အာရှပစိဖိတ် ဒေသတွင်းနိုင်ငံများ အနေနှင့် ကမ္ဆာလုံးဆိုင်ရာ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် စီးပွားရေး ပေါင်းစည်းမှုများ ပြုလုပ်ကြရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြို့တော်ဘေဂျင်းတွင် ကျင်းပပြုလုပ်သည့် အာရှပစိဖိတ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (အေပက်) ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ သမ္မတ ရှီကျင့်ဖျင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လောလောဆယ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည် နာလန်ထူမှုဟာ မတည်မငြိမ်မှုတွေ၊ မရေရာမသေချာတဲ့ အကြောင်းအရာတွေနဲ့ ရင်ဆိုင်နေရပါတယ်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာ့စီးပွားရေးနှင့် ပတ်သက်၍ ထိပ်သီး ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောရာတွင် သုံးသပ်ပြောဆိုပြီး အာရှပစိဖိတ်ဒေသ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (FTAAP) ကိုဖော်ဆောင်ရန် တိုက်တွန်းလိုက်သည်။
“အဲဒီလို အခြေအနေသစ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကျွန်တော်တို့အနေနဲ့ ဒေသတွင်း စီးပွားရေး ပေါင်းစည်း လုပ်ဆောင်မှုတွေကို မြှင့်တင်သွားသင့်ပါတယ်။ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ပွင့်လင်းတဲ့ ပုံစံတစ်ခုကို ဖန်တီးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။
တရုတ်နိုင်ငံသည် FTAAP ပေါ်ထွန်းရေးအတွက် ၂ နှစ်တာ သုတေသနပြု အစီအစဉ်တစ်ရပ်ကို အဆိုပြုထားပြီး ယင်းအဆိုပြုချက်ကို အေပက်ထိပ်သီး ဆွေးနွေးပွဲသို့ တင်သွင်းသည်။
သို့သော် အဆိုပါ အစီအစဉ်သည် အမေရိကန် ပြည်ထောင်စု၏ ကုန်သွယ်ရေး အစီအစဉ်ဖြစ်သော ပစိဖိတ် ဖြတ်ကျော် မဟာမိတ်ဖွဲ့မှု (TPP) သဘောတူညီမှုနှင့် လိုက်လျောညီထွေ ရှိလိမ့်မည် မဟုတ်ဟု လေ့လာသုံးသပ်သူ အချို့က ဆိုသည်။
အချို့သော စီးပွားရေး ပညာရှင်များက TPP သည်အာရှဒေသတွင်း တရုတ်သြဇာ လွှမ်းမိုးမှုကို တန်ပြန်ချိန်ခွင် လျှာညှိမည့် နည်းစနစ်တစ်ခုပင် ဖြစ်သည်ဟု ဆိုသည်။
သို့သော် တရုတ်နိုင်ငံပိုင်မီဒီယာ ဖြစ်သော Xinhua သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ သမ္မတအိုဘားမားက အမေရိကန် ပြည်ထောင်စုသည် တရုတ်နိုင်ငံကို အသာစီးရရန် ကြိုးပမ်းနေခြင်း မဟုတ်ပါကြောင်း ပြောကြားသည်။
“တရုတ်နိုင်ငံနဲ့ တရုတ်ပြည်သူတွေ အောင်မြင်မှုရရှိပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးမှာ ပါဝင်ကူညီ ပေးနိုင်တာကို ကျွန်တော်တို့ တွေ့မြင်လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာကျွန်တော်တို့ အားလုံးအတွက် ကောင်းမွန်တဲ့ကိစ္စ ဖြစ်လို့ပါပဲ” ဟု အမေရိကန်သမ္မတ အိုဘားမားက ပြောကြားသည်။
အေပက် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ကနေဒါတို့ ပါဝင်ပြီး ယင်းနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းခန့် ရှိသည်။
Credit - The Voice Weekly

No comments:
Post a Comment