ရန်ကုန်၊ နိုဝင်ဘာ ၁၂
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား
မပြင်ဆင်လိုကြောင်း ပြောကြားမှုမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး
မလုပ်ဘူးဟု ပြောဆို လိုက်ခြင်း ပင် ဖြစ်ကြောင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး
ဦးဆောင် လှုပ်ရှားနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက နိုဝင်ဘာလ ၁၂ ရက်တွင် မြန်မာသံတော်ဆင့်သို့
ပြောသည်။
ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုကြောင်း တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်က အောက်တိုဘာလ ၃၁ ရက် တွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင်
ပြုလုပ်သည့် နိုင်ငံရေးခေါင်းဆောင် အချို့နှင့် တွေ့ ဆုံ ဆွေးနွေး ပွဲတွင်
ပြောကြားခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ
အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက““သမ္မတပြီးတော့ ဦးရွှေမန်း
ပြောတယ်။ ပြီးတော့ သူ့(ကာချုပ်) အလှည့်မှာ သူအဲဒါတွေ ပြော သွားတာ။
တပ်မတော်အနေနဲ့ ၄၃၆ ကို ပြင်ဖို့ လုံးဝမရှိပါဘူး ပြောပြီးတော့ တခြားဟာတွေ
ထည့်ပြောသွား တယ်။ ရှင်းလင်းခြင်းလည်း မရှိဘူး။ ဘာကြောင့် မပြင်ချင်တာလည်း
ဆိုတာကိုလည်း မပြောဘူး။ အခြေအနေ ကော၊ အကြောင်းအရာကော၊ အနေအထားကော သူရှင်းပြ
မသွားပါဘူး။ တစ်ချက်တည်း ပြောသွားတာပါ”” ဟု ဆိုသည်။
ကာချုပ်ဘက်မှ
ယင်းကဲ့သို့ ပြောဆိုခဲ့မှုနှင့် ပတ်သက်၍ ““၄၃၆ ပြင်ဆင်ရေးကို ကျွန်တော်တို့က
ဒီမိုကေ ရစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အဖြစ် ကျွန်တော်တို့က
မှတ်ယူတယ်။ ၄၃၆ မပြင်ဘူးဆိုရင် ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲမှု
မလုပ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီအချိန်မှာတော့ ပြည်သူ လူထုရဲ့ ဆန္ဒခံယူဖို့
အခွင့်အရေးပဲဗျ။ တပ်မတော် အတွက်လည်း အခွင့်ကောင်းပဲ။
အခွင့်ကောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့က စဉ်းစားချက်တွေ၊ သဘောထား
မှတ်ချက်တွေဆိုတာထက် ပြည်သူလူထုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာ
ပိုပြီးအဓိပ္ပာယ်ရှိတယ်။ ကျွန်တော်တို့ကတော့ ၄၃၆ ပြင်ဖို့ပဲ စဉ်းစားပါ။
ပြင်ဆင်ဖို့ပဲ လုပ်ပါလို့ တိုက်တွန်းချင်တယ်။ မပြင်ဆင်ဘူးဆိုရင်
တပ်မတော်နဲ့ ပြည်သူလူထု ကြားထဲမှာ ပိုပြီးတော့ ကွာဟချက်ကြီးသွားမယ်”” ဟု ၈၈
မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီက
ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆက်လက် စောင့်ကြည့်သွားမည်
ဖြစ်ပြီး ဆွေးနွေး ဆုံးဖြတ်မှုများလည်း ပြုလုပ် မည်ဟု ကိုဂျင်မီက
ထပ်မံပြောကြားသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းတို့ ပူးပေါင်းကောက်ခံထားသော
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ငါးသန်း
နီးပါးကို သြဂုတ်လ ၁၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း ထားပြီး
ဖြစ်သည်။
ပုဒ်မ ၄၃၆ မှာ အခြေခံဥပဒေတွင် ပါရှိသည့် အရေးကြီးပုဒ်မ
များ ပြင်ဆင်နိုင်ရန်အတွက် အဟန့်အ တား ဖြစ်နေသည့် ပုဒ်မဖြစ်ပြီး
အခြေခံဥပဒေပါ ပုဒ်မများအား ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅
ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်ကာ၊ မဲပေးခွင့်ရှိသူ ဦးရေ၏ ၅၀
ရာခိုင်နှုန်းကျော်က ဆန္ဒမဲပေးမှသာလျှင် ပြင်ဆင်နိုင်ခွင့်ရှိသည်ဟု ပုဒ်မ ၄၃၆
တွင် ပြဋ္ဌာန်းထားသည်။
““သူကတော့ ဘာပဲပြောပြော ကျွန်တော်တို့က
လွှတ်တော်ရဲ့ ရလဒ်ကို စောင့်ကြည့်ရမှာပေါ့။ လွှတ်တော်က ဥစ္စာကို နောက်ဆုံး
အချိန်အထိ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ကတော့ လက်မှတ်ထိုးထားတာက
ငါးသန်းတောင် ရှိပါတယ်။ ဒါတွေကို အကုန်လုံး တင်ပြ ထားပြီးသားပါ။ ဘယ်သူတွေက
ဘာပဲပြောပြော လွှတ်တော်တင်တာ လွှတ်တော်က ဘာလုပ်မလဲဘဲ ကြည့်ရမှာ”” NLD ဗဟို
အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
NLD ပါတီနှင့် ၈၈ ငြိမ်း/ပွင့် တို့၏ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများသည်
လွှတ်တော်သို့ သက်ရောက်မှု မရှိနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက
သူရဦးရွှေမန်းက ဇူလိုင်လ ၃ ရက်နေ့တွင် မီဒီယာများသို့ ပြောကြားခဲ့ဖူးပြီး
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ပြီးခဲ့သည့် သြဂုတ်လတွင်
သွားရောက်ခဲ့သော ရှမ်းပြည်နယ် ခရီးစဉ်တွင် ကိုယ်စားပြု ဒီမိုကရေစီ
ကျင့်သုံးနေသောကြောင့် လွှတ်တော်ပြင်ပ၌ ဆန္ဒပြမှု၊ လက်မှတ်ရေးထိုးမှုများသည်
လွှတ်တော်သို့ အကျိုး မသက်ရောက်ကြောင်း ပြောကြားခဲ့ဖူးသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment