Written by : မောင်ကြည်
(၁)
သိဒ္ဓတ္ထမင်းသားသည်
ပဒေသရာဇ်မင်းတစ်ပါးဖြစ်သော ဘုရင် သုဒ္ဓေါဒန၏ သားတော်တစ်ပါးဖြစ်သော်လည်း
ငယ်ရွယ်စဉ်ကတည်းက နန်းတွင်းသူနန်းတွင်းသားများနှင့်
တိုင်းသူပြည်သားများအပေါ် သနားကြင်နာ ကရုဏာတရားထားတတ်သူ ဖြစ်သည်။
မရှိဆင်းရဲသူကို ပေးကမ်းချီးမြှင့်ချင်သူ ရောဂါဝေဒနာခံစားနေရသူကို
စာနာသနားချင်သူ၊ မတရားညှဉ်းပန်းနှိပ်စက်ခံရသည့် ပြည်သူ့ဘက်မှ ရပ်တည်ချင်သူ
မင်းသားတစ်ပါးဖြစ်သည်။
သိဒ္ဓတ္ထမင်းသား အချိန်တန်အရွယ်ရောက်သောအခါ
ယသော်ဓရာမင်းသမီးနှင့် လက်ဆက်ရလေသည်။ ထိုလက်ဆက်ပွဲ ကျင်းပပြီးစီးသည့်အခါ
သိဒ္ဓတ္ထမင်းသားက “မင်းသမီးလေး
ကျွန်ုပ်နဲ့လက်ဆက်ရတဲ့အတွက်
ပျော်ရွှင်ပါရဲ့လား” ဟု မေးလိုက်ပါသည်။ ထိုအခါ ယသော်ဓရာမင်းသမီး က
အောက်ပါအတိုင်း ပြန်ဖြေလိုက်ပါသည်။
“ဘယ်လိုမေးလိုက်တာပါလိမ့်။
အသင်မင်းသားဟာ ကျွန်တော်မျိုးမ အမြဲသတိရနေတဲ့သူ၊
ကျွန်တော်မျိုးမရဲ့အိပ်မက်ထဲကို လိုက်ပါလာခဲ့သူ၊ စိတ်သဘောထား
ကောင်းမွန်မြင့်မြတ်တဲ့သူ၊ ပြီးတော့ ပြည်သူတွေကို ချစ်မြတ်နိုးတဲ့သူ၊
ပြည်သူတွေကလည်း ချစ်မြတ်နိုးတဲ့သူ၊ အသင့်လိုလူနဲ့ လက်ဆက်ရတဲ့အတွက်
အတိုင်းမသိ ပျော်ရွှင်မိပါတယ်” တဲ့။
သိဒ္ဓတ္ထမင်းသားသည် ပြည်သူကို ချစ်သောကြောင့် ပြည်သူက ချစ်တဲ့သူဖြစ်လာခဲ့ပါသည်။
(၂)
ကျန်စစ်သားသည် အနော်ရထာ ကံတော်ကုန်ပြီးသည့်နောက် ပြိုကွဲအံ့ဆဲဆဲဖြစ်နေသော
ပုဂံထီးနန်းကို ပြန်လည်စုစည်း၍ ငြိမ်းချမ်းသာယာဝပြောအောင် တည်ထောင်ခဲ့သော
မင်းတစ်ပါးဖြစ်ပါသည်။ စိတ်ဝမ်းကွဲပြားနေကြသော တိုင်းသူပြည်သားတို့အား
ပြန်လည်ဆုံဆည်းနိုင်အောင် မေတ္တာ ကရုဏာ အမြော်အမြင် ဥာဏ်ပညာဖြင့်
ကောင်းစွာစီမံခန့်ခွဲနိုင်ခဲ့သော မင်းတစ်ပါးလည်း ဖြစ်ပါသည်။
ထို့ကြောင့် သူ၏ကျောက်စာကို ရေးထိုးရာ၌ “ငါသည် ပြည်သူပြည်သားတို့၏
ကျမျက်ရည်ကို ကရုဏာလက်ဖြင့် သုတ်ပေးပါအံ့။ ပြည်သူတို့ လိုလားတောင့်တအပ်သော
စားဖွယ်သောက်ဖွယ်တို့ကို လက်ယာလက်ဖြင့် လည်းကောင်း၊ အဝတ်အထည်တို့ကို
လက်ဝဲလက်ဖြင့် လည်းကောင်း ပေးကမ်းချီးမြှင့်ထောက်ပံ့ပါအံ့။ ထို့အတူ
ပင်ပန်းဆင်းရဲလှစွာ ရပ်တကာရွာတကာလှည့်လည်၍ ရောင်းဝယ်ဖောက်ကား
စီးပွားရှာဖွေကြကုန်သော ဆင်းရဲသူပြည်သူပြည်သားအပေါင်း
အလိုဆန္ဒပြည့်ဝပါစေကြောင်းကိုလည်း ဆုမွန်ကောင်းတောင်းပေးပါအံ့” ဟူ
သောအချက်များ ထည့်သွင်း၍ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။
ကျန်စစ်သားသည် ပြည်သူကိုချစ်သောကြောင့် ပြည်သူကချစ်တဲ့သူ ဖြစ်လာခဲ့ပါသည်။
(၃)
တစ်ခါမှာတော့ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီသည် ကိစ္စတစ်ခုရှိသောကြောင့်
မီးရထားနှင့် ခရီးထွက်ဖို့ ပြင်ဆင်ရပါသည်။ သူ့အတွက် မီးရထားလက်မှတ်
ဖြတ်သောအခါ တတိယတန်းဟုခေါ်သည့် ရိုးရိုးတန်းလက်မှတ်ကိုပဲ ယူလိုက်ပါသည်။
“ဘာဖြစ်လို့ တတိယတန်းက စီးတာလဲ” ဟု လူတစ်ယောက်က မေးသောအခါ “စတုတ္ထတန်း
မရှိလို့ပါ”ဟု ဂန္ဒီကပြန်ဖြေလေသည်။ ထိုအချိန်က အိန္ဒိယပြည်သူတွေ၏
အသည်းစွဲဖြစ်နေသော ဂန္ဒီသည် အထက်တန်းတွဲ၌ ဇိမ်ကျကျထိုင်ပြီး စီးခွင့်ရပါလျက်
မစီးခဲ့ပါ။
အဘယ့်ကြောင့်ဆိုသော် သာမန်ပြည်သူတွေစီးသော
ရိုးရိုးတန်းမှာစီးပြီး သာမန်ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း
နေထိုင်ချင်သောကြောင့် ဖြစ်သည်။ မဟတ္တမဂန္ဒီသည် ပြည်သူကိုချစ်သောကြောင့်
ပြည်သူကချစ်တဲ့သူ ဖြစ်လာခဲ့ပါသည်။
(၄)
တစ်ခါမှာတော့
ဗိုလ်ချုပ်အောင်ဆန်းသည် မနက် ဝေလီဝေလင်း ဆောင်းတွင်း
ချမ်းချမ်းစီးစီးကြီးထဲမှာ မော်တော်ကားနှင့်လမ်းပေါ်ကို ထွက်လာခဲ့ပါသည်။
တစ်နေရာရောက်သောအခါ ဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်ပါသည်။
ထို့နောက်
မီးခိုးတအူအူထွက်နေသော ခပ်လှမ်းလှမ်းရှိ အကြော်တဲဆီသို့ စိုက်စိုက်
စိုက်စိုက်နှင့် လျှောက်သွားပါသည်။ အကြော်တဲမီးဖိုမှာ စွပ်ကျယ်လက်ပြတ်နှင့်
မီးလှုံနေသူကိုတွေ့သောအခါ တုံ့ကနဲရပ်လိုက်ပြီး သူ့လက်ထဲမှာကိုင်လာသည့်
အနွေးထည်ကို လှမ်းပေးလိုက်ပါသည်။
“ဟာ ဗိုလ်ချုပ်”
“အေး မင်းမီးလှုံနေတာ မချမ်းဘူးလား”
“ဟာ ချမ်းတာပေါ့ ဗိုလ်ချုပ်ရယ်”
“ရော့ ချမ်းရင် ဒါဝတ်ထားလိုက်”
ထိုကဲ့သို့ လှမ်းပြောလိုက်သော်လည်း မီးလှုံနေသူသည် မဝံ့မရဲဖြစ်နေပုံရပါသည်။
“ရော့ ယူပါကွ။ ငါက မင်းတို့ရဲ့စားဝတ်နေရေးကို တာဝန်ယူနေရတဲ့သူ။ မင်းမှာ
အနွေးထည်မရှိတာ ငါနဲ့ဆိုင်တယ်ကွ။ ဒါကိုဝတ်ထားလိုက်” မီးလှုံနေသူ
လှမ်းယူလိုက်တော့မှ သူ့ကားဆီ ပြန်လျှောက်လာခဲ့ပါ သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူကိုချစ်သောကြောင့် ပြည်သူကချစ်တဲ့သူ ဖြစ်လာခဲ့ပါသည်။
Credit - Eleven Media Group
No comments:
Post a Comment