သတင်းဂျာနယ်များတွင် မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်သော မူးယစ်ဆေးစွဲ
လူငယ်၊ လူရွယ်များ အတွက် ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီးဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်း၏ ဆေးသုံးစွဲ ပုဒ်မ၏ ပြစ်ဒဏ်များ ကို ပြန်လည် ပြင်ဆင်
ရေးဆွဲနေသည်ဟု သိရှိရပါသည်။
လွှတ်တော်ကိုယ်စားလှယ်ကြီး
ဦးခပိုင်မုန်ကွပ်၏ မူးယစ်သုံးစွဲမှု ပြစ်ဒဏ်နှင့် သတ်မှတ်ထားသော ပမာဏ
အတိုင်းအတာထက် မကျော်လွန်သော မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှု ပြစ်ဒဏ်များကို
ပြင်ဆင်ရန် အကြံပေး တင်ပြမှု တို့ကိုလည်း ဖတ်ရှုခဲ့ရပါသည်။
အရက်သမားကို အရက်ပုလင်းနှင့်အတူ၊ ကွမ်းစားသူကို ကွမ်းယာနှင့်အတူ
တွဲပြီးတွေ့ရသကဲ့သို့ မူးယစ်ဆေး သုံးစွဲသူသည်လည်း မူးယစ်ဆေးနှင့် အတူ
တွေ့ရှိရသည်မှာ အမှန်တကယ်တော့ မဆန်းပါ။
သုံးစွဲသူသည် ပမာဏများစွာ
လက်ဝယ်ထား၍ ရောင်းဝယ် ဖောက်ကားရန် အလို့ငှာ ဆိုလျှင် အရေးယူသင့်ပါသည်။
သုံးစွဲသူ ကို လက်ဝယ်တွေ့ဆိုပြီး သုံးစွဲမှု၊ လက်ဝယ်တွေ့မှုဆိုပြီး
ပုဒ်မနှစ်ခုတပ်၍ ပြစ်ဒဏ် များကိုလည်း တပေါင်းတည်း မချဘဲ သီးခြား
ပြစ်ဒဏ်ကျခံစေခြင်းသည် လမ်းမှားရောက်နေသော ဆေးစွဲနေ သူ လူတစ်ယောက်ကို
ယင်းပြစ်ဒဏ် ချမှတ်ခြင်းဖြင့် လူကောင်း တစ်ယောက် ပြန်ဖြစ်နိုင်မည်ဟု
မထင်ပါ။ ဆေးစွဲသူ ရောဂါသည် တစ်ယောက်အဖြစ် မသတ်မှတ်ဘဲ ဒုစရိုက်သမား
တစ်ယောက်ကဲ့သို့ သတ်မှတ်ပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်နေခြင်းမှာ
ယင်းနှင့် ယင်းမိသားစုတို့ အပေါ်၌ပါ ဒုက္ခဆင်းရဲတွင်း ကျရောက်စေပြီး
ထောင်ထဲတွင် ဒုစရိုက်သမားများနှင့်အတူ မထူးဇာတ်ခင်းမိုက်တွင်း ပို၍
နက်စေသည်ဟု ထင်မိပါသည်။ အညွန့်တလူလူနှင့် လူငယ်များ ဆေးစွဲရခြင်း၏ အဓိက
အကြောင်းရင်းမှာ ဆေးဝယ်၍ ရသောကြောင့် ဖြစ်ပါသည်။ မူးယစ်ဆေးဝါးများ
နိုင်ငံတွင်းသို့ ၀င်ရောက်ရောင်း ၀ယ်မှုများ ရှိနေသရွေ့
ဆေးသုံးစွဲသူများလည်း ရှိနေမြဲဖြစ်ပါသည်။ ကျူပင်၏အမြစ်ကို မခုတ်နိုင်ဘဲ
ကျူပင်၏ အကိုင်းအခက်လေးများကို လိုက်ခုတ်နေသမျှ မူးယစ်ဆေးဝါး ပပျောက်မှု
စီမံကိန်းကြီး နှစ်ရှည် တိုက်ဖျက်နေပါသည်ဆိုလည်း ဘယ်သောအခါမျှ အောင်မြင်
နိုင်မည်မဟုတ်ပါ။
ယခုအခါ ၂၀၁၃-၁၄ အတွင်း မြန်မာနိုင်ငံ နေရာဒေသအနှံ့
မူးယစ်ဆေးဝါးများ ဖမ်းဆီး ရရှိနေပါသည် ဆိုသော သတင်း အများအပြား
တွေ့ရှိရပါသည်။ ယခင်၂၀၁၃ မတိုင်မီ ယင်းပစ္စည်းများ မည်မျှဖြန့်ဖြူး
ရောင်းချနေ ကြပြီး ဆေးစွဲ လူငယ်များ မည်မျှ များပြားနေသည်ကို
ခန့်မှန်းကြည့်နိုင်ပါသည်။ ဆေးစွဲ လူငယ်များကို မက်သဒင်း အစားထိုးဖြင့်
ဆေးရုံတွင် ကုသပေးနေပါသည် ဆိုသော်လည်း မူးယစ်ဆေးဝါးဝယ် ယူရနေသရွေ့ကတော့
အချည်းနှီး သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်တွေ့ရှိမှုဖြင့် ပြစ်ဒဏ်များကို သက်ညှာစွာ
လျှော့ပေါ့ပေး၍ ပြစ်ဒဏ် ချမှတ်ပြီးသော ယင်းအမှုများကိုပါ အကျုံးဝင်စေသည့်
ပြင်ဆင်မှုမျိုးကို ပြင်ဆင် ပေးသင့်ကြောင်းနှင့် မူးယစ်ဆေးဝါး
ရောင်းဝယ်မှုကို တားဆီးနှိမ်နင်းမှု အရှိန်အဟုန်မြှင့်
ဆောင်ရွက်သင့်ကြောင်းပါဗျာ။
ဦးသိန်းထူး
မန္တလေးတိုင်းဒေသကြီး
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment