Friday, November 14, 2014

ကန့်ဘလူ တပ်သိမ်းမြေပြဿနာအတွက် တရားလိုနှင့် တရားလိုပြသက်သေများအား စစ်ဆေးပြီးဖြစ်၍ တရားစွဲဆိုခံ တောင်သူများကို စတင်စစ်ဆေး

ကန့်ဘလူ တပ်သိမ်းမြေပြဿနာအတွက် တရားလိုနှင့် တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးသွားပြီဖြစ်ပြီး တရားစွဲဆိုခံနေရသည့် မြေသိမ်းခံတောင်သူများကို နိုဝင်ဘာ ၁၁ ရက်က မြို့နယ်တရားရုံးတွင် ပထမအကြိမ် စတင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

၂ဝ၁၃ နှစ်ဆန်းပိုင်းက ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားစွဲဆိုမှုအများစုမှာ ဟုတ်မှန်ခြင်းမရှိကြောင်း မြေသိမ်းခံတောင်သူများက တရားခွင်တွင် ငြင်းဆိုခဲ့ကြသည်။


“သီးနှံဖျက်ဆီးမှုနဲ့ တရားစွဲဆိုတာတွေက လွဲချော်တာတွေ တော်တော်များပါတယ်။ကျွန်တော်တို့ အစွဲခံရတဲ့ အမှုထဲမှာတော့ လောလောဆယ်ထောင်ကျနေတဲ့ တောင်သူတစ်ယောက်လည်းပါတယ်။ မဟုတ်တာတွေကို မဟုတ်တဲ့အကြောင်း ထွက်ဆိုခဲ့တယ်”ဟု ခအုံးတာကျေးရွာမှ မြေသိမ်းခံတောင်သူ ဦးသန်းထိုက်က ပြောကြားသည်။

တရားစွဲဆိုခံရသူများတွင် ပုံစံ ၃ ရရှိပြီးသူ၊ အသက် ၁၈ နှစ်မပြည့်သေးသူအချို့နှင့် ကျန်းမာရေးကောင်းမွန်ခြင်းမရှိသော သက်ကြီးရွယ်အိုများလည်း ပါဝင်နေကြောင်း၊ သီးနှံဖျက်ဆီးမှုအတွက် သက်သေတင်သွင်းသော ဓာတ်ပုံများမှာ အဖြစ်မှန်နှင့် လွဲချော်မှုရှိနေကြောင်း တရားစွဲခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။

“ထောင်ဒဏ်ကျခံရနေရသူတွေကတော့ ထပ်တိုးအမှုတွေအတွက် အကုန်လုံး စစ်ဆေးပြီးသွားပြီ။ တရားလိုဘက်က တင်သွင်းတဲ့ သက်သေခံဓာတ်ပုံဆိုတာတွေက လွဲနေတယ်။ ဘယ်ကပုံတွေမှန်း မသိဘူး။ ပြီးတော့ တရားလိုတွေက သူတို့တရားစွဲထားတဲ့သူတွေကို သေချာမသိတာတွေလည်း တော်တော်များတယ်”ဟု ဦးသန်းထိုက်က ဆိုသည်။

“ထွန်တုံးတိုက်တဲ့အခါတုန်းက တုတ်၊ ဓားတွေ ကိုယ်စီကိုင်ဆောင်ထားတယ်ဆိုပြီး ကျွန်မတို့ကို စွပ်စွဲတယ်။ အဲဒါကလွဲနေတယ်။သီးနှံဖျက်တယ်ဆိုတာကလည်း မှားနေတာ။ကျွန်မတို့ ထွန်တုံးတိုက်တုန်းက မြေနားထားတဲ့အချိန်ပါ”ဟု မိသားစုလိုက် တရားရင်ဆိုင်နေရသူ ဒေါ်စန်းက ပြောကြားသည်။

တရားရင်ဆိုင်နေရသည့် တောင်သူ ၁၇ဝ ကျော်၏ အမှုတွဲများမှာ မကြာခင်အချိန်တွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်းနှင့် စစ်ချက်များ အရ အမြင့်ဆုံး ငွေဒဏ်သာချမှတ်ခံရရန် မျှော်လင့်ကြောင်း မြေသိမ်းခံတောင်သူများဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက သုံးသပ်ပြောကြားသည်။

“အမှုမြန်မြန်ပြီးမှပဲ အခုတောင် မနည်းဖျစ်ညှစ်ပြီး လုပ်နေကြရတာ။ တော်တော်ကို ပင်ပန်းလှပြီ။ အကြွေးတွေလည်း မနည်းတော့ဘူး။ ခေါင်းတွေလည်း ပူထူနေပြီ”ဟု ငှက်ပျောတိုင်းကျေးရွာမှ တောင်သူတစ်ဦးက ပြောကြားသည်။

Credit -  Eleven Media Group

No comments:

Post a Comment