Thursday, November 13, 2014

မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ပြီးမြောက်အောင် အကောင်အထည် ဖော်ရန် ဘန်ကီမွန်းတိုက်တွန်း

လူနည်းစုအခွင့်အရေး အသိအမှတ်ပြုသည်ဆိုကာ ရိုဟင်ဂျာဟုပင် သုံးနှုန်း
  မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် ပြီးမြောက်အောင် အကောင်အ ထည်ဖော်ရန် မြန်မာအစိုးရထိပ် တန်းခေါင်းဆောင်များကို တွေ့ဆုံတိုက်တွန်းနေကြောင်း နေပြည် တော်ရောက် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်းကပြောသည်။


ထို့အပြင် ရိုဟင်ဂျာ (ဘန် ကီမွန်းက ရိုဟင်ဂျာဟု သုံးနှုန်း သည်) ပြဿနာအတွက်၎င်း၏ စိုးရိမ်ပူပန်မှုများကိုလည်း ဖော်ပြလိုက်ပြီး ရခိုင်ပြည်နယ်ရှိ လူထု၏ လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို လေးစားသင့် ကြောင်းလည်းပြောသည်။

‘‘အစိုးရက သူတို့တွေကို ဘင်္ဂါလီလို့ သုံးနှုန်းနေတာ ကျွန် တော်သိပါတယ်။ ရခိုင်က လူ တွေကတော့ သူတို့ကို ရိုဟင်ဂျာ လို့ခေါ်ကြတယ်။ လူနည်းစု အခွင့် အရေးကို အသိအမှတ်ပြုဖို့စည်း မျဉ်းစည်းကမ်းကို အခြေခံပြီး ကမ္ဘာ့ကုလသမဂ္ဂက ရိုဟင်ဂျာ အဖြစ် သုံးနှုန်းထားပါတယ်။
ဒီကိစ္စက နောက်ထပ်ဘယ်လိုထပ်ဆောင်းပြဿနာမျိုးကိုမှ မဖန်တီးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါက လိုအပ်တဲ့အရာတစ်ခုလို့ ကျွန်တော်မထင်ပါဘူး’’ဟု ပြောသည်။

နေပြည်တော်တွင် ပြုလုပ် နေသော အာဆီယံထိပ်သီး အစည်းအဝေး ပထမနေ့ ဖြစ်သည့် နိုဝင်ဘာ၁၂ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့်သတင်းစာ ရှင်းလင်းပွဲ၌ မစ္စတာဘန်က ပြောကြားသည်။

‘‘တစ်နေ့တည်းမှာပဲ ဒုသမ္မ တအပါအ၀င် မြန်မာအစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ ကျွန် တော်တွေ့ဆုံထားပြီးပါပြီ။ မနက် ဖြန်မနက် (နိုဝင်ဘာ ၁၃) မှာ သမ္မတဦးသိန်းစိန်နဲ့ ကျွန်တော် တွေ့ဆုံပါမယ်။ ရည်မှန်းချက်ကြီး တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်ကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရကို ကျွန်တော်ပြော ပါမယ်’’ဟု မစ္စတာ ဘန်ကီမွန်းက ပြောသည်။

ထို့အပြင် ၂၀၁၅ ရွေး ကောက်ပွဲသည် မြန်မာ့အနာဂတ်  အတွက် အရေးပါမည့် အရွေ့တစ်ခုဖြစ်ကြောင်း ကုလအတွင်းရေး မှူးချုပ်က ထောက်ပြသည်။  နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် အာဆီယံအပေါင်းကုလသမဂ္ဂထိပ်သီး အစည်းအဝေးပွဲတွင်လည်း ‘‘မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အခါမှာ အရေးကြီးတဲ့ စံနှုန်းဆိုင်ရာ ဆန်းစစ်ဝေဖန်မှုတွေကို ရင်ဆိုင်ရမှာပါ။ ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် မြန်မာအစိုးရနဲ့ ပြည်သူတွေအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထောက်ပံ့မှုကို ထည့်တွက်နိုင် ပါတယ်’’ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရိုဟင် ဂျာ(ဘင်္ဂါလီ)အရေးသည် အလွန်အရေးကြီးပြီး စိုးရိမ်ရသော အရေးကိစ္စတစ်ခု၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စတစ်ခုဖြစ်ကြောင်း ဘန်ကီမွန်းက အ လေးထားပြောကြားခဲ့သည်။ နိုင်ငံသားဖြစ်မှုကို စစ်ဆေးဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ခုရှိနေသည့်အတွက် ရခိုင်ပြည်နယ်ရှိ လူထု၏ လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို လေးစားသင့်ကြောင်း ၎င်းက တောင်းဆိုခဲ့သည်။

‘‘တစ်စုံ တစ်ယောက်ဟာ နိုင်ငံသားတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးရှိသလားဆိုတာကို ဆုံးဖြတ်ဖို့မှတ်ကျောက်တွေ အစိုးရမှာရှိရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ အဲဒါကြောင့်ပဲ အခွင့်အရေးရှိတဲ့ ဘယ်သူ့ကိုမဆို နိုင်ငံသားအဖြစ် ပေးရမှာပါ။ ဘယ်လိုခွဲခြားနှိမ့်ချဆက်ဆံမှုမျိုးမှ မရှိဘဲ မြန်မာပြည်သူအားလုံးကို တန်းတူညီမျှ နိုင်ငံသားဖြစ်မှုပေးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်’’ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့ ဆုံးဖြတ်ရန်မှတ် ကျောက်များချမှတ်သူများအနေ ဖြင့် မှတ်ကျောက်သတ်မှတ်ရာ တွင်လည်း လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို အပြည့်အ၀ ကာကွယ်မှုရှိရန်မှာ အရေးကြီးကြောင်း ထောက်ပြသည်။

‘‘အဲဒါက မြန်မာအစိုးရကို ကျွန်တော်စည်းရုံးလှုံ့ဆော်ရမယ့် အမှာစကား တစ်ရပ်ပါပဲ။ ဒါ ကြောင့်ပဲ မနက်ဖြန် သမ္မတဦးသိန်းစိန်နဲ့ တွေ့တဲ့အခါမှာ အဲဒီအချက်ကို ကျွန်တော်အလေးပေးချင်တာပါ’’ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ယခုအချိန် ၌ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် အလွန်အရေးကြီးသော အသွင်အကူးအပြောင်းဆီသို့ သွားနေ၍ အသိအမှတ်ပြုစရာ ဖြစ်ကြောင်း ချီးကျူးခဲ့ပြီး ကျော်လွှားစရာ စိန်ခေါ်မှုများလည်းရှိနေကြောင်း ၎င်းကပြောသည်။

ယေဘူယျအနေဖြင့် မြန်မာသည် ဒီမိုကရေစီ စနစ်ဆီသို့ ဖြောင့်ဖြောင့်မတ်မတ် တိုးတက်မှု ရှိနေပြီး မြန်ဆန်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း ရရှိနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။  ဘန်ကီမွန်းသည် နိုဝင်ဘာ ၁၃ ရက်တွင် သမ္မတဦးသိန်းစိန်အပြင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်လည်း တွေ့ဆုံရန် ရှိသည်။

Credit - 7DAY DAILY
 

No comments:

Post a Comment