Wednesday, November 12, 2014

လွှတ်တော်များ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံ၏ လက်ရှိ အပြောင်းအလဲများကို ကြည့်လျှင် တက်ကြွမှု အရှိဆုံး၊ လှုပ်ရှားမှု အများဆုံးနှင့် ပွင့်လင်းမြင်သာမှု အရှိဆုံးမှာ ဒီမိုကရေစီ သဘောသဘာဝအရ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ဥပဒေပြု လွှတ်တော်များဟု ဆိုနိုင်သည်။ ယင်းဥပဒေပြု လွှတ်တော်များတွင်လည်း ပြည်ထောင်စုအဆင့် လွှတ်တော်များ၏ လှုပ်ရှားမှုမှာ ပေါ်လွင်ထင်ရှားမှု အရှိဆုံး ဖြစ်သည်။

နိုင်ငံသား အများစုသည် နှစ်ငါးဆယ်ကျော်ကြာ တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုအောက်တွင် နေထိုင်လာခဲ့သောကြောင့် အသွင်ကူးပြောင်းရေး ကာလကို

မျက်မှောက်ပြုနေလင့်ကစား ကျင့်သုံးလာခဲ့သော ပညာရေးစနစ်ကြောင့် ဒီမိုကရေစီစနစ်၏ အခြေခံ စရိုက်လက္ခဏာများကို ခြေခြေမြစ်မြစ် နားလည်မှု အားနည်းလှသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက အာဏာသုံးရပ်အပေါ် အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်း အကောင်အထည်ဖော်မှု အဆင့်ဆင့်ကိုလည်း နားလည် သဘောပေါက်သူ နည်းပါးလှသည်။

လွှတ်တော်များကို ဝေဖန်ရေးသားနေသည့် မီဒီယာ အများစုပင်လျှင် လွှတ်တော်များ အကြောင်းကို သဘောသဘာဝနှင့်တကွ ခြေခြေမြစ်မြစ်သိရှိ နားလည်သူ နည်းသောကြောင့် ဝေဖန်၊ ဆန်းစစ်၊ အကြံပြု ထောက်ပြခြင်းနှင့် အပြစ်ရှာ၊ အဆိုးပြောခြင်း မကွဲပြားသည်ကို တွေ့ရသည်။ သို့သော် လွှတ်တော်တို့ မည်သည် မည်သို့သော ဝေဖန်ပြစ်တင်မှုများ ရှိနေစေကာမူ လွှတ်တော်က ချမှတ်ထားသည့် ဆောင်ပုဒ်များနှင့်အညီ ပြည်ထောင်စု နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အကျိုးကို ထမ်းဆောင်နေကြောင်း လက်တွေ့လုပ်ရပ်များဖြင့် အချိန်ပြည့် ပြသနေရမည် ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော် အသီးသီးသည် ပြည်ထောင်စု နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အကျိုးအလို့ငှာ လိုအပ်သော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ ခေတ်မမီတော့သည့် တည်ဆဲဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲ၊ ဖြုတ်ပယ်၊ ပယ်ဖျက်ခြင်း၊ အစိုးရအဖွဲ့က နှစ်စဉ်တင်ပြသော အရအသုံးမှန်းခြေ ငွေစာရင်းကို စိစစ်ခြင်း၊ လျှော့ပေါ့ခြင်း၊ ဖြတ်တောက်ခြင်း၊ (လိုအပ်ပါက) ဆိုင်းငံ့ထားခြင်း၊ နယ်ပယ်အလိုက် ဖွဲ့စည်းထားသော ရေးရာကော်မတီများမှတစ်ဆင့် အုပ်ချုပ်ရေး၊ တရားရေးနှင့် တပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုအားကောင်းလာစေရန် ပံ့ပိုးထိန်းညှိပေးခြင်း စသည့် အခြေခံတာဝန်များကို ထမ်းဆောင်ကြရသည်။

သို့သော် တစ်ခါတစ်ရံတွင် တစ်သီးပုဂ္ဂလဆန်သော ကိစ္စရပ်များအပေါ် ဆတ်ဆတ်ထိမခံ တုံ့ပြန် ကြေညာချက်များ ထုတ်ပြန်ခြင်းကဲ့သို့ သာမန်လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံရေး ရင့်ကျက်မှု အားနည်းသောပါတီ၊ အဖွဲ့အစည်းများ၊ ပီအာခေါ် လူထုဆက်ဆံရေး နည်းနာ၏ အခြေခံသဘောကို နားမလည်သည့် အသင်းအဖွဲ့၊ လူပုဂ္ဂိုလ်များနှင့် ဆင်တူသော စရိုက်လက္ခဏာ များကြောင့် ဥပဒေပြု လွှတ်တော်များ မူလထမ်းဆောင်ရမည့် တာဝန်၊ ဝတ္တရား၊ လုပ်ပိုင်ခွင့်များ လစ်ဟင်းကာ ကျင့်ဝတ်စည်းကမ်းနှင့် ဂုဏ်သိက္ခာ အဆင့်အတန်းများ ထိခိုက်ညှိုးနွမ်း သွားမည်ကို စိုးရိမ်မိကြောင်း သတိပေးလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၁-၁၁-၂၀၁၄)

--------------------------------
The Voice Daily Editorial, Vol-2/No-182 (#voiceeditorial)

 
 

No comments:

Post a Comment