ရန်ကုန်၊ နိုဝင်ဘာ ၁၃
ပြည်ထောင်စုလွှတ်တော်က အတည်ပြု
ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်ပြီး
တက္ကသိုလ်ကျောင်းသားများက နိုဝင်ဘာလ ၁၄ ရက်တွင် ဆန္ဒထုတ်ဖော်သွားမည်
ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ နာရေးကူညီမှုအသင်း
(ရန်ကုန်) တွင် နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့၌ ကျင်းပခဲ့သည့်
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေး အပြီးတွင် ယင်းကဲ့သို့
ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
ဆန္ဒထုတ်ဖော်မှုကို
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်
တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ (ဗကသ) တို့က ဦးဆောင်ပါဝင်မည် ဖြစ်ကြောင်း ၎င်းတို့က
ပြောဆိုသည်။
ဆန္ဒထုတ်ဖော်မှုအတွက် ခွင့်ပြုမိန့်တင်မည် မဟုတ်ကြောင်း
၎င်းတို့က ပြောဆိုသည်။ သို့သော် ဆန္ဒထုတ်ဖော်မည့် အစီအစဉ် အသေးစိတ်ကိုမူ ၎င်းတို့က
ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“ဘယ်နှယောက်ပါမယ်။ ဘယ်နေရာမှာ၊
ဘယ်အချိန်မှာ ဆန္ဒထုတ်ဖော်မယ် ဆိုတာကိုတော့ လုံခြုံရေးအရ ပြောလို့
မဖြစ်သေးပါဘူး” ဟု ကျောင်းသားခေါင်းဆောင် တစ်ဦးက ထုတ်ဖော်ပြောဆိုသည်။
၎င်း၏ အမည်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“ဟုတ်ပါတယ်။ အစကတော့ ဒီညနေမှာ လုပ်ဖို့ပါ၊ ဒါပေမဲ့ ကားပိတ်တာတွေ၊
ဘာတွေကြောင့် မပြဖြစ်ဘူး” ဟု ကျောင်းသား ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။
ပြဋ္ဌာန်းထားလိုက်သည့် အမျိုးသားပညာရေး ဥပဒေသည် ဆိုးရွားလျက်ရှိသည့် လက်ရှိ
ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်မည် မဟုတ်ဘဲ ယခင်အတိုင်းသာ
ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု
အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားပညာရေး ဥပဒေတွင်
ပါရှိသည့် ပြဋ္ဌာန်းချက်များသည် ကျောင်းသားထု၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို
တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုဖြင့် ကန့်သတ်ထိန်းချုပ်ထားပြီး
ဥပဒေတစ်ခုလုံးသည် ဒီမိုကရေစီမဆန်စွာ ရေးဆွဲထားခြင်း ဖြစ်ကြောင်း အဆိုပါ
ကျောင်းသားခေါင်းဆောင်များက ပြောဆိုသည်။
ကျောင်းသားများ လမ်းပေါ်ထွက်
ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တက္ကသိုလ်
ကျောင်းသားအချို့အပေါ် အမြင်မတူမှုများ ရှိခဲ့ကာ အဆိုပါ ကျောင်းသားထု၏
လှုပ်ရှားမှုများအတွက် ဆက်လက်မပါဝင်တော့ဘဲ ကျောင်းသားအချို့က
နုတ်ထွက်ခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက
ဆိုသည်။
သို့သော် ၎င်းတို့၏ လှုပ်ရှားမှုများကို ကန့်ကွက်ခြင်း မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။
“ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို ကျောင်းသားတွေက ကန့်ကွက်တာမျိုးတော့
မဟုတ်ပါဘူး။ သူတို့လှုပ်ရှားမှုတွေမှာ ဆက်လက် မပါဝင်တော့တာပါ” ဟု ၎င်းက
ရှင်းလင်းပြောဆိုသည်။
နုတ်ထွက်ခဲ့သည့် တက္ကသိုလ်များတွင်
သန်လျင်နည်းပညာတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ လေကြောင်းပညာတက္ကသိုလ်တို့
အပြင် အခြား နည်းပညာတက္ကသိုလ် သုံးခုလည်း ပါဝင်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် နှစ်ရက်ကြာ ကျင်းပပြုလုပ်သည့်
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးသို့
မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၃၃၀
တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့်
နိုင်ငံရေးပါတီ အချို့လည်း အစည်းအဝေး ပထမနေ့တွင် တက်ရောက်ခဲ့ကြသည်။
Credit - The Voice Weekly
No comments:
Post a Comment