မြန်မာနိုင်ငံအတွင်းသို့ RSO အဖွဲ့ဝင် ဖောက်ခွဲရေးသမားလေးဦး
ရောက်ရှိနေသည့် သတင်းထွက်ပေါ်နေမှုမှာ စိုးရိမ်စရာမရှိကြောင်းနှင့်
တစ်နိုင်ငံလုံးတွင် လုံခြုံရေးကို ရာနှုန်းပြည့်ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က နိုဝင်ဘာ
၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ထို့အပြင် ယင်းကဲ့သို့
သတင်းထွက်ပေါ်နေသော RSO အဖွဲ့မှ ဖောက်ခွဲရေးသမားလေးဦးကို
အမြန်ဆုံးဖမ်းဆီးရမိရန် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအားလုံး
ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီအကြမ်းဖက်သမားလေးယောက်နဲ့
ပတ်သက်ပြီးတော့ ဘာမှပြဿနာမရှိပါဘူး။ ဒီလိုသတင်းတွေက
အများကြီးရှိတယ်။
အခုကလည်း အာဆီယံထိပ်သီးအစည်းအဝေးကာလ ဖြစ်နေတဲ့အတွက်
လုံခြုံရေးဆောင်ရွက်မှုကို ရာနှုန်းပြည့်လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း စိုးရိမ်စရာ မရှိပါဘူး။ ထွက်ပေါ်နေတဲ့ သတင်းထဲက
အကြမ်းဖက်လေးယောက်ကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါပြီ” ဟု
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားတိုင်းနှင့်ပြည်နယ်များ၌
ယင်းအကြမ်းဖက်သမားလေးဦးအား အမြန်ဆုံးဖမ်းဆီးရမိရန်
ရဲလုပ်ငန်းအစီအမံများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီသတင်းနဲ့
ပတ်သက်ပြီးတော့လည်း ရန်ကုန်တိုင်းဒေသကြီးကို ဝင်ရောက်လာနိုင်တဲ့ ရေကြောင်း၊
လေကြောင်း၊ ကုန်းကြောင်း စတဲ့လမ်းကြောင်းတွေအကုန်လုံးမှာ လုံခြုံရေးတွေကို
အပြည့်အဝ ဆောင်ရွက်ထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်က ပြောကြားသည်။
ယင်းကဲ့သို့
အကြမ်းဖက်သမားများနှင့်တူသည့် လူနှစ်ဦး လာရောက်တည်းခိုနေကြောင်း
သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ
ဟိုတယ်တစ်ခုအား နိုဝင်ဘာ ၁ဝ ရက် နံနက် ၁ဝ နာရီခန့်တွင်
သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးရာ ၎င်းတို့မှာ
အကြမ်းဖက်သမားများမဟုတ်ဘဲ ကားဝယ်ရောင်းကိစ္စဖြင့် ရန်ကုန်သို့ရောက်ရှိ
တည်းခိုနေထိုင်နေသည့် အမျိုးသားသုံးဦးဖြစ်ကြောင်း သိရသည်။
Credit -Eleven Media Group
No comments:
Post a Comment