Friday, November 14, 2014

မြန်မာ၏ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး စိန်ခေါ်ချက်များ

အတွေးအမြင်
============================================
  မြန်မာ၏ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး စိန်ခေါ်ချက်များ
============================================

-ကျော်လင်းဦး

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် လာအိုနိုင်ငံနှင့်အတူ ဝင်ရောက်ခဲ့ သည်။ ထိုစဉ်က မြန်မာစစ်အစိုးရ၏ နိုင်ငံရေးအရ ကန့် သတ်ချုပ်ချယ်မှုများကြောင့် အမေရိကန်နိုင်ငံ၏ ပထမဆုံး စီးပွားရေးပိတ်ဆို့မှုကို လောလောလတ်လတ်တွေ့ကြုံနေ ရသည့် အချိန်ဖြစ်သည်။ အဆိုပါပိတ်ဆို့မှုမှာ အမေရိကန် သမ္မတဘီလ်ကလင်တန် လက်ထက်တွင် ချမှတ်ခဲ့ပြီး မြန်မာ နိုင်ငံတွင် အမေရိကန်၏ ရင်နှီးမြှုပ်နှံမှုအသစ်များကို တားမြစ် လိုက်သည့် အရေးယူမှုဖြစ်သည်။


ထို့ကြောင့် မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်အဖြစ် ပါဝင်ရေးတွင် အမေရိကန်အပါအဝင် အနောက်ဥရောပ နိုင်ငံများ၏ ငြိုငြင်မှုကို မူလအာဆီယံ အဖွဲ့ဝင်များက ခါးစည်း၍ခံခဲ့ရသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်အဖြစ် ၁၇နှစ် သက်တမ်း ကြာမှ ပထမဆုံးအကြိမ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခွင့်ရခြင်းဖြစ်သည်။ သို့သော်လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့် ၂ဝ၁၄ခုနှစ်သည် အာဆီယံအဖွဲ့ကြီး၏ အလှည့်အပြောင်းအတွက် များစွာအရေးပါသည့် နှစ်တစ်နှစ်ဖြစ်နေ သည်မှာ ထူးခြားသည့် တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။ ၂ဝဝ၇ခုနှစ် ဒီဇင် ဘာလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ လက် မှတ်ရေးထိုးခဲ့ပြီး ၂ဝဝ၈ခုနှစ်မှ စတင် အသက်ဝင်လာသော အာဆီယံ ပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင် ၁ဝ နိုင်ငံပါသော အာဆီယံအဖွဲ့ကြီးအတွက် တိကျသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်း စဉ်များကို ချမှတ်အကောင်အထည် ဖော်ရန် ကြိုးပမ်းလာခဲ့သည်။ အဆိုပါ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်မှာ ၂ဝ၁၅ ခုနှစ်အကုန်တွင် အာဆီယံအသိုက် အဝန်းကြီးကို ထူထောင်ရန်ဖြစ်သည်။

မူလက အာဆီယံအသိုက်အဝန်း ကြီး ထူထောင်ရေးကို ၂ဝ၂ဝမှ အကောင် အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် နိုင်ငံတကာအခင်းအကျင်းများ၏ လိုအပ်ချက်ကြောင့် ၂ဝ၁၅တွင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ၂ဝ၁၅ ခုနှစ်သို့ နီးကပ်လာသည်နှင့်အမျှ လက်တွေ့လုပ်ငန်းစဉ်များတွင် မမျှော်လင့်သော စိန်ခေါ်မှုနှင့် အခက်အခဲများဖြင့် ကြုံတွေ့နေရသဖြင့် အာဆီယံအသိုက်အဝန်း ဖော်ဆောင်မှုကို ၂ဝ၁၅ခုနှစ် ဇန်နဝါရီ ၁ရက် နေ့အစား ၂ဝ၁၅ ဒီဇင်ဘာ ၃၁ရက်နောက်ပိုင်းဟု ပြောင်းလဲသတ်မှတ် လိုက်ပြီး တစ်နှစ်နောက်ဆုတ်လိုက်ကြသည်

အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ရန် နီးကပ်လာသည်နှင့်အမျှ မျှော်မှန်းသည့် အတိုင်းမဖြစ်နိုင်သည့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများထဲတွင် စင်ကာပူနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး စသည့်စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းလိုက်ပါက ပြည်တွင်းစီးပွားရေးကို ထိခိုက်နိုင်သည့် အချက်ကို သတိပြုမိလာကြသည်။ စင်ကာပူကဲ့သို့ ဖွံ့ဖြိုးပြီး နိုင်ငံအနေ နှင့်မူ အာဆီယံပူးပေါင်းမှု၏ရလဒ်ကြောင့် ကျန်အာဆီယံနိုင်ငံများတွင် စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိနိုင်သော်လည်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားကဲ့သို့ ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် တိုင်းပြည်များ အနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန် သွယ်မှုများကြောင့် နစ်နာနိုင်ခြေရှိနေသည်။ အခြားအလယ်အလတ် ဖွံ့ဖြိုးမှု အဆင့်ရှိနေသည့် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖို့ စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်ကို တစ်ဖက်က မျှော်ကိုးနေသကဲ့သို့ အခြားအာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝင်လာမည့် စီးပွားရေး လုပ်ငန်းများကြောင့် မိမိတို့ ပြည်တွင်းလုပ်ငန်း များ ထိခိုက်သွားမည်ကိုလည်း တစ်ဖက်က စိုးရိမ်ပူပန်လျက်ရှိနေကြသည်။

ထိုအခြေအနေတွင် နောက်ဆုံးမှ ဝင် ရောက်လာသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများကို ၂ဝ၁၈ခုနှစ် အထိ အချိန်တိုးမြှင့်ပေးထားပြီး ကုန်သွယ်ရေး တွင် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီ ချက်ကို အကောင်အထည်ဖော်ရန် အချိန်သုံးနှစ် ထပ်ဆောင်းပေးထား သည်။

အခြားဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို ၂ဝ၁၈ခုနှစ် ဝန်းကျင်မှစတင်အကောင်အထည် ဖော်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း မြန်မာကဲ့သို့ ဖွံ့ဖြိုးမှုနိမ့်ကျနေ သော တိုင်းပြည်အဖို့ သုံးနှစ်အတွင်း အာဆီယံဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုကို အသင့်ဖြစ်စေရန် အားထုတ်ရာ၌ အခက်အခဲများစွာ ရှိနေဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အခြား ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် အားသာချက်များရှိသော် လည်း အခြေခံ အဆောက်အအုံပိုင်းတွင် အားနည်းချက်နှင့် လိုအပ် ချက်များကြောင့် ၂ဝ၁၈ တွင် အဆင်သင့် ဖြစ်နိုင်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။

၂ဝ၁၄ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင် ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အသိုက်အဝန်းကြီးအတွင်း ပါဝင်နိုင်ရေး အတွက် အချိန်ပိုမိုရရှိစေရန် စွမ်းဆောင် နိုင်သော်လည်း အခြားစိန်ခေါ်မှုနှင့် အခက် အခဲများက တည်ရှိနေဆဲဖြစ်သည်။ ¤င်း စိန်ခေါ်မှုများအနက်မှ အခြေခံကျသည့် စိန်ခေါ်မှုမှာ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ၏ အောင်မြင်မှု၊ ကျဆုံးမှုသည် အခရာကျလှသည့် စိန်ခေါ်မှု ဖြစ်သည်။ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများအပြင် ဗျူရိုကရေစီယန္တရားအတွင်း ပြုပြင် ပြောင်းလဲမှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူစေရန် ဖြေလျှော့မှုများ၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ စွမ်းဆောင်ရည်တိုးမြှင့်စေရန် ဆောင်ရွက်မှုများကို သုံးနှစ်အတွင်း အပြင်းအထန်ဆောင်ရွက်ကြရန် လိုအပ်သည်။

ပြည်တွင်းပြုပြင်ပြောင်းလဲရေးများ အောင်မြင်လာသည် နှင့်အမျှ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာ ပြီး ကျန် အာဆီယံအဖွဲ့ဝင်များနှင့်တန်းတူ ၂ဝ၁၈တွင် အာဆီယံ အသိုက်အဝန်းအတွင်း ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အရှိန် တန့်သွားခဲ့လျှင် အာဆီယံအသိုက်အဝန်းအတွင်း စတင်ဝင်ရောက်ရ မည့် ၂ဝ၁၈ မျှော်မှန်းချက်သည် ပိုမိုအလှမ်းဝေးသွားလိမ့်မည်ဖြစ် ပြီး အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ အာဆီယံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၏ အသီးအပွင့်ကို ခံစားနေရချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် နစ်နာဆုံးရှုံးမှုများကို ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။

ထို့ ကြောင့် သမ္မတဦးသိန်းစိန်၏ လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပိုမိုအားဖြည့်လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ပါလိမ့်မည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit - Yangon Media Group

 

No comments:

Post a Comment