နေပြည်တော်တွင် (၂၅)ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကို
နိုဝင်ဘာ ၁၂ရက်(ယနေ့)တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ၂ဝ၁၅တွင်
စတင်အကောင်အထည်ဖော်မည့် အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်ရေးအတွက် အပြည့်အဝအထောက်အပံ့ဖြစ်စေမည့် ဆက်သွယ်ပေါင်းစပ် ရေးဖွံ့ဖြိုးမှုပုံစံသစ်ကို မြန်မာနိုင်ငံမှ အဓိကထားဆွေးနွေးသွားမည်ဟု သိရသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်ရာတွင် အသေးစား၊ အလတ် စားစီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊
ဝင်ငွေတိုးတက်ရရှိရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝမြ
င့်မားတိုးတက် လာရေးတို့အပြင် ဒေသတွင်းနိုင်ငံများအချင်းချင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ညီမျှစေရေးတို့အတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ လက်ရှိတွင် အာဆီယံနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုညီမျှစေရန်အတွက်
ဖွံ့ဖြိုးမှုနိမ့်ကျဆဲ နိုင်ငံများတွင် ပါဝင်နေသည့် ကမ္ဘောဒီယား၊ လာအို၊
မြန်မာနှင့် ဗီယက်နမ်နိုင်ငံများ သည် ပြည်တွင်းကုန်ထုတ်လုပ်မှု၊
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊
ကုန်သွယ်မှုနှင့် ဝန် ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး
ယင်းနိုင်ငံများ၏ စုစုပေါင်းပြည်ပ ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ကထက် ၁၅ ဒသမ
၂ရာခိုင်နှုန်းတိုးလာသည်။
ထို့အပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၁၂ရက် အာဆီယံနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းတွင်လည်း အာဆီယံအသိုက်အဝန်းထူထောင်ရေးအတွက် ချမှတ်ထားတဲ့ လမ်းပြမြေပုံ အကောင်အထည်ဖော်တဲ့နေရာတွင်လည်း စိတ်ကျေနပ်စရာကောင်းသည့် တိုး တက်မှုများရှိခဲ့ကြောင်း၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ လမ်းပြမြေပုံပါလုပ်ငန်းစဉ်များ အများအပြားသည် အကောင်အထည်ဖော်ပြီး စီးခဲ့ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာသိရှိရကြောင်း၊
အလားတူစီးပွားရေး ကဏ္ဍဆိုင်ရာတွင်လည်း အခွန်အခများလျှော့ချခြင်း၊
ကုန်သွယ်ရေး လွယ်ကူချောမွေ့ စေရေး၊ ငွေကြေးအရင်းအနှီးဈေးကွက်
ပိုမိုပေါင်းစည်းရေး၊ ပုဂ္ဂလိက ကဏ္ဍပါဝင်မှုမြှင့်တင်ရေး၊
အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံမှုမြှင့်တင်ရေး၊ ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေးများသာမက ပြင်ပမိတ်ဖက်နိုင်ငံများနှင့် နှစ်ဖက်အကျိုးရှိမည့် ကိစ္စများကို တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ခြင်းကို အားရဖွယ်တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု မရေ မရာရှိနေသည့်တိုင် ဒေသတွင်း ဝယ်လိုအား ခိုင်မာရှင်သန်ပြီး၊ ဖွံ့ဖြိုးမှုနှုန်း (၅)ရာခိုင်နှုန်းခန့်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ လာမည့်နှစ်များအတွက် ခန့်မှန်းချက်များသည် အားရဖွယ်ဖြစ်ကြောင်း၊ အာဆီယံအသိုက် အဝန်းထူထောင် မှုတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းသည် အာဆီယံ၏ အဓိကမောင်းနှင်အား ဖြစ်ကြောင်း၊ အာဆီယံအသိုက်အဝန်းကို အာဆီယံစီးပွားရေးအသိုက်အဝန်း၏ မဏ္ဍိုင်ကြီး(၄)ရပ်ကို အခြေခံပြီး ပီပီပြင်ပြင်အကောင်အထည်ဖော်နိုင်လာသည် နှင့်အမျှ ပြည်သူများသည် အာဆီယံအသိုက်အဝန်း၏ အကျိုးကျေးဇူးများကို အပြည့်အဝမျှဝေ ခံစားလာနိုင်ကြမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယခုကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသည်
မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌရာထူးကို လက်ခံရယူပြီးနောက် အာဆီယံအ တွက်
လွန်စွာအရေးပါသည့် အစည်းအဝေးတစ်ခုဖြစ်သည်။ အာဆီယံသည် လာ မည့် ၂ဝ၁၅တွင်
အာဆီယံအသိုက်အဝန်းတစ်ရပ်အနေဖြင့်
ပေါ်ထွန်းတော့မည် ဖြစ်သည်။ သို့သော်လည်း အာဆီယံအနေနဲ့ အာဆီယံအသိုက်အဝန်း
(၃)ရပ်၏ လမ်းပြမြေပုံများကို အကောင်အထည်ဖော်သည့်လုပ်ငန်းရပ်များသည် (၈ဝ) ရာ ခိုင်နှုန်းမျှပြီးစီးနေသော်လည်း ကျန်ရှိနေသည့် (၂ဝ)ရာခိုင်နှုန်းအကောင်အ ထည်ဖော်ရေးသည် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေနိုင်ပေသည်။ သို့သော်လည်း ယင်းစိန်ခေါ်မှုများကို ယခုကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက် စပ်ထိပ်သီးအစည်းအဝေးများတွင် ဆွေးနွေးညှိနှိုင်းကျော်လွှားနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အာဆီယံထိပ် သီး အစည်းအဝေးသည် အာဆီယံနိုင်ငံများအတွက် ပိုမိုစည်းလုံးညီညွတ်စွာ ပေါင်းစည်းဆောင်ရွက်နိုင်ကြမည့် အစည်းအဝေးကြီးတစ်ရပ်ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ဒီမိုကရေစီတူဒေးသတင်းစာက ရေးသားလိုက်ရပါသည်။
အယ်ဒီတာ (နိုဝင်ဘာ ၁၂၊ ၂ဝ၁၄)
ဒီမိုကရေစီတူဒေး သတင်းစာ
အတွဲ (၁၀ အမှတ် (၂၄၉)၊
#Democracytoday
Credit - Yangon Media Group
No comments:
Post a Comment