီးတာပါ”” ဟု ဧပြီ(၉)ရက်က နေပြည်တော်တွင် ပြုလုပ် သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆို ထားသည်။
၄၈ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ၊ ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲများနှင့် ပတ်သက်၍ အချက် ၅ ချက်ပါ သဘောထား ထုတ်ပြန်ချက် တစ်ရပ်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPs) က ထုတ်ပြန်ခဲ့ရာတွင် ““မိမိတို့ မဖြစ်စေချင်သည်များကို မဖြစ်အောင်၊ မိမိတို့ဖြစ်စေချင်သည်များကိုသာ ဖြစ်အောင် တင်ကူးကြံရွယ် ၍ ဆောင်ရွက်ခြင်း၊ အားထုတ်ခြင်းများနှင့် နိုင်ငံတကာသို့ ရုပ်ပြကောင်းရုံ သက်သက်သာ ဆောင်ရွက်ပါက ဆွေးနွေးပွဲများ မည်မျှပင် ပြုလုပ်စေကာမူ အများပြည်သူ လိုလားမျှော်လင့်သည့် ရလဒ်ကောင်းများ ထွက်မည် မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ နိုင်ငံရေးသည် ဆန္ဒပြပွဲများ၊ တန်ပြန်ဆန္ဒပြပွဲများနှင့် နိုင်ငံရေး ကစားမှုများဖြင့်သာ အဆိုးကျော့ သံသရာလည်၍ မိမိတို့အားလုံး ကြိုးပမ်းနေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်လည်း အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်ဟု မိမိတို့အဖွဲ့မှ ယုံကြည်ပါသည်”” ဟု ထည့်သွင်း ဖော်ပြထားသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment