ရန်ကုန်၊ နိုဝင်ဘာ ၁၃
ပဲခူးမြို့နယ်၊ ဥဿမြို့သစ်၊ အမှတ် (၂)
ရပ်ကွက် အုပ်ချုပ်မှူးရုံးတွင် နိုဝင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်က
ကြေးမုံသတင်းစာတိုက်မှ အလွတ်သတင်းထောက် ကိုမိုးဝင်းသူကို
ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်လေးဦးက ရုံးတံခါးပိတ်ကာ
ဝိုင်းဝန်းရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းခဲ့ကြောင်း ကာယကံရှင်က
ပြောကြားသည်။
ယင်းနေ့ညက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မှတ်ပုံတင်
ပြုလုပ်ပေးနေကြောင်း ကြားသိသဖြင့် ၎င်း၏ ဇနီး၏ ၁၈ နှစ် မှတ်ပုံတင်ဟောင်းကို
အသက် ၃၀ ပြည့် မှတ်ပုံတင်ဖြင့် လဲလှယ်ရန် သွားရောက်ရာ
ရုံးအဖွဲ့ဝင်များနှင့် စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကဲ့သို့
ရိုက်နှက်ခံရမှုကြောင့် ပဲခူးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူရကြောင်း ၎င်းက
ပြောကြားသည်။
“သူတို့အဖွဲ့က ရုံးတံခါးပိတ်ပြီး ကျွန်တော့်ကို
ကော်ခုံတွေနဲ့ ဝိုင်းရိုက်တယ်၊ ရေနွေးပူနဲ့ပါ လောင်းတယ်။” ဟု အသက် ၄၀
နှစ်အရွယ် သတင်းထောက် ကိုမိုးဝင်းသူက ရှင်းပြသည်။
သတင်းထောက်
ကိုမိုးဝင်းသူမှာ (၂) ရပ်ကွက် တပင်ရွှေထီးလမ်းတွင် နေထိုင်ပြီး အသက် ၁၀
နှစ်အထက် မှတ်ပုံတင် မရှိသေးသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌
မှတ်ပုံတင် ပြုလုပ်ပေးနေစဉ် ၎င်း၏ ဇနီးမှာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်အစား
အသက် ၃၀ နှစ်ပြည့် မှတ်ပုံတင် အသစ်လဲလှယ်ပေးရန် ပြေဆိုရာမှ
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စကားများရာမှ ပြဿနာ ဖြစ်ပွားခဲ့ကြောင်း (၂)
ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောကြားသည်။
“မှတ်ပုံတင်
မရှိတဲ့သူကို အသစ်လုပ်ပေးတာ၊ အဟောင်းရှိပြီးသားသူက လဝကရုံးမှာ
သီးသန့်သွားလုပ်ရမှာလို့ သူ့ဇနီးကို နားလည်အောင် ရှင်းပြတယ်၊ ဒါကို သူက
ရပ်ကွက်နေသူတွေ နားလည်အောင် လော်စပီကာနဲ့ ရပ်ကွက်ထဲမှာ ဘာလို့ လှည့်လည်
မကြေညာတာလဲ၊ သာရေးနာရေးမျိုးကျတော့ လော်နဲ့ လိုက်အော်တယ်ဆိုပြီး ရုံးထဲမှာ
ပြဿနာရှာတယ်၊ စားပွဲပေါ်က ဓာတ်ဗူးနဲ့ မှတ်ပုံတင် လာလုပ်တဲ့ နောက်တစ်ယောက်ကို
ကောက်ပေါက်လိုက်တာ၊ ဓာတ်ဗူးက နံရံသွားမှန်ပြီး ကွဲသွားရာက ရေနွေးပူတွေ
သူ့အပေါ် ပြန်စင်တာပါ။” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ရုံးတံခါးပိတ်ကာ
ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အဖွဲ့ဝင်များက ကိုမိုးဝင်းသူကို
ဝိုင်းရိုက်နှက်စဉ် ၎င်း၏ ဇနီးဖြစ်သူက ဝင်ရောက် တောင်းပန်သော်လည်း
ဇနီးဖြစ်သူကိုပါ ကြိမ်းမောင်း ရိုက်နှက်ခဲ့ကြောင်း၊ ယင်းနောက်
ပဲခူးမြို့ရှိ သတင်းမီဒီယာသမားများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့
လာရောက်ကာ ဒဏ်ရာရရှိခဲ့သူ ကိုမိုးဝင်သူကို ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်း ရိုက်နှက်ခံရသူ ကိုမိုးဝင်းသူက ပြောကြားသည်။
အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအဝင်
လေးဦးကို (ပ) ၄၄၄/၁၄၊ ပုဒ်မ ၃၂၃/၃၂၄/ ၄၀၃/၁၁၄ ဖြင့် အမှတ် (၃) နယ်မြေ
ရဲစခန်းတွင် အမှုဖွင့်ထားသည်။
“အဲဒီညက ရုံးမှာ တာဝန်ကျသူ ၈ ယောက်
ရှိတယ်။ အကုန်လုံးက အသက် ၅၀ ကျော် ၆၀ အရွယ်တွေပါ၊ သူက ရုံးကို
အရက်သောက်လာပြီး အုပ်ချုပ်ရေး အဖွဲ့တွေကို သတင်းထောက်ဆိုပြီး
ရင့်ရင့်သီးသီးပြောတယ်၊ ဒါကို ရုံးမှာ မှတ်ပုံတင် လာလုပ်တဲ့ သူတွေထဲက
တစ်ယောက်က ကိုယ့်ဖအေ အရွယ်တွေကို ဒီလို မပြောသင့်ဘူးလို့ ဝင်တားခဲ့ရာက
စကားများကြတာ” ဟု ဦးစိုးမြင့်က ရှင်းပြသည်။
အထက်ပါကိစ္စနှင့်
ပတ်သက်၍ ကြေးမုံသတင်းစာတိုက်သို့ ဖုန်းဖြင့် မေးမြန်းခဲ့ရာ
ကိုမိုးဝင်းသူမှာ ကြေးမုံသတင်းစာတိုက်မှ အလွတ်သတင်းထောက်တစ်ဦး
ဖြစ်သော်လည်း ဥဿာမြို့သစ်ရှိ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်
ဖြစ်ပွားခဲ့သော ပြဿနာနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၃ ရက် ညနေ ၆ နာရီ အချိန်အထိ
သတင်းစာတိုက်သို့ ဆက်သွယ် အကြောင်းကြားလာမှု မရှိသေးကြောင်း၊ ဆက်သွယ်ခဲ့ပါက
သတင်းစာတိုက်မှ ၎င်း၏ဖြစ်စဉ်နှင့် ပတ်သက်၍ အကူအညီပေးရန်အတွက် စဉ်းစားပေးမည်
ဖြစ်ကြောင်း ကြေးမုံသတင်းစာတိုက်မှ အယ်ဒီတာ ဦးစိုးနိုင်က ပြောကြားသည်။
Credit - The Voice Weekly
No comments:
Post a Comment