သမ္မတ၏အရည်အချင်း သတ်မှတ်ချက်များ သမ္မတရွေးချယ်မှုတို့နှင့် ဆက်စပ်သော ပုဒ်မ ၅၉ နှင့် ၆၀ တို့သည် အဓိကပုဒ်မများဖြစ်ပြီး ဗျူဟာမြောက်ပြင်ဆင်ရေးတွင် မပါမဖြစ်ပုဒ်မများဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော်နှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှစ်ဆင့်ကို ကျော်လွှားပြင်ဆင်နိုင်ရေးမှာ တုံ့ဆိုင်းနေဆဲဖြစ်သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင်းသာမက နိုင်ငံ့ရေးရာဆွေးနွေးပွဲများ၌ အကြိတ်အနယ် ဆွေးနွေးသဘောတူညီမှုရရှိရေး ဇောင်းပေးနိုင်မှသာ ရှေ့မတိုးနောက်မဆုတ် အနေအထားကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာတွင် အခန်း(၃) နိုင်ငံတော်အကြီးအကဲအခန်း၏ ပုဒ်မ (၁၇) ခုအနက် ပုဒ်မ (၁၆)ခုကို ပြင်ဆင်၊ ပယ်ဖျက်ရန် စဉ်းစားသင့်ကြောင်း အကြံပြုတင်ပြခဲ့သည်။
ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၃) ပုဒ်မ ၅၉ နှင့် ပုဒ်မ ၆၀ မှလွဲ၍ ကျန်ပုဒ်မများကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံရန် လိုအပ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(ခ)တွင် ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် အစီရင်ခံစာပါ ပုဒ်မ ၅၉ နှင့် ၆၀ မှလွဲ၍၊ ကျန်ပုဒ်မ (၁၄)ခု ပြင်ဆင်နိုင်ရေးတွင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်သည် ပဓာနကျသည်။ ၇၅ ရာခိုင်နှုန်းကျော်ဆိုသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပိုမိုအရေးကြီးပြန်သည်။
အစီရင်ခံစာကို သုံးသပ်လျှင် ဒုတိယသမ္မတနှစ်ဦးထားခြင်းထက် တစ်ဦးတည်းထားရှိပြီး သမ္မတနှင့် ဒုတိယသမ္မတများကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရွေးချယ်တင်မြှောက်ရန် အကြံပြုချက်များကို သတိပြုမိသည်။ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးအဆင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအဖြစ် ခန့်အပ်တာဝန်ပေးရာတွင် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ခန့်အပ်နိုင်ရေး လွှတ်တော်ကဆုံးဖြတ်ပေးပြီး ပုဒ်မ ၆၀(ဂ)ကို ပြင်ဆင်နိုင်ရန် အာဏာရပြည်ခိုင်ဖြိုးပါတီက အကြံပြုခဲ့သည်။ ဒီချုပ်ပါတီ၊ အန်ဒီအက်ဖ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က လွှတ်တော်ကိုယ်စားလှယ်များထဲမှ သမ္မတရွေးချယ် တင်မြှောက်ရေးကို လိုလားကြသည်။ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဦးဇခုန်တိန့်ယိမ်းတို့က သမ္မတ၊ ဒုတိယသမ္မတတို့ကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်ရမည်ဟု ပြင်ဆင်ရန် အကြံပြုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကို အပ်နှင်းထားသော တာဝန်များနှင့် လုပ်ပိုင်ခွင့်များသည် ကျယ်ပြောလွန်းသဖြင့် ပြည်သူက တိုက်ရိုက်ရွေးချယ်ခြင်းကို ပြင်ဆင်နိုင်မည်ဆိုလျှင် နိုင်ငံရေးအရ လျော်ကန်သင့်မြတ်မည် ဖြစ်သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်တွင် ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ပေးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ပြည်ထောင်စုလွှတ်တော်က အမည်စာရင်းတင်သွင်း၍ နိုင်ငံတော်သမ္မတက ခန့်အပ်ရမည်။ ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ တာဝန်ထမ်းဆောင်ခွင့်မရှိသော နိုင်ငံတော်ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ အကြီးအမှူးဖြစ်သည်ဟု ပြင်ဆင်နိုင်ရန် အကြံပြုတင်ပြခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးသာ အတည်ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲအလွန် အာဏာဝေခြမ်းရေး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် စေ့စပ်ညှိနှိုင်းရာတွင် အသုံးတည့်လာနိုင်ဖွယ်ရှိသော လက်နက်ကောင်းတစ်လက် ဖြစ်လာနိုင်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မြန်မာနိုင်ငံ ညီညွှတ်ရေးဒီမိုကရက်တစ်ပါတီတို့ အနေဖြင့် ဒုတိယသမ္မတ နှစ်ဦးထားရှိခြင်းထက် ဒုတိယသမ္မတ တစ်ဦးတည်းထားရှိရန် အကြံပြုခဲ့သည်။ ဒုတိယသမ္မတတစ်ဦးတည်းထားပြီး နိုင်ငံတော်ဝန်ကြီးချုပ်နေရာကို အတည်ပြုနိုင်မည်ဆိုလျှင် အနာဂတ်နိုင်ငံရေး အလျှော့အတင်းသည် ပိုမိုလက်စောင်းထက်လာနိုင်ခြေ ရှိသည်။ ပုဒ်မ ၅၉(ဃ)တွင် ပါရှိသော စစ်ရေးအမြင်ကို အမျိုးသားညီညွှတ်ရေး ကွန်ကရက်ပါတီက ပယ်ဖျက်ရန်အကြံပြုခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့က လုံခြုံရေးအမြင်၊ ကော်မတီက ကာကွယ်ရေးအမြင်ဟု ပြင်ဆင်ရန် အကြံပြုခဲ့ကြသည်။
ပုဒ်မ ၅၉(စ)သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နိုင်ရေး အဟန့်အတားဖြစ်စေသည့် ပုဒ်မဖြစ်နေပြီး၊ နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသားပြည်သူလူထု အများစုကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ရှေးရှုနေသည့်အလျောက်၊ နိုင်ငံတကာကပါ စောင့်ကြည့်နေသည့်ပုဒ်မလည်း ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် အကြိတ်အနယ်ဖြစ်ခဲ့ရသော ပုဒ်မတစ်ခုဖြစ်သည့် ပုဒ်မ ၅၉(စ)နှင့်ပတ်သက်၍ ကော်မတီ၏အစီရင်ခံစာပါ အကြံပြုချက်များသည်လည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အကြံပြုချက်သည် ပြင်ရမည်ဟု မဆိုသော်လည်း၊ သမ္မတအရည်အချင်း သတ်မှတ်ချက်များကို နိုင်ငံတော်၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့နှင့်ယှဉ်၍ လည်းကောင်း၊ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်ဆိုင်သည့်အခြေခံအချက်အလက်များနှင့် လည်းကောင်း ဆက်စပ်စဉ်းစားပြီး ဥပဒေပြုနိုင်ရေး အကြံပြုထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၅၉(စ)ပါ ပြဋ္ဌာန်းချက်ဖြစ်သော မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရသည် ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် ပုံစံတူပြဋ္ဌာန်းချက်အဖြစ် မတွေ့ရှိရသဖြင့်၊ ပယ်ဖျက်သင့်ကြောင်း အကြံပြုခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မိမိ၏ တရားဝင်သားသမီး တစ်ဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်းဟူသော စကားရပ်ကို ဖြုတ်ပယ်သင့်ပြီး၊ ရခိုင်အမျိုးသားပါတီက နိုင်ငံခြားသားအိမ်ထောင်ဖက် သက်ရှိထင်ရှား ရှိနေလျှင်ဟူသော စကားရပ်ဖြင့် အစားထိုးသင့်သည်ဟု အကြံပြုခဲ့သည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ မဖြစ်စေရ၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရတို့၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်ရှိသူများ မဖြစ်စေရဟု ပြင်ဆင်ရန် အကြံပြုခဲ့သည်။
ပုဒ်မ ၅၉(စ)သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နိုင်ရေး အဟန့်အတားဖြစ်စေသည့် ပုဒ်မဖြစ်နေပြီး၊ နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသားပြည်သူလူထု အများစုကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ရှေးရှုနေသည့်အလျောက်၊ နိုင်ငံတကာကပါ စောင့်ကြည့်နေသည့်ပုဒ်မလည်း ဖြစ်သည်။ ကော်မတီအနေဖြင့် အဆိုပါပုဒ်မကို မူလအတိုင်းထားရှိလိုပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကလည်း တုံဏိဘာဝေ နေနေသည့်အလျောက် ၅၉(စ) ပြင်ဆင်နိုင်ရေး ခရီးပေါက်နိုင်ခြေ အလားအလာနည်းပါးသည်ဟု သုံးသပ်ရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတနှစ်ဦး နေရာတွင် သမ္မတ၊ ဒုတိယသမ္မတနှင့် ၀န်ကြီးချုပ်ပုံစံသည် နိုင်ငံရေးအကျပ်အတည်းကို ဖြေလျှော့ကောင်းဖြေလျှော့နိုင်မည့် ခြေလှမ်းဖြစ်သည်။ ပုဒ်မ ၅၉(စ)ကို မတို့မထိ၊ ၀န်ကြီးချုပ်ဖြစ်ခွင့်ရှိခြင်းနှင့်အတူ နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်နေရာကို လမ်းဖွင့်ပေးကောင်း ပေးလာနိုင်သည်။ သမ္မတ၊ ဒုသမ္မတနှင့် ၀န်ကြီးချုပ်တို့ကို ပြည်သူက တိုက်ရိုက်ရွေးကောက်မည်ဖြစ်ပြီး တပ်မတော်၏ ဒုတိယသမ္မတဝေစုပျောက်မည့် အခင်းအကျင်းကို တပ်မတော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက လက်သင့်မခံလျှင် သောင်မတင်ရေမကျဖြစ်ဦးမည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အကြီးအကဲ၊ ပုဒ်မ ၅၉(စ)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား လမ်းပိတ်မှုများကို ဖွင့်ပေးနိုင်မည့် ပြတင်းတံခါးများအား နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းများတွင် ဈာန်သွင်းလာနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
Credit - Eleven Media Group
No comments:
Post a Comment