Wednesday, November 12, 2014

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် ကူညီပေးရန် အမေရိကန်သမ္မတ အိုဘားမား ဆွေးနွေးဖွယ်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

မြန်မာအစိုးရကို ပွင့်လင်းမြင်သာမှု ရှိပြီး တရားမျှတမှုရှိသော ရွေးကောက်ပွဲ ကျင်းပရန် အမြဲတစေ တိုက်တွန်းသော အမေရိကန် ပြည်ထောင်စုအစိုးရက သမ္မတ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ရွေးကောက်ပွဲဆိုင်ရာ အကူအညီပေးရေး အစီအစဉ်များ ဆွေးနွေးသွားဖွယ် ရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြား ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများ၏ ရွေးကောက်ပွဲစနစ်နှင့် အစီအစဉ်များ အကြောင်းကို ဆွေးနွေးရန် လျာထားကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် အမေရိကန် အစိုးရဘက်က မြန်မာနိုင်ငံရှိ ဘင်္ဂါလီ မူဆလင် လူနည်းစု၏ လူသားချင်း စာနာထောက်ထားမှု ပြဿနာများနှင့် အချိန်ကာလ ကြာမြင့်နေပြီဖြစ်သော အပစ်အခတ် ရပ်စဲရေး ကိစ္စများကို စိုးရိမ်ပူပန်နေဆဲ ရှိကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက်လည်း တရားမျှတပြီး ပွင့်လင်း မြင်သာစေရန် အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယခင်မြန်မာ ခရီးစဉ်များတွင် အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။
အလားတူ ယခုလဆန်းပိုင်းက သမ္မတ ဘားရက်အိုဘားမား ကိုယ်တိုင် နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တယ်လီဖုန်းနှင့် ဆက်သွယ် ပြောကြားရာတွင်လည်း အဆိုပါ ရွေးကောက်ပွဲ ကိစ္စများကို ထပ်မံပြောဆိုခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိပြီး နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးများ တက်ရောက်မည် ဖြစ်ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

Credit - The Voice Weekly

No comments:

Post a Comment