ရန်ကုန်၊ နိုဝင်ဘာ ၁၁
ထိုင်းနိုင်ငံ ကော့တောင်ကျွန်း
လူသတ်မှုတွင် စွပ်စွဲခံ မြန်မာ လုပ်သား နှစ်ဦးဘက် မှ ဆောင်ရွက်ပေးနေသော
မြန်မာနိုင်ငံသားများအသင်း အမှုဆောင် ဒါရိုက်တာ၊ မြန်မာသံရုံး ကိုယ်စားလှယ်
ဦးကျော်သောင်းကို အမည်မည်းစာရင်း (Black List) သွင်းထားခြင်းသည် လက်ရှိ
လုပ်ဆောင်နေသော လိပ်ကျွန်း လူသတ်မှု ကိစ္စရပ်အတွက် အဟန့်အတား ဖြစ်စေကြောင်း
မြန်မာနိုင်ငံသားများအသင်း အမှုဆောင် ဒါရိုက်တာ၊ မြန်မာသံရုံး ကိုယ်စားလှယ်
ဦးကျော်သောင်းက နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် စွပ်စွဲခံရသူ မြန်မာလုပ်သား
နှစ်ဦး၏ မိဘများအား မြန်မာနိုင်ငံသို့ ပြန်လည်၍ လိုက်လံ
ပို့ဆောင်ပြီးနောက်
ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် နိုဝင်ဘာ ၆
ရက်တွင် ၎င်းအား Black List စာရင်းသွင်းထားခြင်းကို မင်္ဂလာဒုံ လေဆိပ်
လ၀ကမှတစ်ဆင့် သိရှိရခြင်း ဖြစ်သည်။
““လ၀က၀န်ကြီးဌာန အနေနဲ့ MOEA ကို
တရားမ၀င် အဖွဲ့အစည်း တစ်ခုက passport သုံးခုရှိလို့ တိုင်တာပါ ဆိုတာကို
ယုံကြည်ပြီး Black List စာရင်းသွင်းကာ အံ့သြမိပါတယ်။ ဖြေရှင်းတဲ့ အခါကျမှသာ
ရှောင်ထွက် မသွားဖို့ အရေးကြီးပါတယ်။ ဒီလို Black List စာရင်း သွင်းတာသည်
မြန်မာသံရုံးက သံအမတ်ကြီး ဦးဝင်းမောင် ဦးဆောင် ဖွဲ့စည်းတဲ့ အထူးစုံစမ်း
စစ်ဆေးရေး ကော်မတီ အတွက်လည်း ကောင်းတဲ့ အလားအလာ မဟုတ်ပါဘူး””ဟု
ဦးကျော်သောင်းက ပြောသည်။
ယင်းကဲ့သို့ Black List စာရင်း
သွင်းထားခြင်းကို မြန်မာအစိုးရ အနေဖြင့် အချိန်တိုအတွင်း ပြန် လည်ချေဖျက်
ပေးရန် နိုဝင်ဘာလ ၇ ရက်တွင် သမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာန၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အလုပ်သမားရေးရာ
ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန တို့ထံသို့ စာပေးပို့ထားပြီး
ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင်ထံသို့လည်း
Black List စာရင်းသွင်းခံထားရသူ တစ်ဦးနှင့် လက်တွဲ ဆောင်ရွက်ခြင်းအားဖြင့်
မြန်မာနိုင်ငံအနေဖြင့် ဂုဏ်သိက္ခာ ကျဆင်းနိုင်သည့်အပြင် သံအမတ်ကြီး
ဦးဝင်းမောင်၏ ရာထူးအတွက် တစ်စုံတစ်ရာ ထိခိုက်မည်ကို မလိုလားသည့်အတွက်
အဖွဲ့မှ နုတ်ထွက်ခွင့်ပြုရန် စာပေးပို့ထားကြောင်း မြန်မာသံရုံး
ကိုယ်စားလှယ် ဦးကျော်သောင်းက ပြောကြားသည်။
မြန်မာသံရုံး
ကိုယ်စားလှယ် ဦးကျော်သောင်း အနေဖြင့် passport စာအုပ်သုံးအုပ် ကိုင်ဆောင်
ထားသည့် အတွက် ဥပဒေ ချိုးဖောက်ရာ ရောက်သဖြင့် လူဝင်မှု ကြီးကြပ်ရေးဌာနသို့
သတင်းပေးပို့ တိုင်ကြားခြင်း ဖြစ်ကြောင်းကို ““ထိုင်းနိုင်ငံမှာ passport
အတုလုပ်တဲ့ ကိစ္စတွေတော့ မသိဘူး။ ၀န်ကြီးဌာနက တရားဝင် ခွင့်ပြုထားတဲ့ MOU
အလုပ်သမားတွေကို ပွဲစားပါ၊ လူလိမ်ပါဆိုပြီး တိုက်ခိုက်နေတဲ့ သူတစ်ယောက်က
ဒီလိုမျိုး passport သုံးခု ကိုင်ပြီးတော့ သွားနေတာဟာ တရားဝင်လား၊
မ၀င်ဘူးလား ဆိုတာ သိချင်လို့ လှမ်းတိုင်တာ။ အခုသွားလာနေတဲ့ ထိုင်းနဲ့ဗမာ
သွားတဲ့ စာအုပ်တစ်အုပ်၊ အလုပ်သမားတွေကိုင်တဲ့ passport စာအုပ်၊
အထောက်အထားမဲ့တွေကို ထုတ်ပေးတဲ့ စာအုပ်မျိုးက တစ်အုပ် ကိုင်ထားတယ်။
passport မိတ္တူ အချက် အလက်တွေ ရထားတယ်။ လေဆိပ်ကိုရော၊ နေပြည်တော်ကိုရော
တိုင်စာပို့တာတော့ တစ်လလောက် ကြာပါပြီ”” ဟု ပြည်ပအလုပ်အကိုင် ရှာဖွေရေး
လုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEA)မှ ဦးကျော်ထင်ကျော် က မြန်မာသံတော်ဆင့်
သို့ ပြောသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရုံးမှ
ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်းက ၎င်းတို့ဌာနထံသို့ တိုင်စာ ပေးပို့ထားခြင်း
မရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးယူရန် အကြောင်းကြားသည့်အတွက် Black
List စာရင်း သွင်းထား ရခြင်း ဖြစ် ကြောင်း၊ passport ၃ မျိုး
ကိုင်ဆောင်သည်မှာ ဥပဒေ ချိုးဖောက်ရာ ရောက်သည့်အတွက် ယင်းကဲ့သို့ စာရင်း
သွင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထဲရေး ၀န်ကြီးဌာနသို့
ဆက်သွယ်မေးမြန်းရာ အဆိုပါ ကိစ္စကို တိုင်စာဌာနထံသို့ မေးမြန်း အတည်ပြု
ပြီးမှသာ ဖြေဆိုနိုင် မည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
No comments:
Post a Comment