ရန်ကုန်၊ နိုဝင်ဘာ ၁၁
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်
ပိုင်နယ်မြေရှိ တပ်မတစ်ခု၏ စစ်ဆင်ရေး နယ်မြေအတွင်း ဘန်ကာ အပါအ၀င်
ခြံစည်းရိုး ကာရံရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်၌
ကျပ်သန်း ၁၀၀ တောင်းခံ လိုက်သည်။
နိုဝင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့်
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးပွဲ၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏
နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏ ရသုံးငွေများနှင့် စပ်လျဉ်း၍
ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က
ယခုကဲ့သို့ တောင်းခံ ခဲ့ခြင်း ဖြစ်သည်။
““စစ်ဆင်ရေး အသုံးစရိတ်သန်း
၁၀၀ တင်ပြ တောင်းခံ တာတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေမှာရှိတဲ့
တပ်မတစ်ခုရဲ့ ရှေ့တန်း စစ်ဆင်ရေး နယ်မြေမှာ စခန်းသုံးဖို့
ကွန်ကရစ်ဘန်ကာငါးလုံး တည်ဆောက်ဖို့နဲ့ ကွန်ကရစ်တိုင်နဲ့ ခြံစည်းရိုး
ကာဖို့အတွက် တိုးမြှင့်ပြီး တင်ပြရခြင်း ဖြစ်ပါတယ်”” ဟု
ဒုဗိုလ်ချုပ်ကြီးဝေလွင်က ပြည်ထောင်စု လွှတ်တော်၌ တင်ပြတောင်းဆိုသည်။
ယင်းကဲ့သို့ စစ်အသုံးစရိတ် တင်ပြတောင်းခံခြင်းမှာ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ခြင်း မရှိကြောင်း ကိုလည်း အောက်တိုဘာလ
၂၇ နေ့က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေး တင်ပြထားပြီး
ဖြစ်ကြောင်းကိုလည်း ဒုဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။
ထို့ပြင်
ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတို့တွင် လိုအပ်သည့် စက်သုံးဆီ
ဝယ်ယူရေးအတွက် ကျပ် ၁၂ ဘီလီယံနှင့် တိုးမြှင့် ကောက်ခံခဲ့သော
လျှပ်စစ်ဓာတ်အားခအတွက် ၁၉ ဘီလျံ အပါအ၀င် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ၃၁
ဘီလီယံလည်း ထပ်တိုး တောင်းခံထားသည်။
““ဘာကြောင့်
တိုးမြှင့်တောင်းခံသလဲ ဆိုတဲ့နေရာမှာ သာမန်အသုံးစရိတ် အပိုင်းမှာတော့
ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ခန်း ဆောင် ရွက်ဖို့အတွက်
လိုအပ်တဲ့ စက်သုံးဆီဝယ်ယူဖို့၊ အလားတူ လျှပ်စစ် ဓာတ်အားခ
ဈေးနှုန်းတိုးမြှင့်တဲ့အတွက် မူလ BE မှာ မပါဝင်ခဲ့တဲ့ လျှပ်စစ်ဓာတ်အားခ
ပေးချေဖို့အတွက် စုစုပေါင်း ၃၁ ဘီလီယံ သုံးစွဲခဲ့ရပါတယ်”” ဟု ဒုတိယ
ဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။
ယခုကဲ့သို့ ထပ်တိုးတောင်းခံ
ငွေပမာဏမှာ မူလ BE ခွင့်ပြုငွေ ပြုပြင်ပြီး ခန့်မှန်းတင်ပြငွေတွင်
ခွင့်ပြုထားသည့် ၈ ရာခိုင်နှုန်းထက် ကျော်လွန်ပြီး ယခု
ထပ်တိုးတောင်းခံငွေမှာ ၁၀ ဒသမ ၄၉ ရာခိုင်နှုန်း ဖြစ်နေသည်။
ကာကွယ်ရေး
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ဘက်ဂျက်ငွေ ကျပ် ၂၃၆၅၈၃၁ ဒသမ
၂၁၈ သန်း (အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ) ရှိကြောင်း အောက်တိုဘာလ ၂၇ ရက်က
ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော်၌ ထုတ်ဖော် ပြောဆိုခဲ့ပြီး ယင်းထဲမှ
သုံးပုံတစ်ပုံမှာ စစ်ဆင်ရေးအတွက် အသုံးပြုမည် ဖြစ်သည်။
ယင်းဘက်ဂျက်ငွေထဲမှ ၇၁ ဘီလီယံမှာ သာမန် အသုံးစရိတ်အတွက် ဖြစ်ပြီး
ကျန်ငွေများမှာ လစာ၊ စရိတ်၊ အဆောက်အအုံနှင့် အခြားကိစ္စရပ်များအတွက်
အသုံးပြုထားသည်ဟု ဒုဗိုလ်ချုပ်ကြီးဝေလွင်က ယင်းနေ့ အစည်းအဝေး၌ ထုတ်ဖော်
ပြောကြားခဲ့သည်။
တိုင်းပြည်အတွက် အဓိက လိုအပ်ချက်ဖြစ်သည့်
ကျန်းမာရေး၊ ပညာရေး ကဏ္ဍများထက် ပိုမိုအကုန်အကျခံ သုံးစွဲခဲ့သည့်
ကာကွယ်ရေးဝန်ကြီး၏ ဘက်ဂျက်ငွေ ပမာဏမှာ ၂၀၁၃-၁၄ တွင် ကန်ဒေါ်လာ ၂ ဒသမ ၂
ဘီလီယံ၊ ၂၀၁၄-၁၅ တွင်မူ ၂ ဒသမ ၃ ဘီလီယံအထိ တိုးမြှင့်လာခြင်း ဖြစ်သည်။
ယခုကဲ့သို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် စစ်ဆင်ရေး အသုံးစရိတ် ထပ်တိုး
တောင်းခံမှုနှင့် ပတ်သက်၍ ယင်းစစ်ဌာနချုပ် ကွပ်ကဲရာ ဒေသများအတွင်း
စစ်ရေးလှုပ်ရှားမှုများ ပြန်လည် ဖြစ်ပေါ် လာနိုင်ကြောင်းလည်း တိုင်းရင်းသား
လက်နက်ကိုင်များဘက်က သုံးသပ်မှုများ ရှိသည်။
““ကျွန်တော်တို့ရဲ့
တွက်ဆချက်က အခု အာဆီယံ စည်းဝေးပွဲပြီးရင်၊ ဒါမှမဟုတ် အိုဘားမား
ပြန်သွားပြီးတဲ့ နောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြန်ဖြစ်
လာနိုင်တယ်လို့ ထင်တာပဲ။ ဒီလိုမျိုး မဖြစ်စေချင်ဘူး ကျွန်တော် တို့က။
ရန်ကုန်အထိတောင် တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့ ငြိမ်းချမ်းရေး
ဆွေးနွေးရေးကို ကြိုးစားတာ။ ဘက်ပြောင်းတဲ့ ပုံစံမျိုးပေါ့နော်။
မဖြစ်စေချင်ဘူးဗျ။ စစ်အသုံးစရိတ် တိုးတယ်ဆိုတဲ့ဟာက လိုအပ်လို့ တောင်း ဆိုတာ
ဖြစ်နိုင်ပေမယ့်လည်း လိုတာထက်ပိုရင်တော့ ကျွန်တော်တို့ တွက်ဆလို့ရတာ၊
လစဉ်သုံးနေကျ ဟာကိုတောင်းတာ ကတော့ ပြဿနာမရှိဘူး။ လိုတာထက်
ပိုပြီးတောင်းပြီးတော့ စစ်အသုံးစရိတ် တောင်းတယ် ဆိုရင်တော့ တိုက်ပွဲအတွက်
ပြင်ဆင်နေတယ်လို့ ကောက်ချက်ချလို့ ရတယ်”” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)
နည်းပညာ အကြံပေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက
သုံးသပ်ပြောဆိုသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment