(တစ်)
“ခလုတ်ထိမှ အမိတ” ဆိုတဲ့စကားဟာ မှန်ချက်အမေရာ။ ကျုပ်ပြဿနာတက်နေပြီ အမေရ။
ကျုပ်မှာလည်း ထစ်ခနဲဆို အမေ့ကိုပဲ ပြေး၊ပြေး သတိရမိတဲ့ အကျင့်က၊ ခုထက်ထိ
မပျောက်သေးဘူး။ ဒီကိစ္စမျိုးဟာ၊ တခြားသူကို ပြောပြရင်၊ တယ်ပြီး ကိုယ်ချင်းစာ၊
နားလည်နိုင်ကြမှာ မဟုတ်ဘူးအမေ။ ဒါကြောင့် အရေးဟယ်၊ အကြောင်းဟယ်ဆို
ရင်ထဲပေါ့သွားအောင်၊ အမေ့ကို ဖွင့်ပြောဖြစ်တာဗျ။
ဟဲ၊ ဟဲ၊ ကျုပ်စကား ပြောရင် အခုထက်ထိ ...၊ ကျုပ်၊ ကျုပ်ဆိုပြီး
ကျုပ်ချင်းထပ်နေတုန်းပဲ အမေ၊ ကျုပ်ကလည်း အမေနဲ့စကားပြောရင် ကျုပ်လို့ ပြောရမှအားရတတ်လို့ပါ။ အဖေသာ၊ ရှိနေသေးလို့ ကြားရင်တော့ တောနွားတွေလို့ ငေါက်မှာ
ကြားယောင်သေးဗျာ။
အော်၊ ပြဿနာဆိုလို့ ပိုက်ဆံကိစ္စ၊ ငွေရေးကြေးရေးကိစ္စ မဟုတ်ပါဘူး၊
တစ်ယောက်ယောက်နဲ့ ရန်မီးပွားပြီး နင်ပဲငဆဖြစ်၊ ထိုးဟယ်ကြိတ်ဟယ်
ဖြစ်တဲ့ကိစ္စမျိုးလည်း မဟုတ်ပါဘူးအမေရာ။ ကျုပ်က ပြောချင်ဇော လွှတ်ကြီးပြီး
အမေ့ကို စိတ်ပူအောင်လုပ်သလို ဖြစ်နေပါပြီ။ အရမ်းကြီး အရေးကြီးတဲ့ကိစ္စလည်း
မဟုတ်ပါဘူး။ အဲသေချာစဉ်းစားကြည့် ပြန်တော့၊ ဒီကိစ္စဒီပြဿနာဟာ ပေါ့သေး
သေးလို့လည်း မဆိုနိုင်ပြန်ဘူးအမေ။ ဒီလိုဗျ၊ အမေရ။
(နှစ်)
ကျုပ်ပြဿနာက ဆံပင်ညှပ်ဆိုင်မှာဖြစ်တဲ့ ပြဿနာအမေရ။ အာ၊ ဟုတ်သေးပါဘူး။
ဆံပင်ညှပ်ဆိုင်က ဆံပင်ညှပ်တဲ့ ဆရာနဲ့ ဖြစ်တဲ့ ပြဿနာကို ပြောတာပါ။
ဆံသဆရာဆိုပါတော့ အမေရာ။ အမေနားရှင်းအောင် သေချာပြောပြရရင်၊ ဖူးခက်မှာ ကျုပ်ဖွင့်ထားတဲ့ ဈေးဆိုင်နဲ့ ကျုပ်နေတဲ့အိမ်ဟာ အညာအခေါ်ဆိုရင်
တစ်တိုင်မရှိတရှိဆိုပါတော့။
တလနပ်အဝိုင်းလို့ခေါ်တဲ့ ပျံကျဈေးလေးတစ်ခုကို ကျော်သွားရတယ်။ အဲဒီ
တလနပ်ဈေးလေးနားမှာ ကျုပ်ပြောတဲ့ ဆံပင်ညှပ်ဆိုင်ရှိတယ် အမေရ။ အဲဒီဆံသဆိုင်က လေအေးစက်လေးနဲ့ သပ်သပ်ရပ်ရပ်ဆိုတော့ တစ်ခါသား ကျုပ်လည်း ဆံပင်ညှပ်မဟဲ့ဆိုပြီး အဲဒီဆိုင်ထဲရောက် သွားရောဆိုပါတော့။
အော်၊ ဆံပင်ညှပ်ဆိုင်ဆိုမှတော့ ကျုပ်ဆံပင်ညှပ်ဖို့ သွားတာပေါ့အမေရာ။ ဒီမှာတင် ဆံသဆရာနဲ့တွေ့တော့ ကျုပ်ကလည်း ထိုင်းစကား လည်လည်ဝယ်ဝယ် မပြောတတ်၊ သူကလည်း
ကျုပ်ပြောတဲ့ အင်္ဂလိပ်စကားကို နားမလည် အတော့်ကို ခွတီးခွကျနိုင်ခဲ့တာကလား။ ဒါပေမဲ့ အမေရာ၊ နောက်ဆုံးတော့လည်း ခြေဟန်လက်ဟန်၊ ထိုင်းစကား
တစ်လုံးစနှစ်လုံးစ၊ အင်္ဂလိပ်လို ဟိုညှပ်ဒီညှပ်နဲ့ ကျုပ်ညှပ်ချင်တဲ့
ဆံပင်ပုံစံကို နှစ်ဦးနှစ်ဖက် နားလည်မှုရပြီး အဆင်ပြေသွားတယ်ဆိုပါ တော့။
ဆံပင်ညှပ်တယ်ဆိုလို့ ငယ်ငယ်ကအဖြစ်တွေ ပြေးသတိရမိသေးတယ်။ အမေမှတ်မိလား။ ကျုပ်ခေါင်းမှာ အမြဲလိုလို အနာစိုတွေ၊ ပွေးတွေ၊ ဒက်တွေ ဗလဗွဖြစ်ဖြစ်နေတတ်တော့
အမေက “လူလေးလာ” ဆိုပြီး သင်တုန်းဓားနဲ့ အနာတွေရော ဆံပင်တွေပါ ရိတ်ချပစ်တာလေ။ ဆံပင်နည်းနည်းရှည်လာလိုက်၊ အမေ့သင်တုန်းဓားနဲ့ ညားလိုက်ဆိုတော့၊ ကျုပ်ခေါင်းမှာ ဆံပင်ပေါက်ရတယ်လို့ကို မရှိပါဘူး။ ကျုပ်ကတော့ အဲဒီအဖြစ်ကိုတွေးတိုင်း စိတ်နာလွန်းလို့ ကတုံးမတုံးတာတောင် အနှစ်လေးဆယ် ကျော်ရော့မယ်။ အမေ့ကို စိတ်နာတာ မဟုတ်ရပါဘူးအမေရ။ သင်တုန်းဓားကို နာတာ။
အညာကနေ ကျုပ်တို့မိသားစု ရန်ကုန်ရောက်လာတော့ ဆံပင်နည်းနည်း ရှည်လာရင် အမေက “လူလေး၊ မင်းကြည့်ရတာ ညှင်း သိုးသိုးဖြစ်နေပြီ။ ဘိုကေသွားညှပ်ချေ” ဆိုပြီး လမ်းထိပ်က ကိုငြိမ်းဆိုင်ကိုလွှတ်တော့ အဲဒီမှာ၊ စက်ကတ်ကျေးဆိုတာ စတွေ့ဖူးတော့တာပဲ အမေ။ အမယ်၊ အမေ့သင်တုန်းဓားနဲ့များ ကွာပါ့အမေရာ။ ထပ်ထပ်ထပ်ထပ်နဲ့ ဆံပင်တွေကို ဖတ်ဖတ်ဖတ်ဆိုပြီး ညှပ်သွား လိုက်တာများ ခံလို့တောင် ကောင်းသေးဗျာ။ ကျုပ်ဖြင့် စက်ကတ်ကျေး တီထွင်ခဲ့တဲ့သူကို ခုထက်ထိ
ကျေးဇူးတင်တုန်း။ အခုကိုငြိမ်းကြီး တစ်ယောက်တောင် မရှိတော့ဘူးဆိုပဲ။ အာ၊
ပြောနေရင်း တောင်ရောက်မြောက်ရောက် ဖြစ်ကုန်ပြန်ပါပြီ။ ဘယ်နေရာ ရောက်သွားပါလိမ့်။ ဟုတ်ပြီ၊ ဖူးခက်က ဆံပင်ညှပ်ဆိုင်မှာ ဆံသဆရာနဲ့တွေ့နေပြီ။
(သုံး)
အမေရေ၊ ဖြစ်ချင်တော့ သူကကျုပ်ကိုယ် တိုင် မောင်းလာပြီး
သူ့ဆိုင်ရှေ့မှာရပ်ထားတဲ့ ကျုပ်ကား တိုယိုတာဗီဂိုး အနက်ရောင်ကြီးကို
မြင်သွားတော့၊ ကျုပ်ကို အတော်အထင်သွား ပုံရသဗျ။ ကျုပ်ပုံပန်းကလည်း
လူရည်သန့်ကိုး။ ဒါနဲ့သူက ကျုပ်ကို ထိုင်းစကားနဲ့တောင် မေးမြောက်မေး
လုပ်ပါလေရော။ အမေလည်း သိမှာပါလေ၊ ဆံသဆရာတွေဟာ သူတို့ဆီ ဆံပင်လာညှပ်တဲ့သူတွေ၊ ဆံပင်အညှပ်ခံနေ တုန်းမှာ မပျင်းမရိရအောင် အကြောင်းမရှိ အကြောင်းရှာ စကားတွေဖောင်ဖွဲ့ တတ်ကြ တာလေ။ ဒါကြောင့်သူက ကျုပ်ကို ဟိုမေးဒီမေး လျှောက်လုပ်တာဗျ။
ကျုပ်လည်း သူ့စကားကို သိတာတစ်ဝက်၊ မသိတာတစ်ဝက်နဲ့ သူ့မျက်နှာထား သူ့ဟန်ပန်ကြည့်ပြီး အလိုက်သင့် အလျားသင့် ပြန်ဖြေ ရတာပေါ့။ ဘုရားစူးရပါစေ့ အမေရာ။ ကျုပ်ဘာတစ်ခွန်းမှ လိမ်မပြောခဲ့ပါဘူး။ ဘာလိမ်စရာရှိတုန်း အမေရ။ သူက ဆံသဆရာ၊
အမေ့သားက ဘွဲ့ရပညာတတ်၊ ဟိုးရှေးရှေးတုန်းက ရန်ဘက်နိုင်ငံရဲ့
ဖူးခက်လိုမြို့ကြီးမှာတောင်
ဟန်ကျပန်ကျစီးပွား လာရှာနေတဲ့လူ။ ဆိုးပေ့ဆိုတဲ့ ထိုင်းရဲတွေတောင် ကျုပ်ပေးစာ
ကမ်းစာ မကင်းပါဘူး အမေရာ။
နေဦးအမေရ။ အဲဒီဆံသဆရာဟာ၊ ဖူးခက်သား၊ ဖူးခက်ဇာတိတော့ မဟုတ်ဘူး။ ဖူးခက်နဲ့ မိုင်သုံးရာလောက်ဝေးတဲ့ ဟတ်ယိုင်ဆိုတဲ့ မြို့ကတဲ့ဗျ။ သူ့မှာညီအစ်ကို
သုံးယောက်ရှိသတဲ့။ သူ့ညီတွေလည်း ဟတ်ယိုင်မှာ ဆံပင်ညှပ်ဆိုင်တွေ
ဖွင့်ထားတယ်ဆိုပဲ။ ကြည့်ရတာ ဖူးခက်ဟာ ဟတ်ယိုင်နဲ့စာရင် စီးပွားလမ်း
ဖြောင့်တာကြောင့် ဆိုင်လာဖွင့်ဟန်တူပါရဲ့။ သူ့မိန်းမက သူနဲ့ရွယ်တူ အသက်လေးဆယ်ကျော်၊ သဘောကောင်းတဲ့ ပုံပါပဲ။ ဆယ်နှစ်သမီးအရွယ် ညိုညိုတုတ်တုတ် သူ့သမီးလေးလည်း တွေ့ပါဗျာ။
အမေ့ကို အမှန်အတိုင်းပြောရရင် အဲဒီနေ့က သူနဲ့ကျုပ် ပြောဖြစ်ခဲ့တဲ့အကြောင်းအ ရာ
အသေးစိတ်ကို ကျုပ်ဘာမှ ရေရေရာရာ မမှတ်မိပါဘူး။ အလ္လာပ၊ သလ္လာပ သူမေးလိုက်
ကျုပ်ပြန်ဖြေလိုက်၊ ဆံပင်ညှပ်ပြီးတော့ ပြန်လာ။ ဒီလောက်ပါပဲ။ အဲဒီနေ့ကတော့
ဘာပြဿနာမှမရှိခဲ့ပါဘူး။ ပြဿနာက နောက်တစ်လလောက်နေမှ ကြုံရတာ။ ဟုတ်တယ် လေ၊ အမေရ။
ဆံပင်ဆိုတာ တစ်လဝန်းကျင်ဆိုရင် တစ်ခါညှပ်ရတာမျိုးကိုး။
(လေး)
ဒုတိယအကြိမ်မြောက် ဘိုကေညှပ်ဖို့ သူ့ဆိုင်လည်း ရောက်ကရော၊ ပြဿနာရဲ့ နိဒါန်းစတော့တာပါပဲ။ ဆိုင်ထဲကို ကျုပ်ဝင် လာလာချင်း၊ သူနှုတ်ဆက်ပုံက “ဘောက်ဆင်ပွဲမှာ ပက်ကွီအိုနိုင်သွားတာ မင်းသိပြီးပြီလား” တဲ့။ ကျုပ်လည်း ထိုင်းစကားသာ လိပ်ပတ်လည်အောင် မတတ်တာ လက်သီးထိုးသလိုမျိုး လုပ်ပြတဲ့ သူ့ခြေဟန်လက်ဟန်နဲ့၊ ကျုပ်နားလည်တဲ့ ထိုင်းစကားတစ်လုံးစ၊ နှစ်လုံးစ ဆက်စပ်ကြည့်ရင် ပက်ကွီအိုဆိုတဲ့လူ၊ လက်ဝှေ့ပွဲမှာ၊ နိုင်သွားတဲ့အကြောင်း ပြောနေတာတော့
သေချာတယ် အမေရ။ “ဘယ်က ပက်ကွီအိုပါ လိမ့်။ ငါ့အသိထဲမွာမ်ား ပက္ကြီအိုရွိသလား”။ တောင်စဉ်းစား မြောက်စဉ်းစားပေါ့ အမေရာ။
ကျုပ်အမူအရာဟာ ကြောင်တိကြောင်အန်း ဖြစ်သွားတယ်ထင်ပါရဲ့။ သူက ကျုပ် ရင်ဘတ်ကို သူ့လက်ညှိုးနဲ့ ထောက်ပြီး “ယူ၊ ဖိလစ်ပင်း၊ ဖိလစ်ပင်းပက်ကွီအို၊ ဘောက် ဆင်း၊ ဝင်း၊ ဝင်း” တဲ့။ အမေ့သားပဲ အမေရာ၊ ချက်ဆိုနားခွက်က မီးတောက်လိုက်ပြီ အမေရေ။
လက်စသတ်တော့ သကောင့်သားက ကျုပ်ကို ဖိလစ်ပိုင်လူမျိုးလို့ ထင်နေတာကိုး။
ပက်ကွီအိုဆိုတာ ကမ္ဘာ့ကျော်ဖိလစ်ပိုင် လက် ဝှေ့သမား၊ အမေရ။ ဖြစ်ရပုံများ
ပထမတစ်ခေါက်တုန်းက သူက၊ ကျုပ်ကို ဘာလူမျိုးလဲလို့ မေးခဲ့ဟန် တူပါတယ်။ ကျုပ်က ဖမလို့၊ အမြန်ပြန်ဖြေတာကို ဖိလစ်ပင်းလို့ နားကြား လွဲခဲ့တယ်ထင်ပါရဲ့။
ဒီမှာတင် ကျုပ်လည်း တွေခနဲဖြစ်သွားမိတာ အမှန်ပဲဗျ။ ကျုပ်က ဘာပြန်ဖြေရမှန်း
မသိဖြစ်နေချိန်မှာ သူက၊ ပက်ကွီအိုကို သူဘယ်လောက် သဘောကျကြောင်း၊ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအို ဟာ ဘယ်လိုထူးချွန်ကြောင်း၊ ဘယ်သို့ဘယ်ပုံကမ္ဘာကျော်နြေေ
ခက်တယ်အမေ။ အမေသိတဲ့အတိုင်း ကျုပ်ဟာ လိမ်ပြောတတ်တဲ့ကောင် မဟုတ် ပါဘူး။ ဒါပေမဲ့၊ ကျုပ်ဟာ “ဖိလစ်ပိုင်မဟုတ် ဘူး။ ဗမာလူမျိုးပါ” လို့ သူ့ကို
ချက်ချင်းဒက်ခနဲ တုံ့ပြန်လိုက်ရင် သူ့ခမျာ လျှာရှည်မိသမျှ အရှက်ရတော့မယ်။
သေသေချာချာ ဂဃနဏ ကျုပ်ရှင်းပြနေလို့လည်း ဘာမှအကျိုးထူးစရာ မမြင်တာကြောင့်ကျုပ်လည်း “ဟုတ်တာပေါ့၊ ပက်ကွီအိုတော်ပုံများ အံ့ချီးမကုန်နိုင်အောင် ပါပဲ” ဆိုတဲ့ စကားမျိုးနဲ့ ချော်လဲရောထိုင် လိုက်ရတာပေါ့။ ဗမာလူမျိုးဖြစ်ရတာ ကျုပ်မရှက်ပါ ဘူးအမေ။ တစ်ခုတော့ရှိတယ် အမေရေ။ ဘယ်နိုင်ငံရောက်ရောက် ဗမာလူမျိုးလို့ မသိတာအကောင်းဆုံးပဲ အမေ။ ဒီနေရာမှာတော့ အမေ့ကို ကျုပ်လေးစားတယ်။ ကျုပ်တို့ အညာကနေ မြို့တက်လာခါစ၊ အမေ့ကို အညာသူ အညာသူ လို့ခေါ်တော့ အမေက ခပ်ပြုံးပြုံးပဲ။ သူတို့ခေါ်နေပုံက လူလူချင်း နှိမ်ချင်တဲ့လေသံဆိုတာ၊ ကျုပ်လိုလူလည်က သိနေလို့ စိတ်ထဲဖျဉ်းခနဲ
ဖြစ်နေတတ်ပေမယ့်၊ အမေကတော့ ခပ်တည်တည်ပဲ။ အမယ်၊ အမေ့ကျေးဇူးနဲ့ ကျုပ်တို့ လူတစ်လုံး သူတစ်လုံးဖြစ်လာတော့ သူတို့လေသံပြောင်းလာ တယ်ဗျာ။ ဘာတဲ့ ရွှေညာသူဆိုလား။
ကျုပ်ကတော့ အမေ့လို ခံနိုင်ရည်မရှိဘူး ဆိုရမယ်ထင်ပါရဲ့။ ခက်တယ်အမေ။ ကျုပ်
ထိုင်းကို ရောက်ခါစကလည်း နိုင်ငံကူးစာအုပ် အနီရောင်ကြီးကိုကြည့်ပြီး ကျုပ်ဟာ
ဗမာလူမျိုးဆိုတာလည်း သိရော၊ ယိုးဒယားလ၀ကတွေ ကျုပ်ကို ချက်ချင်း မျက်နှာထားပြောင်းသွားလိုက်
ကျင်းပစ်ချင်တဲ့ စိတ်ပေါက်တဲ့အထိ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က၊ ကျုပ်ဂျပန်ကို
အလည်သွားတုန်းကလည်း ဒီအတိုင်းပဲအမေ။ ကန်ဇိုင်းလေဆိပ်မှာ ဂျပန်လ၀ကကို ဖြတ်တော့
အမေ့သား ရှေးမြန်မာအနွယ်၊ ထောင်ထောင် မောင်းမောင်း၊ ခံ့ခံ့ညားညား ဥပဓိရုပ်ကိုမြင် မြင်ချင်း ပြုံးလို့ရွှင်လို့ အာရိဂတ်တော လုပ်တာပါပဲ။
စာအုပ်အနီကိုမြင်ပြီး ဗမာမှန်းသိတော့မှ လျက်ဆားပုလင်းကို စစ်နေတာများ
တစ်နာရီလောက် ကြာတယ်အမေ။ အဲဒီအဖြစ်အပျက်ကို အစအဆုံးမြင်တဲ့ ကျုပ်နဲ့အဖော်ပါလာတဲ့ စင်ကာပူသူဌေး တစ်ယောက်က၊ ကျုပ်ကို ကရုဏာ သက်တဲ့ အကြည့်နဲ့ အကြည့်ခံရတာ၊ ပြန်စဉ်းစားမိရင်တောင် အခုထက်ထိ အောင့်သက်သက် ဖြစ်နေတုန်း။
(ငါး)
ကျုပ်ကို အမေအပြစ်တင်ရင်လည်း ခံရ မှာပါပဲ။ အဲဒီ အတွေ့အကြုံတွေကြောင့်
ဆံသဆရာကို ကျုပ် ရှည်ရှည်ဝေးဝေး မရှင်းပြဖြစ်ခဲ့ တာလည်း ပါပါတယ်။ တစ်လတစ်ကြိမ် သူ့ ဆံပင်ညှပ်ဆိုင်ကို သွားလေတိုင်း သူကတော့ ဖိလစ်ပိုင်အကြောင်း၊
