Wednesday, November 12, 2014

လူသတ်ဖို့ ညွှန်ကြားသူ

ဆရာတော်အရှင်မြတ်ဘုရား

ရဟန်းတစ်ပါးသည် လေးမြား၊ ဓား၊ တုတ်၊ သေနတ်စသော လက် နက်ကိုင်ဆောင်ထားသူများအား လူသားတစ်ယောက်ကို သတ်ဖြတ် ရန် တိုက်တွန်းအားပေး နည်းပြလမ်းညွှန် လုပ်ကောင်းပါသလား။ အကယ်၍လုပ်ခဲ့လျှင် ထိုရဟန်းသည် ဝိနည်းအရ မည်သည့်အပြစ် ရှိပါသနည်း။ အပြစ်ကြီးသလား ပေါ့သလားဆိုသည်ကို ကျမ်းဂန် နှင့်အညီ ဖြေကြားပေးစေချင်ပါသည်။

  နေမျိုးလင်း(Austin TX)


ဓမ္မဂုဏ်ရည်ကို ညှိုးစေသူ

*******************
ပိဋကတ်သုံးပုံမှာ 'ဗုဒ္ဓဘုရားရှင်ဟာ မိမိတို့ဖြစ်စေ၊ မိမိနှင့် ပတ် သက်သူကိုဖြစ်စေ၊ ဆန့်ကျင်တဲ့လူတွေကို စိတ်ဆိုးပြီး အဲဒီလူတွေ ကို သတ်ပစ်ဖို့ လက်နက်ရှိသူတွေကို အားပေးတယ်ဆိုတဲ့စာကြောင်း တိုလေး တစ်ကြောင်းလောက်သာ ပါခဲ့မယ်ဆိုရင် ဗုဒ္ဓရဲ့တရားတော်မှာ 'ဧဟိပဿိကော=လာပါရှုပါ'လို့ စမ်းသပ်ခံနိုင်တဲ့ဓမ္မဂုဏ်ရည် မရှိနိုင်တော့ပါဘူး။ ဗုဒ္ဓဘာသာဟာ ကမ္ဘာပေါ်မှာ ယခုလောက် လည်း ထွန်းပြောင်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဗုဒ္ဓတရားတော်အရ သက်ရှိသတ္တဝါတစ်ယောက် ကို သတ်ဖို့ သို့တည်းမဟုတ် သတ်နိုင်ဖို့ မည်သည့်ဖန်ဆင်းရှင် သို့တည်းမဟုတ် ဗြဟ္မာဘုရား နတ် သိကြားမှာမှ အထူးအခွင့်အရေးမရှိပါဘူး။ သင့်လက်ပေါ်မှာ တွားသွားနေတဲ့ ပုရွက်ဆိတ်ကလေး ကိုတောင် စိတ်ထင်တိုင်းသတ်ဖို့ အခွင့်အရေး သင့်မှာမရှိဘူး။

ဗုဒ္ဓတရားတော်အစစ်က အဲဒီလိုဖြစ်လို့ ဗုဒ္ဓရဲ့သားတော်ဖြစ်တဲ့ ရဟန်းအစစ်တွေက လူ တစ်ယောက်ကိုသတ်ဖို့ လက်နက်ကိုင်လူသတ်သမားကို ဘယ်လိုလုပ်ပြီး တိုက်တွန်းအားပေးကောင်း ပါ့မလဲ။ အားပေးတိုက်တွန်းခဲ့ရင်လည်း အဲဒီရဟန်းဟာ ကိုယ်တိုင်ရဟန်းအဖြစ်က လူ့အဖြစ်ကို လျှောကျသွားရုံမက ပြောပြခဲ့တဲ့ ဗုဒ္ဓရဲ့ဓမ္မဂုဏ်ရည်ကိုလည်း ညှိုးမှိန်အောင်လုပ်ရာကျပါတယ်။

လူသတ်အင်္ဂါငါးပါး
**************
ရဟန်းတစ်ပါးဟာ ကိုယ်တိုင်လူကိုသတ်ရင် အနည်းဆုံး ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပဋိသန္ဓေဖျက်ဆေးပေးမိရင် ဒါမှမဟုတ် အခြားတစ်ယောက်ကို လူသတ်ဖို့ စေခိုင်းအားပေးတိုက် တွန်းရင် သေချင်နေတဲ့လူကို သေတာကောင်းတယ်လို့ မြှောက်ပေးရင် သေချင်နေသူရဲ့အနီးအနား မှာ လူသတ်ပစ္စည်းတွေကိုချထားပေးရင် အဲဒီရဟန်းဟာ သင်္ကန်းဝတ်ထားပေမယ့် ရဟန်းဆိုတဲ့ အရေအတွက်ထဲ မပါတော့ဘူး။
လူသတ်မှုအထမြောက်ဖို့အတွက်
(၁) သတ်မယ့်လူဟာ လူသား စင်စစ်ဖြစ်ခြင်း၊
(၂) အဲဒီလူအသက်ရှိနေတယ်လို့သိခြင်း၊
(၃) သတ်(သေစေ)လိုတဲ့စေတနာရှိခြင်း၊
(၄) ကိုယ်တိုင်လုံ့လပြု၍သတ်ခြင်း၊
(၅) အသတ်ခံရသူသေဆုံးခြင်းလို့ အင်္ဂါငါးချက်ရှိပါတယ်။

စေခိုင်းပုံခြောက်မျိုး
*************
 အခြားလူကိုစေခိုင်းရာမှာ သတ်မှတ်ချက်လွဲခဲ့ရင်တော့ အာပတ်မသင့် (ပါရာဇိကမကျ) ဘူး။ ဥပမာ 'ဦးဒတ္တကို (ဝတ္ထု)၊ မွန်းလွဲ ၁နာရီအချိန် (ကာလ)၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာ (သြ ကာသ)၊ လှံစွပ်နဲ့ (အာဝုဓ)၊ ဦးဒတ္တလမ်းလျှောက်နေတုန်း (ဣရိယာပထ)၊ ရှေ့တည့်တည့်ကနေ ဗိုက် ကိုထိုးပြီး (ကြိယာဝိသေသ)သတ်ပါ'လို့ ဆရာတော်ဦးတိဿက သတ်ဖို့ခိုင်းခဲ့ပေမယ့် လူသတ်သမား က ဦးဒတ္တကိုမသတ်ဘဲ ဦးဇောတကို သတ်မိရင်ဖြစ်စေ၊ လှံစွပ်နဲ့မထိုးဘဲ သေနတ်နဲ့ပစ်ရင်ဖြစ်စေ (ခြောက်ချက်ထဲက တစ်ချက်ချက်လွဲခဲ့ရင်) ဆရာတော်ဦးတိဿ အာပတ်မသင့်(ပါရာဇိကမကျ)ဘူး။
အဲဒီခြောက်ချက်နဲ့သတ်ဖို့ အတိအကျခိုင်းရင် အတိအကျညီညွတ်မှ ခိုင်းသူဟာ ပါရာ ဇိကကျ (ရဟန်းအဖြစ်ဆုံးရှုံး)ပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက်မရှိဘဲ သာမန်စေခိုင်းရင်တော့ အာပတ် လွတ်လမ်းမရှိနိုင်ပါဘူး။ ဥပမာ လူသတ်သမားကို ဆရာတော်ဦးတိဿက 'ဟေ့ ဒကာ၊ ဦးဒတ္တကို သွားပြီးသတ်ပစ်ချေ'လို့ သာမန်ပဲပြောလို့ လူသတ်သမားအနေနဲ့ ဦးဒတ္တကိုသွားသတ်ရင် ဦးဒတ္တ သေတာနဲ့ ဆရာတော်ဦးတိဿဘုန်းကြီးမဟုတ်တော့ဘူး။

သတ်မှတ်ချက်မရှိလို့
****************
ဆရာတော်ဦးတိဿက လက်နက်ကိုင်တွေကို 'ခင်ဗျားတို့ကို ဆန့်ကျင်အာခံနေသူတွေ ဟာ ခင်ဗျားတို့ရဲ့ရန်သူပဲ။ ရန်သူဆိုတာကို အကြွင်းအကျန်မထားနဲ့၊ အပြတ်ရှင်းပစ်လို့ သာမန်ပဲ တိုက်တွန်းအားပေးပြီးတဲ့နောက် လက်နက်ကိုင်တွေက (ဆရာတော်ဦးတိဿက တို့ကို ရန်သူကို အ ပြတ်ရှင်းပစ်ဖို့ သင်ကြားပေးလိုက်တာပဲဆိုတဲ့အသိနဲ့) ၄င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ဘယ်သူ့ ကိုမဆို 'ဘယ်သူ့ကိုမဆို၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လက်နက်၊ ဘယ်လိုနေတုန်း၊ ဘယ်နည်း နဲ့ပဲသတ်သတ်၊ သတ်ဖို့အမိန့်ပေးပေး' ဆန့်ကျင်ဘက်အုပ်စုမှာ လူတစ်ယောက်သေတာနဲ့ စေခိုင်း သူဆရာတော်ဦးတိဿ ရဟန်းမဟုတ်တော့ဘဲ သင်္ကန်းဝတ်ကြီးဖြစ်သွားပါတယ်

ဦးတိဿဟာ ခေါင်းပြတ်သွားတဲ့လူကို ပြန်ရှင်အောင်လုပ်လို့မရသလို တစ်သက်လုံး ဘုန်းကြီးပြန်ဝတ်ခွင့်လည်း မရှိတော့ဘူး။ ဗုဒ္ဓသာသနာ့ဝန်ထမ်း ရှင်ရဟန်းအဖြစ် ဒီဘဝမှာ ဆုံးရှုံး သွားပြီ။ အပြစ်က အဲဒါလောက်ကြီးတယ်။

ငါ့အဓိဋ္ဌာန်
********
မှားယွင်းမှုဟူသည် မောဟမကင်းသူ လူတိုင်းနှင့်ဆက်ဆံ၏။
သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကိုရဲဝံ့စွာ ငါခံယူမည်။
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍ ဆောင်ရွက်မည်။
ငါ့အလုပ်နှင့်တူသောအကျိုးကို မချွတ်ငါရမည်။

စတုတ္ထစံကျောင်းဆရာတော်

( အရှင်ကေလာသ ဆရာတော်၏ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။)


Credit - Yangon Media Group

 

No comments:

Post a Comment