Thursday, November 13, 2014

သန္တိသုခအမှု ဒီဇင်ဘာလ ၃ ရက်နေ့တွင် အမိန့်ချမှတ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၂ 

တာမွေမြို့နယ်တရားရုံးက ပယ်ချခဲ့သည့် သန္တိသုခကျောင်းမှ သံဃာများ ဖမ်းဆီးမှု သက်သေခံ အထောက်အထားကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက လက်ခံခဲ့ပြီးနောက် နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီက အပြီးသတ် လျှောက်လဲချက် ကြားနာစစ်ဆေးခဲ့ရာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း ဖမ်းဆီးခံခဲ့ရသော သံဃာတော်များတွင် ပါဝင်ခဲ့သည့် လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။


သံဃနာယက အဖွဲ့ရုံးတွင် မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါးကို အရေးယူရန် အစည်းအဝေး ပြုလုပ်ခဲ့ပြီး အစည်းအဝေး မှတ်တမ်းကို ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးစိန်လွင်က တာမွေတရားရုံးတွင် တင်ပြခဲ့ကြောင်း၊ ယင်းမှတ်တမ်းစာရွက်ကို တရားစွဲခံရသည့် ဆရာတော်များက အမှု၏ အဓိကသက်သေခံ အဖြစ် မြို့နယ်တရားရုံးတွင် တင်ပြခဲ့သော်လည်း လက်မခံသဖြင့် အရှေ့ပိုင်ခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲခံရသော သံဃာတော်များဘက်မှ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားသည်။

“အရှေ့ပိုင်းခရိုင်မှာ စစ်ဆေးနေတဲ့ အမှုက သာသနာ့ အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၄၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အပြီးသတ် ကြားနာစစ်ဆေးထားတဲ့ အမှုက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) ပါ။ အမှုတွဲတွေ အားလုံးက ခရိုင်နဲ့ တိုင်းတရားလွှတ်တော် ရောက်နေတာကြောင့် တာမွေမြို့နယ် တရားရုံးမှာ စစ်ဆေးမှုတွေ ခဏရပ်ထားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဇွန်လ ၁၀ ရက်နေ့ သန်းခေါင်ယံတွင် မဟာသန္တိသုခ ကျောင်းတိုက်ကို နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့၏ အမိန့်ဖြင့် အာဏာပိုင်အဖွဲ့တို့က ကျောင်းတိုက်တွင်း ဝင်ရောက် ချိပ်ပိတ်ကာ သီတင်းသုံး နေထိုင်နေသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါးကို လူဝတ်လဲစေပြီး သံဃာအဖွဲ့အစည်း အဆင့်ဆင့်၏ အခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများအညီ ဆိုဆုံးမမှုကို မလိုက်နာမှု ပုဒ်မ ၁၄ နှင့် သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) တို့ဖြင့် တရားစွဲဆိုခံရကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့ကို ဖမ်းဆီးထောင်ချပြီး ကျောင်းတိုက်ကို ချိပ်ပိတ်ခဲ့တယ်။ အခု ကျောင်းတိုက်ထဲကို ဘယ်သူ့ခွင့်ပြုချက်နဲ့ ဝင်ထွက်နေလဲ မသိဘူး၊ ကား ၁၀ စီးလောက်နဲ့ ကျောင်းတိုက်ထဲ ဝင်ထွက်နေတဲ့အဖွဲ့ကို လေးကြိမ်တိုင်တိုင် တွေ့ရှိထားတဲ့ မှတ်တမ်းအထောက်အထားတွေ ရှိတယ်၊ ဒီကိစ္စကို သမ္မတကို တိုင်ကြားစာပေးဖို့ လတ်တလော စီစဉ်နေပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

Credit - The Voice

No comments:

Post a Comment