
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ် မိုဒီတို့အား တွေ့ရစဉ် (Photo:NLD Chairperson Facebook)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့် နိုင်ငံတကာခေါင်းဆောင်များက လာရောက်တွေ့ဆုံဆွေးနွေးနေကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသော သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့သည် နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဆောင် I -12 တွင်လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထမ်းဆောင်နေသူလည်းဖြစ်သည်။
အလားတူ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသော အိန္ဒိယ၀န်ကြီးချုပ် မိုဒီသည်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်သည်လည်း ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံရန်ရှိကြောင်း သိရသည်။
ထို့ပြင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်မည့် အမေရိကန်သမ္မတအိုဘားမားသည်လည်း ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ သူမ၏နေအိမ်၌ သွားရောက်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
ခေါင်းဆောင်နှစ်ဦးသည် ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းဖြစ်ပြီး ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်နေမှုများ၊ လာမည့် ၂၀၁၅ ရွေး ကောက်ပွဲကျင်းပမည့်အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေများကို ထည့်သွင်းဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများသည် ရပ်တန့်နေကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အလွန်အကျွံအကောင်းမြင်သည့် အချိန်ကာလများရှိခဲ့သည်ဟု မိမိတို့အနေဖြင့်ထင်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ပြီးခဲ့သည့်နှစ် အစောပိုင်းကာလကတည်းက စတင်ရပ်တန့်လာခဲ့ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၄ လအတွင်း သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သလားဆိုသည်ကို မေးမြန်းလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားထားသည်။
သမ္မတအိုဘားမားသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလကလာရောက်ခဲ့ရာတွင်လည်း သမ္မတဦးသိန်းစိန်အား တွေ့ဆုံခြင်းအပြင် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ရှိ သူမ၏နေအိမ်သို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော်တွင်ကျင်းပလျက်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် ရောက်ရှိနေသော အခြားသောနိုင်ငံတကာခေါင်းဆောင်များသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ နေပြည်တော်တွင်ကျင်းပလျက်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသော နိုင်ငံတကာခေါင်းဆောင်များက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်တွေ့ဆုံဆွေးနွေးမည့် သတင်းများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်က ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၁၃ ရက်တွင် လွှတ်တော်၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က လာရောက်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် အချို့သောခေါင်းဆောင်များကလည်း လာရောက်တွေ့ဆုံရန်ရှိကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည်ဖော်နေသောကြောင့် နိုင်ငံတကာခေါင်းဆောင်များသည် မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရာတွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံရုံသာမက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သွားရောက်တွေ့ဆုံဆွေးနွေးလေ့ရှိသည်။
Credit - Eleven Media Group
No comments:
Post a Comment