Thursday, November 13, 2014

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးရေးအဆို ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုထောက်ခံ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

  နိုင်ငံ့ဝန် ထမ်းများကို ခေတ်နှင့်အညီ ထိုက်တန် သောလစာများကို တိုးမြှင့်ပေးရန် ပြည်ထောင်စုလွှတ်တော်နှင့် အစိုးရ ကိုတိုက်တွန်းကြောင်း အဆိုကို ပြည် ထောင်စုလွှတ်တော်တွင် ကန့်ကွက် သူမရှိ အတည်ပြုထောက်ခံလိုက် ကြောင်း သိရသည်။
အဆိုပါ လစာနှုန်းထားများ တိုးမြှင့်သတ်မှတ်ရေးအပါအဝင် အချက်သုံးချက်ကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ ဆောင် ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော် နှင့် ပြည်ထောင်စုအစိုးရအားတိုက် တွန်းကြောင်းအဆိုကို ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်
ဦးဇော် မြင့်ဖေက ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ ခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးဇော် မြင့်ဖေက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုကို ပြည်ထောင်စု လွှတ်တော်က ကန့် ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ် သည်။
ယင်းအရေးကြီးအဆိုအပြည့် အစုံမှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် သန့်ရှင်းသော အစိုး ရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး စနစ် အောင်မြင်စွာဖြစ်ထွန်းပေါ် ပေါက်ရေးအတွက် တပ်မတော် သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်း များအတွက် ထိုက်သင့်သောလစာ များ တိုးမြှင့်သက်မှတ်ရေး၊ အလုပ် သမားများ သင့်တင့်သော လုပ်ခလစာ ရရှိရေးအတွက် လိုအပ်လျက်ရှိသော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ စောလျင်စွာ ထုတ်ပြန်ဆောင်ရွက် ပေးရေး၊ တောင်သူလယ်သမားများ ဘဝတိုးတက်ရေးနှင့် တောင်သူလယ် သမားများ အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားများ မြှင့်တင်ရေး ဥပဒေနှင့်အညီ လိုအပ်သည့်နည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ စော လျင်စွာ ထုတ်ပြန်သတ်မှတ်ရေး၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ တိုင်း ဒေသကြီး(သို့မဟုတ်) ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော် မတီဝင်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီးပြည် နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့ဝင်များကို ချီးမြှင့်ငွေနှင့် စရိတ်များကို သင့်တင့်မျှတစွာပြင် ဆင်သတ်မှတ်ရေးတို့ကို ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာနှစ်မှစတင်ကာ အကောင်အ ထည်ဖော်နိုင်ရေးစီမံဆောင်ရွက်ပေး နိုင်ရန် ပြည်ထောင်စုလွှတ်တော် နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုဖြစ်သည်။
''နိုင်ငံ့ဝန်ကိုထမ်းနေတဲ့ ဝန်ထမ်း တွေက မိမိကျွမ်းကျင်ရာအလိုက် ဝင်ငွေကောင်းရာ ပြင်ပလုပ်ငန်းများ ကိုလည်းကောင်း၊ ပြင်ပနိုင်ငံများသို့ လည်းကောင်းပြောင်းရွှေ့လုပ်ကိုင် နေရပါတယ်။ ဝန်ထမ်းဂုဏ်သိက္ခာ ထိန်းဖို့အတွက် စားဝတ်နေရေးပြေ လည်ဖို့အတွက် လုပ်ငန်းခွင်မှာဈေး ရောင်းတာကို တွဲလုပ်ရ၊ ရုံးချိန်ကို လုပြီးပြင်ပမှာ အပိုတွေလုပ်နေရကာ မိခင်ဌာနကို အလေးပေးလုပ်ဆောင် မှုလျော့ဆင်းကျဆင်းနေပြီ''ဟု ဦးဇော် မြင့်ဖေက ပြောသည်။
နိုင်ငံ့ဝန်ထမ်းများကို လစာတိုး မြှင့်ခြင်းအား ၁၉၇၂ခုနှစ်မှ ယနေ့ အချိန်အထိ ရှစ်ကြိမ်တိုးမြှင့်ပေးခဲ့ ထားသော်လည်း ခေတ်ကာလအ လိုက် မလောက်ငမှုများကြောင့် ယခု အချိန်ပြင်ဆင်တိုးမြှင့်ပေးပါက ဆင့်ပါးစပ်နှမ်းပက် သကဲ့သို့ မဖြစ်စေဘဲ ထိုက်တန်စွာ တိုးမြှင့်ပြင်ဆင်သင့်ပြီ ဖြစ်ကာ အူမတောင့်မှသီလစောင့်မည် ဆိုသည့်အချက်ကို သတိမူပြီး ဝန်ထမ်း တွေ သီလစောင့်နိုင်ရေး၊ ကိုယ်ကျင့် တရားကောင်းနိုင်ရေး၊ အလုပ်အပေါ် စေတနာထားဆောင်ရွက်နိုင်ရေး အတွက် ပြင်ဆင်သင့်ပြီဟု ယင်းက ဆက်လက်ပြောသည်။
ယင်းပြင်အလုပ်သမား၊ လယ် သမားများအကျိုးစီးပွားများအတွက် ပြည်ထောင်စုလွှတ်တော်မှ လိုအပ် သည့်ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော် လည်း လက်တွေ့လုပ်ဆောင်ရာတွင် လိုအပ်သည့်နည်းဥပဒေများ၊ စည်း မျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ ဌာနများက ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး သဖြင့် လက်တွေ့အလုပ်သမားများ နှင့် လယ်သမားများ၏အကျိုးစီးပွား ကို ဖော်ဆောင်နိုင်ခြင်းမရှိသေးသော ကြောင့် လိုအပ်သည့်နည်းဥပဒေများ စည်းမျဉ်းစည်းကမ်းများ စောလျင်စွာ ထုတ်ပြန်ပေးရန် ထည့်သွင်းတင်သွင်း ရခြင်းဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မြင့် ဖေက လွှတ်တော်အတွင်းပြောသည်။
ယင်းအပြင် ပြည်ထောင်စုအ ဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်ပုဂ္ဂိုလ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်ကော်မတီဝင် များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် တိုင်းဒေသကြီး ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်များ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီး အဖွဲ့ဝင်များကို ချီးမြှင့်ငွေနှင့်စရိတ် များကွာဟနေမှုကို အချိုးကျပြင် ဆင်သင့်ကြောင်း ဦးဇော်မြင့်ဖေက လွှတ်တော်သို့ အရေးကြီးအဆိုအ ဖြစ် တင်သွင်းခဲ့သည်။
ယင်းအရေးကြီးအဆိုနှင့်ပတ် သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းရှိန်နှင့်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါ်လဲ့လဲ့သိန်းတို့က နိုင်ငံ့ဝန် ထမ်းများဆိုရာတွင် အငြိမ်းစားဝန် ထမ်းများကို ထည့်သွင်းသင့်ပြီး ယင်း အဆိုသည်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း ပြည်ထောင် စုလွှတ်တော်တွင်ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ယင်းအရေး ကြီးအဆိုအပေါ်''နိုင်ငံတော်နဲ့နိုင်ငံ သားတို့အတွက် အကျိုးဖြစ်ထွန်းစေ သောအဆိုတစ်ခုဖြစ်ပါတယ်။ ဒီအ ဆိုဟာ အင်မတန်ကောင်းမွန်သင့် လျော်တဲ့ မင်္ဂလာရှိသော အဆိုဖြစ် ပါတယ်။ မင်္ဂလာရှိသောအဆိုကို မင်္ဂလာရှိအောင် ကျွန်တော်တို့လုပ် ပေးရပါမယ်။ အကောင်အထည်ဖော် ဖို့အတွက် ပြည်ထောင်စုလွှတ်တော် နဲ့ ပြည်ထောင်စုအစိုးရတို့က အ ကောင်အထည်ဖော်ပေးရမှာဖြစ်ပါ တယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးစီးပွား၊ နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်း များအတွက် သူ့ဂုဏ်၊ သူ့သိက္ခာနဲ့ညီ နိုင်ဖို့အတွက် ဆောင်ရွက်ပေးခြင်းဖြစ် ပါတယ်။ အဲဒီလိုနေထိုင်နိုင်မယ်ဆို ရင် သူတို့တစ်တွေဟာ သန့်ရှင်းသော အစိုးရ ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ဖို့အတွက် များစွာအထောက်အကူ ပြုမှာဖြစ်ပါတယ်။ အဲဒီလိုမလုပ်ပေး နိုင်ဘူးဆိုရင် အစိုးရအနေနဲ့တာဝန် မကျေသလို ကျွန်တော်တို့ပြည် ထောင်စုလွှတ်တော်အနေနဲ့လဲ တာဝန် မကျေဘူး။ လွှတ်တော်ကိုယ်စားလှယ် တွေက ဘာအတွက်လုပ်ပေးမှာလဲ၊ လွှတ်တော်ကြီးကကော ဘယ်အ တွက်လုပ်ပေးမှာလဲ၊ အစိုးရအဖွဲ့ ကော ဘာအတွက်လုပ်ပေးမှာလဲ။ ဒါတွေစဉ်းစားပြီးတော့ အခုတင်သွင်း တဲ့အဆိုအပေါ်မူတည်ပြီးတော့ အလေးအနက်ထားပြီးတော့ ဖြစ် အောင်ဆောင်ရွက်ပေးဖို့လိုတယ်လို့ တင်ပြလိုပါတယ်''ဟု လွှတ်တော်အ တွင်းပြောကြားခဲ့သည်။
YM
‪#‎Democracytoday‬
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

No comments:

Post a Comment