Friday, November 14, 2014

ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်မိသားစုပိုင် နေအိမ်တွင် ရုံးခန်းဖွင့်ထားသည့် USAID ၏ ကန်ထရိုက် ကုမ္ပဏီ ပြောင်းရွှေ့ရန် ဖိအားပေးခံရ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်နိုင်ငံ မှ မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် USAID ၏ လုပ်ငန်းများအား ကန်ထရိုက်ယူ၍ လုပ်ဆောင်ပေးနေသည့် Devel- opment Alternative Inc., ကုမ္ပဏီ ရုံးခန်းအဖြစ် ငှားရမ်းထားသော အိမ်နေရာမှာ ယခင်စစ်အစိုးရ လက်ထက် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်၏ မိသားစုနှင့် ဆက်စပ်သည့် အိမ်နေရာ ဖြစ်နေသည့်အတွက် ရုံးခန်းပြောင်းလဲ တော့ မည် ဖြစ်ကြောင်း ပြောဆိုထားပြီး ဖြစ်သည်ဟု Associated Press – AP သတင်းဌာနက နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ဖော် ရေးသားထားသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဒီမိုကရေစီ လှုပ်ရှားသူ ထောင်ပေါင်း
များစွာအား ထောင်သွင်းအကျဉ်းချ၍ ညှဉ်းပန်းနှိပ်စက်ခဲ့မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ထောက်လှမ်းရေး၏ အကြီး အကဲဟောင်း ဖြစ်သည်။
ယခုကဲ့သို့ ရုံးခန်းနေရာ ရွှေ့ပြောင်းရန်အတွက် ပြင်ဆင်ရခြင်းမှာ ယင်းကုမ္ပဏီမှ လက်ခံ ပြုလုပ်ပေးနေသည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အစီအစဉ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ကြောင်း အလှူရှင်များက ထောက်ပြဝေဖန် ခဲ့သည့်အတွက်ဖြစ်သည်။ အဆိုပါ အလှူရှင် များမှာ စစ်အစိုးရ ခေါင်းဆောင် များအား တားဆီးပိတ်ပင်မှု ပြုလုပ်သင့်ကြောင်း ယုံကြည် သက်ဝင်သူများ ဖြစ်သည်။
ရန်ကုန်မြို့ရှိ တန်ဖိုးကြီး မြေနေရာ အများစုမှာ ယခင်နှင့် ယခု စစ်ခေါင်းဆောင်များနှင့် ၎င်းတို့ နီးစပ်သူ ခရိုနီစီးပွားရေး လုပ်ငန်းရှင်များက စစ်အုပ်ချုပ်ရေး ကာလတွင် ရယူပိုင်ဆိုင် ထားကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ထောက်လှမ်းရေး အကြီးအကဲဟောင်း မိသားစုပိုင် နေအိမ်၌ ငှားရမ်း လုပ်ကိုင်နေခြင်းကြောင့် လွန်ခဲ့သည့် နှစ်နှစ်ခန့်က စီးပွားရေး ပိတ်ဆို့မှု လျှော့ချပေးခံခဲ့ရသည့် ဦးခင်ညွန့်၏ အိတ်ကပ်အတွင်းသို့ အမေရိကန်က ပေးအပ်နေသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ရောက်ရှိသွားရန် နီးစပ်နေသည်ဟုလည်း AP သတင်းဌာန၏ ဖော်ပြချက်တွင် ပါရှိသည်။
အဆိုပါ အိမ်ငှားရမ်းထားမှု ကိစ္စနှင့် ပတ်သက်၍ဦးခင်ညွန့်၏ နေအိမ်သို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ““အဲဒီကိစ္စကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော်တို့က အိမ်ထဲမှာ လုံခြုံရေး ယူထားတာပဲ ရှိတယ်။ လောလောဆယ် ဦးခင်ညွန့်က ရန်ကုန်မှာ မရှိပါဘူး။ ခရီးထွက်နေပါတယ်”” ဟု နေအိမ်လုံခြုံရေး တာဝန်ယူထားသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အလားတူ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF မှာလည်း တစ်လလျှင် အမေရိကန် ဒေါ်လာ ၈၇,၀၀၀ နှုန်းဖြင့် ယခင် စစ်အစိုးရ လက်ထက် ၀န်ကြီးဟောင်းတစ်ဦး၏ နေအိမ်ကို ငှားရမ်း သုံးစွဲနေရပြီး ဥရောပသမဂ္ဂရုံးမှာလည်း ဘိန်းထုတ်လုပ်မှုတွင် ပါဝင်ပတ်သက်နေသူဟု နာမည်ကြီးသူတစ်ဦး၏ နေအိမ်အား တစ်လလျှင် ကန်ဒေါ်လာ ၈၀,၀၀၀ ဖြင့် ငှားရမ်း လုပ်ကိုင်နေရကြောင်း၊ ထို့ပြင်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှာလည်း တစ်လလျှင် ကန်ဒေါ်လာ ၇၉,၀၀၀ ဖြင့် ဝေခွဲရခက်နေသည့် အိမ်ပိုင်ရှင် တစ်ဦးထံမှ ငှားရမ်းသုံးစွဲ နေရကြောင်း AP သတင်းဖော်ပြချက်တွင် ပါရှိသည်။
Development Alternative Inc., ကုမ္ပဏီ အနေဖြင့် ကုမ္ပဏီ နာမည်ကောင်းရရန်အတွက် တစ်ခုတည်းသော နည်းလမ်း မှာ ရွှေ့ပြောင်းပေးခြင်းပင် ဖြစ်ကြောင်းလည်း AP သတင်းဌာနက ရေးသားထားသည်။
ကုမ္ပဏီ အနေဖြင့် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ထံမှ တစ်လလျှင် အမေရိကန်ဒေါ်လာ ၇,၀၀၀ ဖြင့် ငှားရမ်းရန်အတွက် ၂၀၁၂ က ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူ Steven O’Connor က ““မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေသေချာချာ သတိပြုမိဖို့ အတွက် ပျက်ကွက်ခဲ့မိတယ်”” ဟု ပြောဆိုခဲ့ကြောင်း AP သတင်း၌ ပါရှိသည်။
မြန်မာနိုင်သို့ ပေးအပ်နေသည့် ဖွံ့ဖြိုးရေး အကူအညီများမှာ ထိရောက်မှု မရှိကြောင်းကို ယခုနှစ် အစောပိုင်း အတွင်းက ဧရာဝတီသတင်းမှ ထုတ်ဖော်ရေးသားခဲ့ဖူးသည်။ အဆိုပါသတင်း၌ UNICEF မှ ငှားရမ်း လုပ်ကိုင် နေသည့် အိမ်သည် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ လက်ထက်၌ အကြီးအကျယ် လာဘ်စားခဲ့သူများ ထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် လယ်/ဆည် ၀န်ကြီးဟောင်း အငြိမ်းစား ဗိုလ်ချုပ် ဦးညွန့်တင်၏ မိသားစုပိုင် နေအိမ်ဖြစ်သည်ဟု ဖော်ပြထားသည်။ ““အဖွဲ့အစည်းတွေက ပြောနေကြတယ်။ သူတို့ဟာ တိုင်းပြည် ဖွံ့ဖြိုးရေး အတွက် ကူညီနေကြတာပါတဲ့။ ကောင်းပြီ။ ဒါဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်။ တကယ့်ကို အသုံးတည့်ပြီး အကျိုး တကယ်ဖြစ်ထွန်းစေမယ့် နေရာကို ရှာဖွေငှားရမ်းပြီး အကျိုးရှိရှိ သုံးကြဖို့ပါပဲ”” ဟု USAID တွင် လုပ်ကိုင်နေသည့် မြန်မာ့အရေး ကျွမ်းကျင်သူ Lex Rieffel က AP သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် WHO မှ ငှားရမ်း အသုံးပြုနေသည့်နေအိမ်မှာ အမြင့် ၈ ပေကျော်မြင့်သည့် ကွန်ကရစ် ခြံစည်းရိုး ခတ်ထားပြီး ခြံဝင်းတံခါးကိုလည်း သံတံခါးများ တပ်ဆင်ထားသည်။ ယင်းနေအိမ်မှာ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစု နေအိမ် ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုချက်များ ရှိနေသော်လည်း WHO (မြန်မာ)၏ ဌာနေ ကိုယ်စားလှယ် Krongthong Thimasarn ကမူ အဆိုပါ ရုံးခန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သော်လည်းကောင်း၊ ၎င်း၏ သမီးသော်လည်းကောင်း ပိုင်ဆိုင်ခြင်း မဟုတ် ကြောင်းနှင့် အမှန်တကယ် ပိုင်ဆိုင်သူမှာ ဒေါ်ခင်နွယ်မာထွန်းဆိုသူ ဖြစ်ကြောင်း ငြင်းဆိုထားသည်။
မြန်မာနိုင်ငံ၏ အကူးအပြောင်း ကာလအတွင်း အထောက်အပံ့ ဖြစ်စေရန် အတွက် ဥရောပသမဂ္ဂ EU မှ ကန်ဒေါ်လာ တစ်ဘီလီယံကျော် ကူညီ သွားမည်ဖြစ်ပြီး ၎င်းတို့၏ ရုံးခန်းငှားရမ်းမှုနှင့် ပတ်သက်၍လည်း ဝေဖန်မှုများ ရှိသည်။
EU ရုံးခန်း ဖွင့်လှစ်ရန်အတွက် ရန်ကုန်မြို့၊ လှည်းတန်းစင်တာတွင် ငှားရမ်းထားပြီး ယင်းစင်တာအား ယခင်စစ်အစိုးရ ခေါင်းဆောင်များနှင့် နီးစပ်သူ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် Asia World ကုမ္ပဏီမှ ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း၊ စတီဗင်လော၏ ဖခင်ဖြစ်သူ လော်စစ်ဟန်မှာ ဘိန်းဘုရင် တစ်ဦးဖြစ်ပြီး အမေရိကန် အစိုးရက အမည်မည်းစာရင်း Blacklist သွင်းထားသူ ဖြစ်ကြောင်း AP သတင်းက ဆိုသည်။
အဆိုပါ လှည်းတန်းစင်တာ မြေနေရာမှာ ယခင်က မိသားစု ၆၈ စုပိုင် မြေနေရာဖြစ်ပြီး စင်တာ ဆောက်လုပ်ရန် အတွက် လျော်ကြေး ပေးမည် ဟုဆိုကာ ၂၀၀၃ ခုနှစ်က ရွှေ့ပြောင်းစေခဲ့သည်။ ၎င်းတို့အား အစားအဖြစ် ပြန်ပေးခဲ့သည့် နေရာမှာ ပြတင်းပေါက် မပါရှိသော ဒုတိယထပ်ရှိ တိုက်ခန်းအချို့ကိုသာ ပြန်ပေးခဲ့ရာ မိမိတို့ ဆုံးရှုံးရသည်နှင့် ပြန်ကာမိသည့် အစားထိုး လျော်ကြေး မဟုတ်ဟု ပြောဆိုမှုများရှိကြောင်း AP သတင်း၌ ဖော်ပြ ရေးသားထားသည်။
ထို့ပြင် EU သံအမတ် မစ္စတာ ရိုလန်ကိုဘီယာမှာလည်း မရမ်းကုန်းမြို့နယ်၊ အေဒီလမ်း (ယခုမေခလမ်း) အမှတ်၁၉ ၌ နေထိုင်လျက် ရှိကာ ယင်းအိမ်မှာ ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း မိသားစု ပိုင်ဆိုင်သည့် ခြံဝင်းအတွင်းမှ အိမ်တစ်အိမ် ဖြစ်သည်။

MH-0025
  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment