ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိ ကန် ပြည်ထောင်စုက အမည်မည်းစာရင်း သွင်း၍ ပိတ်ဆို့ဒဏ်ခတ်မှု ပြုသည့်အပေါ် ကန့်ကွက်ကြောင်းနှင့် အဆိုပါဖြစ်ရပ် ပေါ်ပေါက်စေရန် ဖန်တီး လုပ်ကိုင်သူများနှင့် လုပ်ဆောင်မှုများကို ရှုံ့ချကြောင်း ပြည်ထောင်စု လွှတ်တော်က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။ တစ်နိုင်ငံလုံးနှင့် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုရမည့် ပြည်ထောင်စု လွှတ်တော်အနေနှင့် ယခုကဲ့သို့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးအဆို တင်သွင်းကာ ကန့်ကွက် ရှုံ့ချရန် အတည်ပြုခြင်းအပေါ် ဝေဖန်သံများ ဆူညံစွာ ထွက်ပေါ် လာသည်။ NLD မပါဝင်သော အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲဖြင့် ကိုယ်စားလှယ် ဖြစ် လာသူ အများ စုနှင့် ရွေးကောက်ခံစရာ မလိုဘဲ အခန့်သား နေရာယူထားသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅
ရာခိုင်နှုန်း ရှိနေသော လွှတ်တော် ဖြစ်သောကြောင့် ယခုကဲ့သို့ ပြည်သူအများစု အကျိုးစီးပွားထက် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုတလေ၏ အကျိုးကို ဦးစားပေးနေသည်မှာ ဆန်းသည်ဟု မဆိုသာပေ။ သို့သော် နဂိုကတည်းက ပြည်သူက အယုံအကြည် နည်းနေရသည့်အထဲ ယခုလို ဖြစ်ရပ်မျိုး မြင်တွေ့ လိုက်ရသည့်အခါ လုံးလုံးလျားလျား အယုံအကြည်မဲ့သွားရန်သာ ရှိတော့သည်။
လွှတ်တော်အနေနှင့် ကန့်ကွက်ဆန္ဒပြမှု များစွာရှိခဲ့သော ဥပဒေကြမ်းများ အား ပြည်သူ၏အသံကို ခံယူ သုံးသပ်ခြင်း မရှိဘဲ အတည်ပြု ပြဋ္ဌာန်း ခဲ့ခြင်း၊ ပြည်သူက တစ်ခဲနက် တောင်းဆို ဆန္ဒပြုနေသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးစားပေးရမည့် အစား ပြည်သူက မတောင်းဆိုသည့်အပြင် ကန့်ကွက်မှုပင် ပြုနေသော အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်)ကို အလောသုံးဆယ် အသက်သွင်းရန် ကြိုးပမ်းနေခြင်း၊ ပြည်သူလူထု အရေးထက် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်နေခြင်း စသော စသော လုပ်ရပ်များကြောင့် ““ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ တို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်””ဟူသော လွှတ်တော် ဆောင်ပုဒ်မှာ ပြည်သူများ အကြား ရယ်စရာ၊ ဟားစရာပင် ဖြစ်နေတော့သည်။
လွှတ်တော်ကဲ့သို့သော ဥပဒေပြုမဏ္ဍိုင် တစ်ခုတည်းကသာ ပြည်သူ့အကျိုး စီးပွားကို ကျောခိုင်းနေသည် မဟုတ်ပေ။ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့သည်လည်း ပြည်သူ့ အကျိုးစီးပွားထက် လူတစ်စု၊ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ အကျိုးစီးပွားကို ဦးစားပေးနေသည်ဟု ဝေဖန်ခံနေရသည်။ အဂတိတရားများ ကြီးစိုးနေပြီး အုပ်ချုပ်ရေးပိုင်းမှ လွှမ်းမိုးချုပ်ကိုင်မှု ရှိနေသည်ဟု ဝေဖန်ပြစ်တင် ခံနေရသော တရားစီရင်ရေး မဏ္ဍိုင် သည် ပြည်သူအများစုအတွက် အားကိုးမှီခိုရာ မဖြစ်ဘဲ ရှောင်အပ်၊ ရှားအပ်သော အရပ်ဒေသ ဖြစ်နေသည်။ အထက်အောက် အဆင့်ဆင့်၌ အကျင့်ပျက်ခြစားမှုများ ဖုံးလွှမ်း၍ အာဏာရှင်စရိုက်များ မပျောက် ပျက်သေးသော အုပ်ချုပ်ရေး ယန္တရားသည်လည်း ပြည်သူကို အကျိုးမပြုဘဲ ကိုယ်ကျိုး စီးပွားရှာသမားများ အတွက် သက်သက်သာ လည်ပတ်နေရပေသည်။
ပြည်သူအများစု အနေနှင့် မတရားမှုများ၊ ဖိနှိပ်မှုများ၊ အကျင့်ပျက် ခြစားမှုများနှင့် အာဏာ အလွဲသုံးစား ပြုမှုများကို မြင်တွေ့ နေရသည့်တိုင် မိမိတို့ အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရာ၌ အင်အားချင်း မမျှဘဲ ဖြစ်နေကြရသည်။ အာဏာနှင့် လက်နက်အားကိုးဖြင့် ပြည်သူကို အနိုင်ကျင့် စော်ကားနေသော စစ်အုပ်စုထံမှ ပြည်သူ့အာဏာ ပြန်လည် ရယူရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေသော ပြည်သူ့ ဘက်တော်သား ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူအများစုသည် လက်နက်မဲ့၊ အာဏာမဲ့ ဗလာ သက်သက်သာ ဖြစ်ကြသည်။ ယခုကဲ့သို့ စစ်အုပ်စုဝင် ပုဂ္ဂိုလ်တစ်ဦးအပေါ် ပိတ်ဆို့ အရေးယူမှု ပြုခြင်းသည် လက်နက်မဲ့၊ အာဏာမဲ့ ဖြစ်သော ပြည်သူလူထုအတွက် အားဆေးတစ်ခွက်ပင် ဖြစ်သည်။
စစ်အာဏာရှင်စနစ်ကြောင့် လူလုံးမလှ ဖြစ်ခဲ့ရသော ပြည်သူလူထုအနေနှင့် အင်အားချည့်နဲ့ နေသည့်ကြားမှပင် မိမိတို့ စွမ်းသလောက် အာဏာရှင် အမြစ်ပြုတ်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။ စစ်အုပ်စု၏ လုပ်ရပ်ကြောင့် ဆင်းရဲမွဲတေမှု နွံထဲမှ ရုန်းမထွက်နိုင်သော ပြည်သူ အများစုသည် တစ်နေ့လုပ် တစ်နေ့စား၊ လက်လှုပ်မှ ပါးစပ်လှုပ်ရသော အခြေအနေများကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများ၌ တစ်ထောင့် တစ်နေရာမှ တစ်ကြိမ်တစ်ခါ ပါဝင်ရန်ပင် မလွယ်ကူကြပေ။
သို့သော် ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုနှင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဟောပြောပွဲများကို ကြည့်လျှင် ပြည်သူလူထုက ဒီမိုကရေစီရေး၌ တာဝန်ကျေစွာ ပါဝင်ခဲ့ကြသည်ကို အထင်အရှား တွေ့မြင်နိုင် သည်။ ပြည်သူလူထုအနေနှင့် အာဏာရှင် အမြစ်ပြုတ်ရေး၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရေးတို့အတွက် အတိုက်အခံပါတီကို တော်လှန်ရေး အင်အားစုကြီးအဖြစ် အားကိုးယုံကြည်ကာ ထောက်ခံ အားပေးနေဆဲဖြစ် သည်။ ပြည်သူ၏ ထောက်ခံ အားပေးမှု၊ ယုံကြည်ကိုးစားမှုတို့ကို အားပြု၍ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် အတိုက်အခံ ပါတီများအနေနှင့် ပြည်သူ့ ဆန္ဒကို ဆန့်ကျင်သော စစ်အုပ်စုအပေါ် ယခုထက်ပို၍ ဖိအားပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း တိုက်တွန်း လိုက်ရပေသည်။
အယ်ဒီတာ
၁၂-၁၁-၂၀၁၄
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/

No comments:
Post a Comment