ရန်ကုန်မြို့ရှိ
ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့သော
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ
ဘားရက်အိုဘားမားတို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် Eleven Media Group က
အမေရိကန်သမ္မတ အိုဘားမားအား မြန်မာနိုင်ငံရှိ ဂျာနယ်လစ်များ၏
အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ အဆိုပါမေးမြန်းဖြေကြားမှုကို
ဖေါ်ပြအပ်ပါသည်။
“နိုဝင်ဘာ ၁၃ ရက် မနေ့ညက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံခဲ့ရာမှာ သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံရှိ ဂျာနယ်လစ်များရဲ့အခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါသလား။ အခုလို မေးမြန်းရတာကတော့ သမ္မတဦးသိန်းစိန်
အစိုးရလက်ထက်မှာ နိုင်ငံရေးသမားများထက် ဂျာနယ်လစ်များ ပိုမိုဖမ်းဆီး တရားစွဲဆိုထောင်ချမှုများ ရှိနေလို့ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးတဲ့အခါမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ဘယ်လိုတုံ့ပြန် ပြောကြားခဲ့ပါသလဲ။ ကျေးဇူးတင်ပါတယ်” ဟု Eleven Media Group က မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ အိုဘားမားက “ကျွန်တော့်အနေနဲ့ သမ္မတနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာ အမှုတစ်ခုချင်းစီနဲ့ပတ်သက်လို့ သတ်သတ်မှတ်မှတ် မဆွေးနွေးခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ အစောပိုင်းက ပြောခဲ့သလိုပါပဲ။ အခြေခံမူဝါဒများကိုသာ ဆွေးနွေးပြောကြားခဲ့ပါတယ်။ အဲဒါကတော့ လွတ်လပ်တဲ့မီဒီယာဟာ ဒီမိုကရေစီရဲ့ အခြေခံပါပဲ။ အစိုးရရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဂျာနယ်လစ်တွေအပေါ်မှာ မှီခိုရပါတယ်။ တကယ်လို့များ အစိုးရအနေနဲ့ ဂျာနယ်လစ်တွေကို ထိန်းချုပ်မယ်ဆိုရင် အစိုးရရဲ့တာဝန်ခံမှုကို ဆုပ်ကိုင်ဖို့အတွက် တိုင်းသူပြည်သားတွေအနေနဲ့ အခက်အခဲတွေ ရှိလာပါလိမ့်မယ်။ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်နေတယ်ဆိုတာကို ကျွန်တော်အနေနဲ့ အသိအမှတ်ပြုပါတယ်။ ကျွန်တော်ဒီကို နောက်ဆုံးလာရောက်လည်ပတ်တဲ့ အချိန်ကထက်စာရင် အခု ဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံမှုတွေ ရှိပါတယ်။ ဂျာနယ်လစ်တွေ ထောင်ချခံရတာ၊ အသတ်ခံရတာ၊ ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ကြားတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ အစိုးရတစ်ရပ်အနေနဲ့ ကျင်းထဲကျပ်ထဲရောက်ပြီး ဒုက္ခဖြစ်လာပါလိမ့်မယ်” ဟု ဖြေကြားခဲ့သည်။
Credit - Eleven Media Group

No comments:
Post a Comment