Friday, November 14, 2014

ပုဒ်မ ၅၉(စ) မတရား၊ မမျှတ၊ ဒီမိုကရေစီမဆန်ဟု ဒေါ်စုပြော

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တားဆီးထားတဲ့ ပုဒ်မ ၅၉(စ)ကို သူနားမလည်နိုင်တဲ့အကြောင်း အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ပြောလိုက်ပါတယ်။

ပုဒ်မ ၅၉ (စ)အရ ဇနီးခင်ပွန်းနဲ့ သားသမီးတွေကြောင့် လူတစ်ဦးတစ်ယောက်ကို သမ္မတအဖြစ် အရွေးခံခြင်းကနေ ပိတ်ပင်တားဆီးတာဟာ သူ့အနေနဲ့ သမ္မတဖြစ်ချင်လို့ ကန့်ကွက်နေတာတင် မဟုတ်ဘဲ ဒီပုဒ်မဟာ မျှတမှုမရှိလို့၊ တရားမှုမရှိလို့နဲ့ ဒီမိုကရေစီမဆန်တာကြောင့်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ အိုဘားမားနဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။


အဆုံးသတ်မှာတော့ ပြည်သူ့သဘောထားကပဲ အရေးကြီးတဲ့အကြောင်း၊ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းဟာ ကိုယ့်တာဝန်ကိုယ်ယူရမှာဖြစ်ပြီး သူတို့ရဲ့ လွတ်လပ်တဲ့ ဆုံးဖြတ်ချက်ကြောင့် သက်ဆိုင်ရာ မိဘနဲ့ သားသမီးတွေအပေါ်ကိုပါ သက်ရောက်အောင်လုပ်ထားတာဟာ ခွဲခြားဆက်ဆံမှုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အကြမ်းဖက်မှုကို ဘယ်လိုပုံစံနဲ့မှ လက်မခံတဲ့အကြောင်း၊ ဥပဒေစိုးမိုးမှုရှိဖို့ အမြဲလိုလို ပြောဆိုနေပြီး အကြမ်းမဖက် လှုပ်ရှားမှုအပေါ် စွဲစွဲမြဲမြဲဆုတ်ကိုင်ထားတဲ့အကြောင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေးဘာသာရေး ပဋိပက္ခနဲ့ပတ်သက်ပြီး လူ့အဖွဲ့အစည်းနှစ်ခုအနေနဲ့ အပြန်အလှန် ဆက်ဆံ ပြောဆိုရမှာဖြစ်ပြီး ဟာမိုနီဖြစ်ဖြစ် နေထိုင်ဖို့ သင်ယူဖို့လိုတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီစနစ်ကို မတည်မငြိမ်ဖြစ်စေအောင် ဖန်တီးနိုင်တဲ့အကြောင်း၊ မြန်မာသမ္မတနဲ့ ပြောဆိုရာမှာ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးမှာ သိသာတဲ့တိုးတက်မှုတွေ ရှိနေတယ်ဆိုပေမယ့် ဒီဖြစ်စဉ်ဟာ ပြီးပြည့်စုံတဲ့အထိ မရောက်သေးတဲ့အကြောင်း၊ လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို အချိန်မီ ကျင်းပစေလိုပြီး နှောင့်နှေးကြန့်ကြာမှု မရှိစေချင်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဖယ်ကျဉ်ထားတာ မရှိစေရဘဲ အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

  နိုင်ငံခြားသားနှင့် လက်ထပ်ခွင့်၊ နိုင်ငံခြားသား သားသမီးများရှိတာကြောင့် သမ္မတဖြစ်ခွင့် ပိတ်ပင်တားဆီးထားတဲ့ ၅၉(စ)ကို သူနားမလည်နိုင်တဲ့အကြောင်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် Dialogue နဲ့ Debate ယဉ်ကျေးမှုဟာ လိုအပ်တာဖြစ်ပြီး ဒီအချက်ကသာ နိုင်ငံကို ထူထောင်ဖို့ အရေးပါတဲ့အကြောင်း၊ ရွေးကောက်ပွဲနိုင်တာက ကိစ္စမဟုတ်ဘဲ ဘယ်လိုဘယ်နည်းနဲ့ နိုင်သလဲဆိုတာကသာ ကိစ္စဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဖွဲ့စည်းပုံကို မပြင်လိုတဲ့သူတွေ ဘာ့ကြောင့်မပြင်ချင်ကြလဲဆိုတာကို ပြည်သူတွေ သိထားဖို့လိုပြီး တကယ်တမ်း မပြင်နိုင်မှာကိုလည်း မပူပင်ဘူးလို့ ဆိုပါတယ်။

Credit - Kamayut Media

 
 

No comments:

Post a Comment