Wednesday, November 12, 2014

ဆန်တင်ပို့မှုအတွက် အခွန်ထက်ဝက်ကျော် တရုတ် လျှော့ပေး

တရုတ်နိုင်ငံသို့ ဆန်တင် ပို့ရာတွင် အတားအဆီးဖြစ်နေ သော အခွန်ကောက်ခံမှုကို ထက် ၀က်ကျော် လျှော့ချပေးမည်ဟု တာဝန်ရှိသူများက ပြောကြား ထားကြောင်း မြန်မာနိုင်ငံ ဆန် စပါးအဖွဲ့ချုပ်မှ သတင်းရရှိသည်။ယခင်က ၃၇ ရာခိုင်နှုန်း ကောက်ခံခဲ့ရာမှ ၁၄ ရာခိုင်နှုန်း သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။
‘‘အခွန်နှုန်းထားပြောင်းလဲ တာ ကျွန်တော်တို့ ကော်မတီကို အကြောင်းကြားထားတယ်’’ ဟု မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲ မင်းအောင်ကပြောကြားသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ မှ တရားဝင်ဆန်ဝယ်ယူရာတွင် မူလက အခွန်နှုန်းထားကို ၃၇ ရာခိုင်နှုန်းအထိ ကောက်ယူခဲ့သည်။ ထို့ကြောင့် မြန်မာကုန်သည်များ သည် အခွန်ကြောက်၍ တရားမ၀င် သာ တင်ပို့ရန် စဉ်းစားခဲ့ကြသည်။

‘‘တရားမ၀င်ကတော့ လတ် တလောမှာ ပျောက်သွားမှာမဟုတ် ဘူး။ တဖြည်းဖြည်းနဲ့ အချိန်ယူ ရမှာပဲ’’ဟု မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ ချုပ်ဒုဥက္ကဋ္ဌ ဦးအောင်သန်း ဦးကပြောသည်။
မြန်မာနိုင်ငံက ဆန်တန်ချိန် နှစ်သိန်းကို တရားဝင်ဝယ်ယူရန် ကမ်းလှမ်းထားမှုမှာလည်း မိုးစပါးပေါ်ချိန်မကျော်ရန်၊ ရှေ့တစ်လ တိုး၍ ၀ယ်ယူပေးရန် သဘောတူ ထားကြောင်း ဦးရဲမင်းအောင်က ပြောကြားသည်။
မူလက ဇန်န၀ါရီမှစတင်၍ ၀ယ်ယူရန် စီစဉ်ထားသော်လည်း  မြန်မာနိုင်ငံမိုးစပါးပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းမည်ကို စိုး ရိမ်သဖြင့် ကြိုတင်ဝယ်ယူပေးရန် ဆန်တင်ပို့ရောင်းချနိုင်ရေး လုပ် ငန်းကော်မတီက တောင်းဆိုခဲ့ သည်။ တရုတ်အစိုးရကလည်း သဘောတူညီပြီး ဒီဇင်ဘာမှ စတင်ဝယ်ယူမည်ဟု သဘောတူထားသည်။ ယခုကဲ့သို့ အခွန်လျှော့ လိုက်ခြင်းကြောင့် တရားဝင်တင် ပို့မှုအားကောင်းလာနိုင်ကြောင်း မူဆယ်မြို့မှ ဆန်ကုန်သည် တစ် ဦးကပြောသည်။
လက်ရှိပြည်တွင်းဈေးကွက် တွင် ဆန်ဈေးမှာ တရုတ်နိုင်ငံမှ ၀ယ်ယူမှုမရှိသလောက် နည်းနေ သဖြင့် ပြည်တွင်းဈေးကွက်၌ဈေးနှုန်းများ ကျဆင်းနေသည်။ စပါးဈေးကျဆင်းမှုသည် မိုးစပါး ပေါ်ချိန်တွင် လယ်သမားများ အတွက် ကြီးမားသော အခက် အခဲဖြစ်ပြီး စပါးဈေးမှာလည်း တင်းတစ်ရာကို ကျပ်နှစ်သိန်းရှစ် သောင်းမှ သုံးသိန်းတစ်သောင်း ၀န်းကျင်သာဈေးရသည်။
တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့မှုနှင့် ပတ်သက်၍ နေပြည်တော် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတဦးသိန်းစိန်နှင့် တရုတ်သမ္မတ စီကျင်းပင်တို့ တွေ့ဆုံရာ၌ထည့်သွင်းဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
Credit - 7DAY DAILY

No comments:

Post a Comment