Tuesday, November 11, 2014

နိုင်ငံတော်အခြေခံမူများ၊ ပြင်ဆင်ရေးခယောင်းလမ်းနှင့် ကတ္တီပါနိုင်ငံရေး ( ဆောင်းပါး )

(ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း)

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဇာစ်မြစ်ဟုဆိုနိုင်သည့် နိုင်ငံတော်အခြေခံမူများတွင် တပ်မတော်နှင့်ပတ်သက်သော ပြဋ္ဌာန်းချက်များသည် အားကောင်းမောင်းသန်လျက်ရှိသည်။ တပ်မတော်သည် ပြည်သူ့ဆန္ဒအစစ်အမှန်နှင့် တစ်သားတည်းရပ်တည်နိုင်မည်ဆိုလျှင် ပြင်ဆင်ရေးသည် မခဲယဉ်းနိုင်သော်လည်း သွေဖည်မည်ဆိုလျှင် ခယောင်းလမ်း ဖြစ်လာနိုင်သည်။ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုပြည်သူကို မျက်နှာမူသော တပ်မတော်အဖြစ် ရပ်တည်နိုင်မည်ဆိုလျှင် မြန်မာ့အပြောင်းအလဲသည် ခြေသွက်လက်သွက်၊ ခြေတက်လက်တက် ဖြစ်လာနိုင်ခြေရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာတွင် အခန်း(၁) နိုင်ငံတော်အခြေခံမူများအခန်း၏ ပုဒ်မ (၄၈) ခုအနက် ပုဒ်မ (၂၃)ခုကို ပြင်ဆင်၊ ပယ်ဖျက်ရန် စဉ်းစားသင့်ကြောင်း ညှိနှိုင်းခဲ့သည်။
ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ပုဒ်မ ၄၈ အထိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က)တွင် ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် အစီရင်ခံစာပါ ပုဒ်မ ၂၃ ခုကို ပြင်ဆင်နိုင်ရေးတွင် ပြည်ထောင်စုလွှတ်တော်တွင်းနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟူသော နှစ်ဆင့်ကို ဖြတ်သန်းရမည်ဖြစ်သည်။
နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးဟူသည့် အချက်ကို ပုဒ်မ ၆(စ)၌ ပြဋ္ဌာန်းထားပြီး ကော်မတီအနေဖြင့် ဦးဆောင်မှုဟူသော ဝေါဟာရကို ပယ်ဖျက်ရန် အဆိုပြုခဲ့သည်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်သူလူထုနှင့်အတူ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးဟု ပြင်ဆင်ရန် အကြံပြုခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများအနေဖြင့် ပုဒ်မ ၆(စ)ကို ပယ်ဖျက်ရန် အကြံပြုခဲ့သည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မူလအတိုင်းထားရှိရန် အကြံပြုခဲ့သည်။
တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍ၏ ဦးဆောင်မှုအပိုင်းတွင် ပါဝင်ထမ်းဆောင်နိုင်ရေးနှင့် ဆက်စပ်နေသည့် ပုဒ်မ ၆(စ)အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရေးတွင် ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်များအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မထောက်ခံလျှင် ဖြစ်နိုင်ခြေလုံးဝ (လုံးဝ) မရှိနိုင်သည့်အတွက် ပုဒ်မ ၆(စ)သည် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ပြင်ဆင်ရေးဥပဒေကြမ်းတွင် ပါရှိနိုင်သော်လည်း၊ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသောအခါ မုချ(မုချ)မူလအတိုင်း ထားရှိရန် အဆုံးအဖြတ်ပြုခံရမည့် ပုဒ်မဖြစ်သည်။ တပ်မတော်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပုဒ်မ ၆(စ)အပါအ၀င် တပ်မတော်ဆိုင်ရာ ပုဒ်မများ ပြင်ဆင်နိုင်ရေးကို ပွင့်ပွင့်လင်းလင်း စားပွဲဝိုင်းပေါ်တွင် ဆွေးနွေး၊ အဖြေရှာနိုင်မည်ဆိုလျှင် တိုင်းပြည်နှင့်ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၈)တွင် နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟူသော ပြဋ္ဌာန်းချက်ကို ကော်မတီအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့်ဟု ပြင်ဆင်သင့်ကြောင်း အကြံပြုခဲ့သော်လည်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ဖက်ဒရယ်နှင့်ပတ်သက်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်ပြီး လိုအပ်သလို ဆွဲယူဆောင်ရွက်နိုင်သဖြင့် မူလအတိုင်းထားရှိရန် အကြံပြုခဲ့သည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက သဘောမတူလျှင် ပြင်ဆင်နိုင်ရန် ဖြစ်နိုင်ခြေ လုံးဝ(လုံးဝ)မရှိသော အခင်းအကျင်းမှကြည့်လျှင် အဆိုပါပုဒ်မသည်လည်း ဥပဒေကြမ်းအဆင့်အထိသာ အမြင့်ဆုံးတက်လှမ်းနိုင်ခြေရှိသည်ဟု သုံးသပ်ရမည်။ အကယ်၍ ပြည်ထောင်စုလွှတ်တော်တွင် ဖက်ဒရယ်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်လည်ညှိနှိုင်းလျက် သတ်သတ်မှတ်မှတ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့မည်ဆိုလျှင် ပုဒ်မ ၈ ပြင်ဆင်နိုင်ရေး နောက်တစ်လှမ်းတက်နိုင်မည်ဖြစ်သည်။ သို့သော် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းအလွန်အထိ ခရီးပေါက်နိုင်ခြေမှာ နည်းပါးနေဆဲဖြစ်သည်ဟု မှတ်ချက်ပြုနိုင်သည်။
ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်းနှင့် ဆက်စပ်သည့် ပြဋ္ဌာန်းချက်ဖြစ်သော ပုဒ်မ ၁၄ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နှင့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီတို့က ပြင်ဆင်ရန်၊ ရခိုင်အမျိုးသားပါတီက ပယ်ဖျက်ရန်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ မထည့်ရန် အကြံပြုခဲ့သည်။ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်က တိုင်းစစ်ဌာနချုပ်အလိုက် တပ်မတော်သားများက ရွေးကောက်တင်မြှောက်သော တပ်မတော်သားကိုယ်စားလှယ်များဟု ပြင်ဆင်ရန် အကြံပြုခဲ့သည်။ ပုဒ်မ ၁၄ သည် လွှတ်တော်များတွင် တပ်မတော်၏ပါဝင်မှုကို အုတ်မြစ်ချပေးသော အခြေခံမူဖြစ်သည့်အလျောက် ပြင်ဆင်နိုင်ခြေနည်းသည်ဟု သုံးသပ်နိုင်သည်။
တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟူသော ပုဒ်မ ၂၀(ခ)ကို အစီရင်ခံစာတွင် လုံးဝ(လုံးဝ)တို့ထိထားခြင်း မရှိပေ။ တပ်မတော်ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်ခွင့်ပြုခြင်းသည် ကြောင်းကျိုးဆီလျော်မှု အားနည်းနိုင်သည်။ နိုင်ငံ့ဘဏ္ဍာ သို့မဟုတ် ပြည်သူ့ဘဏ္ဍာနှင့် ရပ်တည်နေသော တပ်မတော်အနေဖြင့် ပြည်သူကို ကိုယ်စားပြုသည့် မဏ္ဍိုင်ကြီးသုံးရပ်မှ သီးခြားကင်းလွတ်၊ ရပ်တည်နိုင်ခွင့်ကို အခြေခံဥပဒေအရ ခွင့်ပြုထားခြင်းသည် ကြောင်းကျိုးဆီလျော်မှု အားနည်းသည်ဟု မှတ်ချက်ပြုနိုင်သည်။
ပုဒ်မ ၂၀ သည် တပ်မတော်နှင့် အဓိကဆက်စပ်သော ပုဒ်မဖြစ်သည်။ ပုဒ်မ ၂၀(ဂ)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟူသော အချက်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဒီမိုကရေစီအမြင်အားဖြင့် မသင့်လျော်၍ ဒီချုပ်ပါတီက ပယ်ဖျက်ရန် အကြံပြုခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သင့်သည်ဟူသော အချက်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။
တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟူသောအချက်ကို ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တို့က ပယ်ဖျက်ရန် တအာင်း(ပလောင်)အမျိုးသားပါတီက ပြင်ဆင်ရန် အကြံပြုခဲ့သည်။ တပ်မတော်သည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အုပ်ချုပ်ရေးကို ကာကွယ်ရမည့်နည်းတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်မှာ မူလဘူတ တာဝန်ပင်ဖြစ်သည့် အားလျော်စွာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းထားသည်ဖြစ်စေ၊ ထည့်သွင်းမထားသည်ဖြစ်စေ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ အဆိုပါပြဋ္ဌာန်းချက်သည် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားခြင်း မဟုတ်သည်ကိုလည်း သိမြင်သဘောပေါက်ရန် ပဓာနကျသည်။
အချုပ်အားဖြင့်ဆိုသော် တိုင်းရင်းသား ပြည်သူလူထုသည် ခယောင်းလမ်းကို ကျော်လွှားနိုင်ရေးတွင် ပြည်သူအများစု၏ ဆန္ဒသဘောထားအပေါ် တပ်မတော်၏ အလေးထားမှု၊ အသိအမှတ်ပြုမှုတို့နှင့်လည်း ဆက်စပ်နေသည်။ အခြေခံဥပဒေ အကျပ်အတည်းကို ပြည်သူနှင့်တပ်မတော် လက်တွဲကျော်လွှားနိုင်မည်ဆိုလျှင် ပြည်သူနှင့် တပ်မတော်အကြား ယုံကြည်မှု၊ နားလည်မှုနှင့် လေးစားမှုတို့ကို မြှင့်တင်နိုင်မည်ဆိုလျှင် မြန်မာ့ရှေ့ခရီးသည် ကတ္တီပါနိုင်ငံရေးပင်ဖြစ်သည်။
ထို့ကြောင့် ခယောင်းလမ်းကိုကျောခိုင်း၊ ကတ္တီပါနိုင်ငံရေးကို ရှေးရှုနိုင်ရေးတွင် ပြည်သူနှင့်တပ်မတော်၊ ပြည်သူ့ခေါင်းဆောင်များနှင့် တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လူထုခေါင်းဆောင်နှင့် တိုင်းရင်းသားခေါင်းဆောင်တို့အနေဖြင့် လက်ချင်းမြဲမြဲချိတ်၊ ခေါင်းချင်းများများ ရိုက်သင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်သြလိုက်ရပါသည်။

Credit - Eleven Media Group

No comments:

Post a Comment