Thursday, November 13, 2014

ဘောင်တွေကို ကျော်တွေးကြည့်ပါ

Written by : သူရိန်လှိုင်ဝင်း

ပုံပြင် (၁)
သန်းကြွယ်သူဌေးတစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်ရွက်လှေကြီးနဲ့ အပန်းဖြေခရီး ထွက်လာတယ်။ ဆိပ်ကမ်းတစ်ခုရောက်တော့ လှေဝမ်းထဲမှာ အေးအေးဆေးဆေးအိပ်နေတဲ့ ငါးဖမ်းသမားတစ်ယောက်ကို သွားတွေ့တယ်။ သူဌေးက ငါးဖမ်းသမားကို လှမ်းမေးတယ်။ မင်းဘာလို့အိပ်နေတာလဲ။ငါးဖမ်းမထွက်ဘူးလားတဲ့။ ငါးဖမ်းသမားက ပြန်ပြောတယ်။ ဒီနေ့အတွက် ငါးဖမ်းတာပြီးသွားပြီ။ လုံလောက်သွားပြီတဲ့။ ဒါနဲ့ သူဌေးက ထပ်ပြောတယ်။ အစောကြီးရှိသေးတယ်။ မင်း ငါးဖမ်းထပ်ထွက်ရင် ငါးတွေ ထပ်မိမယ်။ အဲခါကျရင် ငါးဖမ်းပိုက်သစ်တွေ ဝယ်နိုင်မယ်။ ထပ်ကြိုးစားတဲ့အခါ မင်းပိုလျှံတဲ့ငွေတွေနဲ့ ငါးဖမ်းစက်လှေတွေ ထပ်ဝယ်နိုင်မယ်။ နောက်ဆုံး မင်း သူဌေးကြီးဖြစ်သွားရင်
အခုငါ့လိုမျိုး အေးအေးဆေးဆေး အပန်းဖြေနိုင်မယ်လေကွာတဲ့။ ငါးဖမ်းသမားက ခွန်းတုံ့ပြန်တယ်။ အခုရော ငါ ဘာလုပ်နေတယ်လို့ မင်းထင်လို့လဲတဲ့။
သင်ခန်းစာ ။ နေတတ်ရင် ကျေနပ်စရာပါ။ အလုပ်ကြီးပဲ ဖိလုပ်မနေဘဲ အပန်းဖြေဖို့လည်း အချိန်ပေးပါ။
ဒီပုံပြင်ကို ဖတ်ကြည့်ပြီး ဘာတွေးမိလဲ။ ဪ ဟုတ်သားပဲ။ နေတတ်ရင် ကျေနပ်စရာပါလား။ အလုပ်ပဲလုပ်နေတာထက် အပန်းဖြေဖို့လည်း အချိန်ပေးသင့်တာပေါ့။ အဲလိုတွေးလိုက်တာမှာပဲ ရပ်သွားရင်တော့ အများကြီးလိုနေသေးတယ်။ ကျွန်တော်တို့က ပုံပြင်ကို ဖတ်တယ်။ ပုံပြင်ကပေးလိုက်တဲ့ သင်ခန်းစာကိုပဲ တွေးတယ်။ ပိုပြီးရှင်းအောင်ပြောရရင် ပုံပြင်က ဘောင်တစ်ခု ချပေးလိုက်တဲ့အခါ အဲဒီဘောင်အတိုင်း လိုက်တွေးလိုက်တယ်။ လမ်းကြောင်းတစ်ခု ချပေးလိုက်ရင် အဲဒီလမ်းကြောင်းအတိုင်း လိုက်တွေးလိုက်တယ်။
လိုက်ခံစားလိုက်တယ်။ ဘောင်ကို ကျော်မတွေးတော့ဘူး။ ဖြန့်ကြက်မတွေးတော့ဘူး။ အဲတော့ ဘာဖြစ်လာလဲဆိုတော့ အလွယ်တကူယုံလွယ်တဲ့သူတွေ ဖြစ်လာတယ်။ အဲဒီအတွက် ဥပမာတွေကို ဖေ့စ်ဘွတ်လိုနေရာမျိုးမှာ ကြည့်ရင်ကိုပဲ သိသိသာသာ တွေ့ရလိမ့်မယ်။
“အိပ်ဆေးနဲ့ ဖမ်းခေါ်သွားတာ ရေချိုးကန်ထဲနိုးလာလို့ ကြည့်တော့မှ ကျောက်ကပ်တွေ အခိုးခံလိုက်ရတယ်”ဆိုတဲ့ပို့စ်မျိုးကို သောင်းနဲ့ချီ Like လုပ်ပြီး ထောင်နဲ့ချီ Share လုပ်ကြတယ်။ ကွန်မင့်တွေမှာ မိန်းကလေးတွေ သတိထားရမှာ ပေါ့ဆိုတာမျိုးတွေ၊ တော်တော်ယုတ်မာ ပက်စက်ပါလားဆိုတာမျိုးတွေ ထောင်နဲ့ချီတွေ့ရမယ်။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်းကို ဆန်းစစ်ဖို့ထက် ချပေးလိုက်တဲ့ဘောင်အတိုင်း လမ်းကြောင်းအတိုင်းမှာ မျောသွားတယ်။ ဒါက ဥပမာအများကြီးထဲက ဥပမာတစ်ခုပါ။ အဲဒါ ကျွန်တော်တို့ရဲ့ အကြီးဆုံးအားနည်းချက်ပဲ။ တကယ်တမ်းမှာ ဖြစ်သင့်တာက ကျွန်တော်တို့ကို ကန့်သတ်ထားတဲ့ဘောင်ကို ကျော်တွေးရမှာ။ ပေးထားတာထက် ပိုအောင်ဆန်းစစ်ကြည့်ရမှာ။ အဲလိုမှ မတွေးဘူးဆိုရင် လူညွန့်တုံးလာလိမ့်မယ်။
အလွယ်တကူ ပုံသွင်းရလွယ်တဲ့သူတွေ ဖြစ်လာလိမ့်မယ်။ ကိုယ်ပိုင်အတွေးအခေါ်တွေ ပျောက်ဆုံးလာလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ ပညာရေးစနစ်က ၁ဝဝ ဖိုး သင်ပေးပြီး ၅ဝ ဖိုး လောက်ပြန်မေးတယ်။ သူများနိုင်ငံမှာ ၅ဝ ဖိုးပဲသင်ပေးပြီး ၁ဝဝ ဖိုး ပြန်မေးတယ်။ ခြားနားချက်က ကျွန်တော်တို့က ဘောင်ထဲမှာ အသားကျလာတယ်။ ပေးသလောက်နဲ့ ရောင့်ရဲလာတယ်။ သူများတွေက ဘောင်ကိုကျော်ပြီး တွေးတတ်လာတယ်။ ကိုယ့်အားကိုယ်ကိုး တတ်လာတယ်။ ရှာဖွေစူးစမ်းတတ်လာတယ်။ ဦးနှောက်ဟာ စဉ်းစားဖို့ ပေးထားတာပါ။ သူများ ဘာပြောပြောဘာရေးရေး ဟုတ်တာပေါ့၊ မှန်တာပေါ့ဆိုပြီး ယုံလွယ်လက်ခံတတ်အောင် ပေးထားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာဆိုရင်လည်း ဗုဒ္ဓက ကိုယ့်ဘာသာ ချင့်ချိန်တတ်အောင် ကာလာမသုတ်ကို ဟောခဲ့တယ်။ ဒါပေမဲ့ ဟိုနေရာမှာ နဂါးပေါ်နေတယ်ဆိုလည်း ယုံတာပဲ။ ဒီနေရာမှာ သိုက်စောင့်တွေရှိတယ်ဆိုလည်း ယုံလိုက်တာပဲ။ ဘောင်ကိုကျော် မတွေးချင်ဘူး။ ယုံလွယ်တာ ဘာဖြစ်လဲဆိုတော့ “အ” လာ “န” လာတာပေါ့။
ပုံပြင် (၂)
ခုန ပုံပြင်ထဲက ငါးဖမ်းသမား အပြင်းအထန် နေမကောင်းဖြစ်တယ်။ ငါးဖမ်းမထွက်နိုင်တော့ ပိုက်ဆံမရှိဘူး။ သူက တစ်နေ့စာတစ်နေ့ပဲရှာပြီး အပန်းဖြေနေတော့ စုမိဆောင်းမိလည်း မရှိဘူး။ သူ့သားသမီးတွေကလည်း ငယ်သေးတော့ မရှာဖွေနိုင်သေးဘူး။ ဆေးလည်းမကုနိုင်၊ စားဝတ်နေရေးလည်း အရမ်းခက်ခဲနေတော့ အိပ်ရာထဲမှာပဲ ဝေဒနာခံစားနေရတယ်။ အဲဒီအချိန် ငါးဖမ်းသမားကိုမြင်တော့ သူဌေးက ပြောတယ်။ မင်း အားလပ်ချိန်မှာ အပန်းပဲဖြေမနေဘဲ အလုပ်ကြိုးစားပြီး စုဆောင်းခဲ့ရမှာတဲ့။
သင်ခန်းစာ ။ အချိန်ရှိခိုက်လုံ့လမစိုက်ထားရင် မကြိုးစားထားရင် တစ်ချိန်မှာ အကြီးအကျယ်ခံစားရမယ်။
ပထမပုံပြင်နဲ့ ဒုတိယပုံပြင်က အကြီးအကျယ် ကွာခြားသွားပြီ။ ပေးတဲ့သင်ခန်းစာခြင်း ပြောင်းပြန်ဖြစ်သွားပြီ။ ပထမပုံပြင်ဘောင်လေးနဲ့ပဲကြည့်ရင် အနားယူဖို့ ပြောတယ်။ ဒုတိယ ပုံပြင်ဘောင်နဲ့ကျတော့ အချိန်ရှိတဲ့အချိန် အလုပ်လုပ်ရမယ်တဲ့။ ဆိုလိုချင်တာက ပုံပြင်တွေ၊ အကြောင်းအရာတွေက ပေးချင်တဲ့အရာထက် အဖြစ်အပျက်တွေမှာ ချပေးထားတဲ့ လမ်းကြောင်းတွေထက် ကိုယ့်ဘက်က ပိုတွေးစေချင်တာပါ။ ရေခဲတုံးရဲ့ မြင်နေရတဲ့ထိပ်ပိုင်းကိုပဲကြည့်ရင် ထိပ်ပိုင်းကိုပဲ မြင်ရမယ်။ ရေထဲမှာ နစ်နေတဲ့ ရေခဲတုံးအစိတ်အပိုင်းတွေ ရှိနေသေးပါလားဆိုတာ တွေးမြင်တတ်ရင် ဖြစ်ရပ်တစ်ခုလုံးကို ပုံရိပ်ဖော်နိုင်ပါလိမ့်မယ်။ စဉ်းစားပါတွေးခေါ်ပါ။ ဦးနှောက်တွေ သံချေးတက်ခံမနေပါနဲ့။ အတွေးတိမ်တိမ်နဲ့ ယုံလွယ်တဲ့ လူအလူနတွေလို့တော့ အထင်မြင် မခံရစေချင်ဘူး။

Credit - Eleven Media Group

No comments:

Post a Comment