ရန်ကုန်၊ နိုဝင်ဘာ ၁၂
ငြိမ်းချမ်းရေးစင်တာ (MPC) ခေါင်းဆောင်
ဝန်ကြီးဦးအောင်မင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်အချို့ နိုဝင်ဘာလ ၁၀ ရက်က
နေပြည်တော်တွင် သွားရောက် တွေ့ဆုံခဲ့မှုအပေါ် တစ်ဦးချင်း တွေ့ဆုံမှုဖြစ်၍
ငြိမ်းချမ်းရေးအတွက် မကောင်းကြောင်း ဝေဖန်မှုများ ထွက်ပေါ် နေချိန်တွင်
ယင်းတွေ့ဆုံမှုမှာ နောက်ဆုံး ဆွေးနွေးခဲ့သည့် အပစ်အခတ် ရပ်စဲရေး
ဆွေးနွေးပွဲတွင် အခြေအနေ တိုးတက်မှုမရှိဘဲ ဆုတ်ယုတ် လာသည့်အပေါ် သွားရောက်
တွေ့ဆုံခဲ့ခြင်းသာ ဖြစ်ကြောင်း NCCT ခေါင်းဆောင်များက ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် တွေ့ဆုံစဉ် ပြောကြား
ခဲ့ကြောင်း UNA မှ ဦးအေးသာအောင်က နိုဝင်ဘာ ၁၁ ရက်တွင်
မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
အပါအ၀င် ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသော ဦးဝင်းထွန်း၊ ဦးခင်ရီ၊
ဦးသန်းဌေးတို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်ကြသော
ဦးနိုင်ဟံသာ၊ ဦးခွန်ဥက္ကာ၊ ဦးထွန်းဇော်နှင့် ဆလိုင်းခလာအေးတို့ နိုဝင်ဘာ
၁၀ ရက်၌ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
““ပြီးခဲ့တဲ့
NCCT နဲ့ UPWC တို့ ဆွေးနွေးကြတဲ့အခါမှာ ရှေ့ကို တိုးတက်မှု မရှိတဲ့အပြင်
နောက်ကို ဆုတ်သွားတဲ့ သဘောဆောင်တယ်။ အဲဒါနဲ့ပတ်သက်လို့ တိုင်းရင်းသား
ခေါင်းဆောင်များက ရှေ့မှာ ဘယ်လို ဆွေးနွေးကြမယ် ဆိုတာ ဆွေးနွေးကြတယ်။
သုံးသပ်ကြတယ်။ အပစ်အခတ် ရပ်စဲရေး ဆက်လက်ပြီးတော့ ရှင်သန်အောင်
နေပြည်တော်ကို သွားပြီးတော့ အလွတ်သဘော ဖလှယ်လိုက်တဲ့ သဘောပါလို့
ရှင်းပြပါတယ်။ ဦးခွန်ထွန်းဦး က အရင်ကလည်း သမ္မတနဲ့ တွေ့တယ်။ တွေ့တဲ့အခါမှာ
တင်ပြချက်တွေကို သမ္မတကလည်း ပြန်လည် ဆွေးနွေး ရှင်းပြတာတွေ ရှိတယ်ပေါ့။
ဒီတစ်ခေါက်မှာတော့ အဲဒီလို မရှိဘူးလို့ ပြောပြပါတယ်””ဟု UNA အဖွဲ့ဝင်
ဦးအေးသာအောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြည်ထောင်စု
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ စက်တင်ဘာ ၂၃ ရက်မှ ၂၇
ရက်အထိ နောက်ဆုံး တွေ့ဆုံထားပြီး အဆိုပါ တွေ့ဆုံမှုတွင် မည်သည့်
သဘောတူညီချက်မှ မရရှိခဲ့ပေ။
NCCT ခေါင်းဆောင်များနှင့်
မဟာမိတ်အဖွဲ့(UNA)တို့ နိုဝင်ဘာ ၁၁ ရက်၊ ညနေပိုင်းတွင် UNA အဖွဲ့ဝင်
ဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ
ဦးခွန်ထွန်းဦး၏ နေအိမ်၌ အလွတ် သဘော တွေ့ဆုံ ခဲ့ခြင်းဖြစ်ကာ NCCT ဘက်မှ
ဝန်ကြီးဦးအောင်မင်းနှင့် တွေ့ဆုံခဲ့မှုများ အပေါ် ပြန်လည် ရှင်းလင်း
ပြောပြခဲ့သည်။
““သူ့ဘက်ကတော့ အခု NCA (တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေးစာချုပ်)နဲ့ ပတ်သက်ပြီးတော့ ပြန်လာ ပြီးတော့ ဆွေးနွေးတဲ့အကြောင်း
အဓိကက အဲဒီဟာပါ။ နောက် ပြည်တွင်း နိုင်ငံရေး အခြေအနေတချို့ကို သုံးသပ်
ခဲ့ကြပါတယ်။ သူတို့ ဦးအောင်မင်းနဲ့ သွားတွေ့တာ အခြေအနေ ကောင်း တယ်လို့
ပြောတယ်””ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ
အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
ငြိမ်းချမ်းရေး
ဆွေးနွေးပွဲဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ၄ ဦးနှင့် တိုင်းရင်းသား
တစ်ဖွဲ့ချင်းစီ အလိုက် အလွတ်သဘော ခေါ်ယူတွေ့ဆုံမှုနှင့် ပတ်သက်၍ ဝေဖန်
မှုများလည်း ရှိနေသည်။
““တိုင်းရင်းသားအားလုံးက တစုတစည်းတည်းနဲ့ UNFC
အနေနဲ့ ဆွေးနွေးဖို့ ကြိုးစားနေတဲ့ အချိန်မှာ နိုင်ငံတော် ဘက်ကို
ကိုယ်စားပြုတဲ့ အဖွဲ့တွေက တစ်ဖွဲ့ချင်း တစ်ဖွဲ့ချင်းဆိုတော့ အင်မတန်မှ
မေးစရာ ဖြစ်လာတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အပေါ်မှာ ဆက်ဆံပုံတွေ
မျက်နှာသာပေးပုံတွေက မတူကြဘူး။ ဒီနည်းနဲ့ပဲ တိုင်းပြည်ကို ခွဲခြားပြီး
အုပ်ချုပ်နေတာ အနှစ် ၂၀ ကျော်ပြီ။ တိုင်းရင်းသား ဘက်ကလည်း
တစုတစည်းတည်းဖြစ်မှ သွားမယ် လို့ ပြောရမယ့်အစား ခွဲထုတ်လိုက်ရင်လည်း
သွားကြတာပဲဆိုတော့ ကျွန်မတို့ အနေနဲ့ ပြင်းပြင်း ထန်ထန် ပြောချင်တာက
တစည်းတလုံးတည်း တစ်ပြိုင်နက် တွေ့ကြပါ””ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ
အဖွဲ့ဝင် ဒေါ်ခွန်ဂျာက ဝေဖန်သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment