Thursday, November 13, 2014

အိုဘားမားကို နေ့တိုင်းလာစေချင်ပါတယ် ...

အတွေးအမြင်
==================================
အိုဘားမားကို နေ့တိုင်းလာစေချင်ပါတယ် ...
=================================

ပြီးခဲ့သည့်နှစ်နှစ်ခန့် မှတ်မှတ်ရရဆိုရလျှင် ၂ဝ၁၂ခုနှစ် နိုဝင်ဘာလ
တုန်းကဖြစ်သည်။ ရန်ကုန်မြို့တွင်းရှိလမ်းမများတွင် ပျက်စီးယို ယွင်း နေသည့်လမ်းများကို ပြုပြင်ကြသည်။ ဖာထေးကြသည်။ ပလက် ဖောင်းများကို သနပ်ခါးလိမ်းကြသည်။(ဆေးသုတ်ကြသည်)။ အမြဲတမ်း မီးမလင်းသည့် မီးပွိုင့်များလည်း အမေရိကန်သမ္မတကြီး အိုဘားမား မလာခင်ရက်ပိုင်းမှ စတင်ကာ အလုပ်ရသွားကြသည်။


အဲဒီရက်ပိုင်းအ တွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ထမ်းများလည်း အလုပ် တော်တော်များသည်ဟု ကြားသိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် မစ္စတာအိုဘားမားသည် တော်ရုံတန်ရုံပုဂ္ဂိုလ်မဟုတ်။ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အိုဘားမားကြီးလာမည်ဆိုခြင်းကြောင့် စည်ပင်ဝန်ထမ်းများအလုပ်များသည်မှာ မဆန်းပေ။ ဒီအတိုင်းပစ်ထား သည့် လမ်းတွေပြင်ရသည်။ မတော်တဆ မိုးရွာခဲ့သည်ရှိသော် ရေဝပ် မှာ စိုးသည့်အတွက် ရေမြောင်းတွေ ဖော်ကြသည်။ ရှင်းလင်းကြသည်။

အလားတူ အမှိုက်တွေ ရှင်းလင်းခဲ့ ကြရသည်။ ရန်ကုန်မြို့လယ်ကောင် တွင် အမှိုက်ပုံးများ ထားပေးကြ သည်။ ညပိုင်း မီးမလင်းသည့်ဓာတ် မီးတိုင်များတွင် နီယွန်မီးအလှ များကို ပြန်လည်ခံစားရသည်။ အမေရိကန်သမ္မတကဲ့သို့ ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် တွင် ယင်းကဲ့သို့ ဆောင်ရွက်ခြင်း သည် နည်းနေသေးဟုပင် ထင်ရ သည်။

အိုဘားမား မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ သူ၏ မြန်မာ နိုင်ငံခရီးစဉ်သည် ရက်ပိုင်းမျှသာ ကြာမြင့်သည်။ ရန်ကုန်မြို့ရှိလမ်း မများတွင် လမ်းများကောင်းမွန် သွားသည်။ ရေမြောင်းများ သန့် ရှင်းသွားသည်။ အမှိုက်များ ကင်း စင်သွားသည်။ မီးပွိုင့်များ အလုပ် ရကုန်ကြသည်။ ရန်ကုန်မြို့၏လမ်းမတိုင်းတွင် သန့်ရှင်းကာ ပြည် သူများအနေဖြင့် သွားရေး၊ လာ ရေးအဆင်ပြေကြသည်။ ယုတ်စွအဆုံး ယခင်က ကားမှတ်တိုင်များ တွင် ရပ်ချင်တိုင်းရပ်၊ မောင်းချင်တိုင်းမောင်းကြသည့် ဘတ်စ်ကား များပင် မထသပုဂ္ဂိုလ်များက စောင့်ကြပ်ကာ ထိန်းသိမ်းမှုများပြုလုပ်ခဲ့ ကြသည်။

နိုဝင်ဘာလရက်ပိုင်းများအတွင်း ရန်ကုန်မြို့နေပြည်သူများအဖို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာဖြင့် သွားရေးလာရေးလုပ်ငန်းများဆောင် ရွက်နိုင်ကြသည်။ အဲဒီအချိန်တုန်းက ထင်မှတ်ထားတာတစ်ခုရှိသည်။ အခြားမဟုတ်ပေ။

အမေရိကန်သမ္မတ အိုဘားမားကြီး မြန်မာနိုင်ငံကို နေ့တိုင်းလာစေချင်သည်။

(သူလာသည့်အချိန်တွင် ရန်ကုန်မြို့ကြီး သန့်ရှင်းတောက်ပြောင်နေခြင်းကြောင့် ဖြစ်သည်။)

အမေရိကန်သမ္မတအိုဘားမား ပြန်သွားသည်။ ရန်ကုန်မြို့လယ် ကောင်ရှိလမ်းများ အပေါက်များဖြစ်ကုန်သည်။ ပလက်ဖောင်းများ ၏ အရောင်အသွေးများ ပြယ်ကုန်သည်။ မီးပွိုင့်များ အလုပ်ပြုတ်ကုန် သည်။ ကားမှတ်တိုင်များတွင်လည်း မည်သူတစ်ဦးတစ်ယောက်မှ မရှိ တော့။ လမ်းမများပေါ်တွင် အမှိုက်များက နေရာပြန်ယူထားကြသည်။ အမှိုက်ပုံးများကို နေရာတိုင်းတွင် မတွေ့ရတော့။ ရေမြောင်းများပိတ်ဆို့ ကုန်သည်။ မိုးရွာပါက ရေများဝပ်ကုန်သည်။ ညပိုင်းများတွင်လည်း နီယွန်မီးအလင်းရောင်များ မြင်တွေ့ခွင့်မရတော့ပေ။ မှောင်နှင့် မည်း မည်းသာ ဖြစ်ကုန်သည်။ ယင်းတို့ကို သမ္မတအိုဘားမား အမေရိကန် ပြည်ထောင်စုအပြန်တွင် သယ်သွားခြင်းဖြစ်နိုင်သည်။

ထားတော့။ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့လမ်းမကြီးများပေါ် တွင် သစ်လွင်တောက်ပနေသည့် အမှိုက်ပုံးများကို လူစည်ကားရာနေရာ များတွင် မြင်တွေ့ရသည်။ ပလက် ဖောင်းများမှာလည်း အဖြူတစ်စင်း၊ အနီတစ်စင်းနှင့် မြင်ရသည်မှာ မျက် စိပသာဒရှိသည်။ ယခင်က ပျက်နေ သည့် မီးပွိုင့်များလည်း လက်ရှိတွင် အနီတစ်ခါ၊ အဝါတစ်လှည့်၊ အစိမ်း တစ်ဖုံနှင့် အလုပ်ရှုပ်နေသည်။ သေ ချာသည်။ ရန်ကုန်မြို့တွင် တစ်ခုခု ပြောင်းလဲတော့မည်ဖြစ်သည်။ ယင်း အတွက်ကြောင့် သတင်းစာများ ကြည့်မိသည်။ မကြာပါ။အမေရိကန် သမ္မတအိုဘားမား မြန်မာပြည်လာ ရန်ရှိသည်ဆိုသော သတင်းဖတ်ရ သည်။

ယင်းအတွက်ကြောင့်ဖြစ် မည်။ ရန်ကုန်မြို့အတွင်း ယခုရက် ပိုင်းမှစတင်ကာ မြင်သမျှ၊ တွေ့သမျှ တိုင်းသည် သစ်လွင်တောက်ပနေ သည်။
အရာရာတိုင်းသည် လှပနေ သည်။ နီယွန်ညလေးများကိုလည်း ကောင်းစွာ ပြန်လည်မြင်တွေ့ခွင့်ရပြီ။ ယင်းတို့ကို အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာပြည်ခရီး စဉ်အတွက် ပြန်လည်ယူဆောင်ပေး ခဲ့ခြင်းများဖြစ်သည်။

သမ္မတအိုဘားမား၏ မြန်မာ ပြည် ဒုတိယခရီးစဉ်တွင် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်တွင် တက်ရောက် မည်ဖြစ်သည်။

ယင်းအပြင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ သမ္မတအိုဘားမား၏ ခရီးစဉ်သည် ဤမျှသာဖြစ်သည်။ ဒီတစ်ကြိမ် သမ္မတအိုဘားမား၏ အပြန်ခရီးစဉ်တွင် ရန်ကုန်မြို့၏တောက်ပမှုများ နောက်ထပ်တစ်ကြိမ် ပြန်မသယ်သွား ဖို့တော့ မျှော်လင့်ရသည်။ ဒါကြောင့် အိုဘားမားကို နေ့တိုင်းလာစေ ချင်သည်။
. . .

#Democracyotday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group




 

No comments:

Post a Comment