![]() |
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) |
နေပြည်တော်- ထိပ်သီးအစည်းအဝေးများ စတင်ကျင်းပသည့် နိုဝင်ဘာ ၁၂ ရက်
(ပထမ)နေ့တွင် သမ္မတဦးသိန်းစိန်သည် အစည်းအဝေးတက်ရောက်လာသည့် ၁၈ နိုင်ငံအနက်
လေးနိုင်ငံခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့်လည်း သီးသန့်တွေ့ဆုံခဲ့
ကြောင်း သတင်းရရှိသည်။
ယနေ့နံနက်က သမ္မတဦးသိန်းစိန်သည် အင်ဒိုနီးရှားသမ္မတသစ်ဂျိုကိုဝီဒိုဒိုနှင့်ဇနီး၊ မွန်းလွဲပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ ကုလအတွင်းရေး မှူးချုပ် ဘန်ကီမွန်း၊ ဩစတြေးလျဝန်ကြီးချုပ်၊ ရုရှားဝန်ကြီးချုပ်တို့နှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားသမ္မတသစ်နှင့်တွေ့ဆုံမှုတွင် အာဆီယံနိုင်ငံများအကြား ထည့်သွင်းဆွေးနွေးလေ့မရှိသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံမှုအပြီး ထုတ်ပြန်ချက်များက ဖော်ပြသည်။ အာဆီယံ၏ ပဋိညာဉ်အရ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်မစွက်ရေးအတွက် သဘောတူထားကြပြီး ပုံမှန်အားဖြင့် မြန်မာနိုင်ငံ၏ အထက်ပါအကြောင်း အရာများကို ထည့်သွင်းဆွေးနွေးလေ့မရှိခဲ့ပေ။ ယခုဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံမှုတွင် ယင်းနှစ်ချက်အပြင် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ယနေ့ညနေ ၅ နာရီအထိ နိုင်ငံ့ခေါင်းဆောင် ၁၆ ဦးးရောက်ရှိ နေပြီဖြစ်သည်။ ကျန်ရှိနေသူနှစ်ဦးမှာ အမေရိကန်သမ္မတအိုဘားမားနှင့် တရုတ်ဝန်ကြီးချုပ် လီကီကျန်းတို့ဖြစ်သည်။ အိုဘားမားမှာ ယနေ့ည ၈ နာရီကျော်တွင် ရောက်ရှိမည်ဖြစ်ပြီး၊ လီကီကျန်းမှာ ယနေ့ညနေ ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

Credit - 7DAY DAILY
No comments:
Post a Comment