Wednesday, November 12, 2014

အစိုးရဝန်ထမ်းများ အချိန်ပိုကြေးနှင့် အသုံးစရိတ် သတ်မှတ်မှု ပြန်ပြင်ရန် စိစစ်မည်

နေပြည်တော်၊ နိုဝင်ဘာ ၁၁

လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် ခရီးစရိတ်နှင့် အချိန်ပိုကြေးအပြင် အခြားအသုံးစရိတ်များ သတ်မှတ် ပေးထားမှုသည် ခေတ်နှင့် လျော်ညီခြင်း မရှိတော့သည့်အတွက် ပြင်ဆင်နိုင်ရန် ပြန်လည် စိစစ်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် အစိုးရဌာန ဆိုင်ရာများမှ ဝန်ထမ်းများ၏ အမှန်တကယ် ကုန်ကျသော စရိတ်များမှာ ခေါင်းစဉ် လွဲချော်နေသဖြင့် လိမ်လည်၍ စာရင်း
တင်ပြခိုင်းသလို ဖြစ်နေခြင်းကြောင့် အမှန်တကယ် ခွင့်ပြုငွေနှင့် ကိုက်ညီစေရန် စည်းကမ်း သတ်မှတ်ချက်များကို ပြန်လည် စိစစ်ပေးရန် ရှိ မရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ ဝန်ထမ်းများ ခရီးစရိတ်များ ပြန်လည် တင်ပြချိန်တွင် သုံးစွဲသည့်ငွေနှင့် ကိုက်ညီအောင် ပြန်လည် တင်ပြရသောကြောင့် လိမ်လည် တင်ပြသကဲ့သို့ ဖြစ်နေကြောင်း ဦးရဲထွန်းက ဆိုသည်။
ဌာနတစ်ခုတွင် လိုငွေဖြစ်ပေါ်သော ငွေစာရင်း ခေါင်းစဉ်ကို ဌာနတစ်ခု၏ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် လွှဲပြောင်း သုံးစွဲနိုင်သော်လည်း ဧည့်ခံစရိတ်နှင့် သီးသန့်စရိတ်များမှာ ထူးခြားသော သာမန် အသုံးစရိတ် ဖြစ်သောကြောင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားထားသည့် စည်းမျဉ်းစည်းကမ်းဖြင့်သာ တောင်းခံရမည် ဖြစ်ကြောင်း ဒေါက်တာ လင်းအောင်က ရှင်းပြသည်။
လက်ရှိတွင် ကျခံရသည့် အသုံးစရိတ်များမှ ခေတ်ကာလနှင့် လျော်ညီမှု မရှိသော ပြဋ္ဌာန်းချက်များကို စစ်ဆေး ဖော်ထုတ်၍ ပြည်ထောင်စု စာရင်းစစ်ချုပ် အနေနှင့် အစီရင်ခံ တင်ပြထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

Credit - The Voice Weekly

No comments:

Post a Comment