ရန်ကုန်၊ နိုဝင်ဘာ ၁၂
အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း)ပါ
အချက်အလက်များမှာ တောင်သူ လယ်သမားတို့၏ လူမှုဘ၀ကို အာမခံချက် ပေးထားမှု
အားနည်းကြောင်း မွန်ပြည်နယ် လူမှုအဖွဲ့အစည်းများနှင့် မြေယာ အသုံးချ ပြည်သူ
များ၏ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ နိုင်စဝေါမွန် (မြေယာ အခွင့်အရေးနှင့်
ဥပဒေသင်တန်း စေ့စပ် ဆော်သြသူ) က နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာသံတော်ဆင့်သို့
ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်၊
ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ်နှင့် ပဲခူးတိုင်း
ဒေသကြီးတို့မှ အဖွဲ့အစည်းပေါင်း ၃၀ တို့၏ ကိုယ်စားလှယ်ပေါင်း ၆၀ ဦးနှင့်
မြေယာကျွမ်းကျင်သူ ပညာရှင်များအဖြစ် နိုင်ငံတကာ မီဒီယာတရားမျှတရေးအဖွဲ့မှ
(၃)ဦး၊ သဘာဝမြေယာ (၂) သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှ ၁ ဦးတို့
တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် ““ပိုင်ခေတ်”” သင်တန်းခန်းမ
မြိုင်သာယာရပ်ကွက်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
““မူကြမ်းမှာ ရေးထားတဲ့ အချက်အလက်တွေက သာမန်အားဖြင့် ကြည့်လိုက်ရင်တော့
စာလုံးတွေလှ တယ်။ နောက်ပြီးတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ပြန်ပြီးတော့ လေ့လာတဲ့
အခါကျတော့ အပေါ်နဲ့အောက်တို့ လွဲနေတာတွေ ရှိတယ်။ ဒီမူကြမ်းကလည်း
တောင်သူလယ်သမားရဲ့ လူမှုဘ၀ကို သိပ်ပြီး အာမခံချက် ပေးထားတာ သိပ်မရှိဘူးလို့
ကျွန်တော်တို့မြင်တယ်။ ဥပမာဗျာ… လယ်ယာမြေ ဥပဒေထဲမှာရှိတဲ့ ၂၀၁၂ က လယ်ယာမြေ
ဥပဒေထဲမှာ မြေကို အသုံးပြုချင်တယ်ဆိုရင် လျှောက်ရတယ် မလား။ လျှောက်ရတဲ့
အခါကျတော့ အခုမြေကို သက်တမ်း အလိုက် ပြန်လျှောက်ရတဲ့အခြေအနေ ရောက်နေတယ်လေ။
အဲဒီအခါကျတော့ ဒီဟာက သူတို့ လျှောက်ပိုင်ခွင့်ရတဲ့သူကပဲ လယ်ယာမြေကို
လုပ်ပိုင်ခွင့်ရတယ်ဆိုတော့ မလျှောက်ထားခင်မှာ အခြား ပြဿနာတွေနဲ့
ကြုံလာရတာတွေ ရှိတယ်။ ဘ၀တစ်လျှောက်လုံးမှာ ပိုင်ဆိုင်ရတဲ့မြေ ဖြစ်ပေမယ့်
လည်း ပြန်ပြီး လျှောက်နေရတော့ အပန်းကြီးတယ်။ အဲဒီအခါကျတော့ သူတို့ရဲ့
ပိုင်ဆိုင်မှုကို အာမခံချက် ပေးမထားဘူး။ ဒီ လယ်ယာမြေ ဥပဒေက စီးပွားရေးအဖြစ်
ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့နေရာမှာ ဦးစားပေးထားတယ်”” ဟု
ဦးနိုင်စဝေါမွန်က ပြောသည်။
ယင်းဆွေးနွေးပွဲ ရလဒ်အဖြစ် လက်ရှိမြေယာ
မူဝါဒမူကြမ်းသည် ဒေသအတွင်း ကြုံတွေ့နေရသည့် မြေယာ ပဋိပက္ခများကို
ဖြေရှင်းပေးနိုင်သည့် မူဝါဒယန္တရားများ ပါရှိသေးခြင်း မရှိသောကြောင့် ထပ်မံ
ဖြည့်စွက်ရန်နှင့် အချိန်ယူ ပြင်ဆင်ရန် ဒေသခံတို့၏ အသံများစွာ ပါဝင်ရန်
လိုအပ်ကြောင်း၊ ကောင်းမွန်သော မြေယာမူဝါဒ ရေးဆွဲရာတွင် တောင်သူလယ်သမားများ၊
မြေအသုံးချ ပြည်သူများ၊ အမျိုးသမီးတို့အား ကိုယ်စားပြုနိုင်သည့်
ဘက်ပေါင်းစုံမှ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်နိုင်ရန် အတားအဆီးမရှိ
ခွင့်ပြုထားရန်နှင့် မြေယာမူဝါဒ ရေးဆွဲရာတွင် အများပြည်သူ အသိအမှတ်ပြု
လေးစားအပ်သည့် တိုင်းရင်းသား ခေါင်းဆောင်ကိုယ်စား လှယ်များ ပါဝင်
ဆွေးနွေးခွင့် ပါရှိရန် စသဖြင့် သဘောထား ထုတ်ပြန်ထားသည်။
““အွန်လိုင်းမှာတွေ့တယ်။ တွေ့ပြီးတော့ မွန်ဒေသ လူမှုဖွံ့ဖြိုးရေးကွန်ရက်
(MSDN) အဖွဲ့နဲ့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့ ကနေပြိးတော့
ဒါကိုမွန်ပြည်သူတွေ အကုန်လုံး သိထားသင့်တယ်။ တကယ် မြေယာကို အသုံးချတဲ့
ပြည်သူလူထုတွေရဲ့ ဆန္ဒကိုလည်း တောင်းခံသင့်တယ်ဆိုပြီး အဲဒီနှစ်ဖွဲ့က
ကြီးမှူး တာပေါ့””ဟု အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပါဝင်သူ ဆရာမ
ဒေါ်ခင်သန်းထွေးက ပြောသည်။
နိုင်ငံတော်အစိုးရက အဆိုပါ အမျိုးသား
မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို အောက်တိုဘာလ ၁၈ ရက်နေ့က ထုတ်ပြန်
ခဲ့ခြင်းဖြစ်ကာ နိုဝင်ဘာလ တတိယပတ်အတွင်း ရန်ကုန်၊ နေပြည်တော် အပါအ၀င် နေရာ
၁၇ နေရာ၌ တစ်တိုင်းပြည်လုံး အတိုင်းအတာအနေဖြင့် လူထုနှင့် တွေ့ဆုံကာ
ဆွေးနွေး အကြံပြုချက်များ ရယူရန် စီစဉ်ထားသည်။
ရည်မွန်ဖြိုး
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment