လွှတ်တော်ကိုယ်စားလှယ်များ
အပါအ၀င် အစိုးရဌာနဆိုင်ရာတို့၏ အမှန်တကယ် သုံးစွဲကုန်ကျငွေများကို
လိမ်လည်၍ စာရင်းတင်ပြနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစိုးရဌာနဆိုင်ရာတို့၏ အမှန်တကယ် သုံးစွဲကုန်ကျငွေများမှာ လိမ်လည်၍ စာရင်းတင်ပြနေကြောင်း ရှမ်းပြည်နယ် သီပေါမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အစိုးရဌာနဆိုင်ရာတို့၏ အမှန်တကယ် သုံးစွဲကုန်ကျမှုမှာ ချထားပေးသည့် ခေါင်းစဉ်များဖြင့် လွဲချော်နေသဖြင့် လိမ်လည်၍
စာရင်းတင်ပြနေခြင်းကို ရှောင်ရှားရန်အတွက် ဒေသဆိုင်ရာအလိုက် အောက်ခြေနှင့်တိုင်ပင်ပြီး စည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ရေးဆွဲပေးရန် အစီအစဉ် ရှိမရှိ” ကို လွှတ်တော်တွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ရပ်ကွက်နဲ့ ကျေးရွာအုပ်စုများကို နိုင်ငံတော်မှ အသုံးစရိတ် ကျပ်ငါးသောင်းချထားပေးရာမှာ သတ်မှတ်ထားတဲ့ ခေါင်းစဉ်များအတိုင်း သတ်မှတ်ထားတဲ့ ငွေပမာဏကိုသာ သုံးစွဲကြရပါတယ်။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက တကယ်တမ်းသုံးစွဲတဲ့ အခါမှာ ထိုသို့သတ်မှတ်ထားတဲ့အတိုင်း ဖြစ်မလာဘဲ ပိုနေသည့်ခေါင်းစဉ်အောက်မှ ခွင့်ပြုငွေကို လိုနေတဲ့ခေါင်းစဉ်အောက်သို့ ဖြည့်စွက်ပြောင်းလဲ သုံးစွဲခွင့်မပြုပါ။ ထို့ပြင် တကယ်တမ်း သုံးစွဲကြရတဲ့ ကိစ္စများဖြစ်ကြတဲ့ တယ်လီဖုန်းကြေးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ စသည်တို့မှ ထုတ်ဝေသည့် စာစောင်ဖိုးများ၊ ရုံးလုပ်ငန်းသုံး မိတ္တူကူးခများ၊ ဧည့်ခံစရိတ်များ စသည်တို့ကို စာရင်းတင်ခွင့်မပြုပါ။ ဒီလို တကယ်တမ်းသုံးစွဲရန် လိုအပ်တဲ့ခေါင်းစဉ်နဲ့ ချထားခွင့်ပြုပေးတဲ့ ခေါင်းစဉ်တို့ မကိုက်ညီဘဲ ဖြစ်လာတဲ့အခါမှာ စာရင်းစစ်ဌာနက လက်ခံလာအောင် မိမိတို့တင်ပြတဲ့ စာရင်းများကို လိမ်လည်ပြီးတော့ တင်ပြကြရပါတယ်။ ဒီကိစ္စဟာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသာမက အစိုးရရုံးတိုင်း၊ ဌာနတိုင်းလိုလိုမှာ ဖြစ်နေတဲ့ပြဿနာလို့ သိရှိရပါတယ်” ဟု ဦးရဲထွန်းက ပြောကြားသည်။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “အခုအခါမှာတော့ အဲဒီပြဿနာဟာ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ရပ်နားချိန်၊ လွှတ်တော်လုပ်ငန်းများ လုပ်ကိုင်ရန်ထုတ်ပေးတဲ့ ကြိုတင်ငွေလေးသိန်းမှာပဲ ဒီပြဿနာကို ထပ်တွေ့လာရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ မိမိမဲဆန္ဒနယ်ကို ကိုယ်ပိုင်ကားဖြင့်သွားပြီးတော့ လွှတ်တော်ရဲ့လုပ်ငန်းတွေ လုပ်တဲ့ကိစ္စကို ကျွန်တော်တို့ တက္ကစီကားခ ငါးထောင်ကိုသာ တင်ခွင့်ပြုပြီးတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီ စသည့်ဘောက်ချာများကို လက်မခံပါဘူး။ အမှန်တကယ်အားဖြင့် ကျွန်တော်တို့ သီပေါမှာဆိုလို့ရှိရင် အသွားအပြန် တက္ကစီငှားလို့ ကျပ်ငါးထောင်ဆိုတာဟာ မြို့ထဲပဲရောက်ပါတယ်။ မြို့အပြင်ကို မရောက်ပါဘူး။ ဒီငါးထောင်ဆိုတာကတော့ ရန်ကုန်မှာကတော့ အဝေးဆုံးသွားတဲ့နေရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တကယ်တမ်းကုန်ကျတဲ့ ဧည့်ခံစရိတ်၊ ဟောပြောပွဲ၊ လှည့်လည်ကြော်ငြာခ၊ လက်ကမ်းစာစောင်ဖိုး စတာတွေအတွက် ခွင့်ပြုငွေမပါပါဘူး” ဟု ဆွေးနွေးပြောကြားသည်။
အထက်ပါမေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က “ငွေစာရင်းခေါင်းစဉ်အလိုက် ကျခံရမည့် အသုံးစရိတ်များနှင့် ဝန်ထမ်းများတာဝန်ဖြင့် ခရီးသွားရာတွင် ခွင့်ပြုသည့်ခရီးစရိတ်၊ ခရီးသွားနေ့တွက်စရိတ်နှင့် အချိန်ပိုဆောင်ရွက်မှုများအတွက် ကျွေးမွေးစရိတ် စသည့်အသုံးစရိတ်များအား ခေတ်ကာလနှင့် လျော်ညီမှုရှိစေရေးအတွက် စိစစ်သုံးသပ်၍ ဆောင်ရွက်သွားမည်” ဟု ရှင်းလင်းဖြေကြားသည်။
သတ်မှတ်ပြဋ္ဌာန်းထားသည့် ငွေစာရင်းခေါင်းစဉ်အလိုက် ခွင့်ပြုသုံးစွဲငွေများကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ထိထိရောက်ရောက် အလေအလွင့်မရှိ သုံးစွဲခြင်း ရှိမရှိနှင့် ခွင့်ပြုသုံးစွဲငွေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်သော လုပ်ငန်းစီမံကိန်းများသည်လည်း ရည်မှန်းချက်အတိုင်း အောင်မြင်ပြီးမြောက်ခြင်း ရှိမရှိ စာရင်းစစ်များက စစ်ဆေးကြရကြောင်း၊ ထိုသို့စစ်ဆေးသည့်အခါတွင် အသုံးစရိတ်များကို မှန်ကန်သည့် ငွေစာရင်းခေါင်းစဉ်များတွင် မှန်ကန်စွာဖော်ပြထားမှု မရှိခြင်းများ၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် ငွေစာရင်းခေါင်းစဉ်အလိုက် ကျခံရမည့် အသုံးစရိတ် အမျိုးအစားများမှာလည်း ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့သဖြင့် ခေတ်ကာလနှင့် လျော်ညီမှုရှိစေရေးအတွက် ထပ်မံဖြည့်စွက်ရန် လိုအပ်နေခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်ကာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာတင်ပြခဲ့ကြောင်း ဒုဝန်ကြီးဒေါက်တာလင်းအောင်က ဆက်လက်ပြောကြားသည်။
Credit - Eleven Media Group

No comments:
Post a Comment