တစ်ခေါက်တစ်မျိုး မရိုးရအောင် ပြောနေတော့တာပါပဲဗျာ။ ကျုပ်လည်း အမြဲတမ်းလိုလို တအင်းအင်းနဲ့ ခေါင်းလိုက်ညိတ်နေလို့ ဘယ်ဖြစ်ပါ့မတုံး။ ဆံပင်ညှပ်ဆိုင်သွားမယ့်ရက်မ
သူပြောတဲ့ ဖိလစ်ပိုင်အကြောင်းတွေက လည်း စုံပါပေ့အမေရာ။ ပက်ကွီအိုအကြောင်းတင်
မကတော့ပါဘူး။ သွားလေသူ ဖိလစ်ပိုင်သမ္မတ မားကို့စ်၊ သူ့မိန်းမ၊
အီမယ်ဒါမားကို့စ်၊ သူ့နောက်တက်လာတဲ့ သမ္မတကိုရာဇန်အာကီနို၊ နောက်
အာယိုရိုအကြောင်းအပြင် ဖိလစ်မှာ ရေကြီး၊ မီးလောင်၊ မုန်တိုင်းတိုက်၊
တရုတ်ဖိလစ်ပိုင် စစ်ရေးတင်းမာတဲ့ အကြောင်းတွေ အထိပါပဲ။ သူက တစ်ခွန်းပြောလိုက် ကျုပ်က တစ်ခွန်းထောက်ခံလိုက် ဟုတ်နေတော့ တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီအချိန်မျိုးမှာ ဆံပင်ညှပ်ရင်း ဖုန်းမလာပါစေနဲ့လို့ ဆုတောင်းရတာ အမောဗျ အမေရ။ ဒီကြားထဲ ကံဆိုးပြီး ကော့သောင်းက ဇင်မင်းလှိုင်တို့
ဖူးခက်ဆိုင်မှာရှိတဲ့၊ ကျုပ်တူ၊ အမေ့မြေး ရဲအောင်တို့ ဆီကများ
ဖုန်းဝင်လာတဲ့အခါ ကျုပ်မှာခြေ မကိုင်မိ လက်မကိုင်မိ၊ ဗမာမှန်း မရိပ်မိအောင်၊
ဘိုလိုဒွတ်ဒက်ရွှတ်ရှက် ပြန်ပြန်ဖြေရတာ တစ်ဒုက္ခ။
ကျုပ်ကိုလည်း သူကအထင်ကြီးပြီးရင်း ကြီးနေတယ်ထင်ပါရဲ့။ ကြီးဆို ကျုပ်ကိုင်တဲ့
ဖုန်းတွေက ဆမ်ဆောင်း နောက်ဆုံးပေါ်တွေချည်း နှစ်လုံးတောင် ကိုင်ထားတာကိုး။
တစ်ခါများ သူက ကျုပ်ဖုန်းအကောင်းစားနဲ့ သူ့ နိုကီရာဖုန်းအစုတ်လေးနဲ့
လဲပါလားလို့တောင် နောက်ပြောင်တဲ့အထိ။ ကျုပ်ဆိုတဲ့ ကောင်ကလည်း ဆံပင်ညှပ်ခ
ဘတ်ရှစ်ဆယ်ကျတာကို ဘတ်တစ်ရာတန်ပေးပြီး ပြန်အမ်းတာ မယူတော့ဘဲ သူ့အပေါ်
စေတနာကောင်းခဲ့ပါတယ်။ အမေ့သားမို့ သဒ္ဓါတရား မနည်းပါဘူး အမေ။ ဒီလိုနဲ့
ကျုပ်သူ့ဆိုင်ကို ဝင်ထွက်နေ လိုက်တာ လေးနှစ်ကျော်ကြာခဲ့ရောဆိုပါ
ဖြစ်ချင်တော့ အမေရေ။ ပြီးခဲ့တဲ့လ ဆံပင်သွားညှပ်တဲ့ နေ့တုန်းက
ကျုပ်လည်းသူ့ဆိုင် ရောက်သွားရော သူ့ဆိုင်မှာ လူကျနေသဗျ။ ဒါနဲ့ ကျုပ်လည်း
ဆိုင်ထဲက ခုံတန်းလျားတစ်ခု မှာထိုင်ရင်း တယ်လီဖုန်းထဲကနေ ဖေ့စ်ဘွတ်ကို
တောင်ပွတ်မြောက်ပွတ် လုပ်ပြီး စောင့်နေလိုက်ရော ဆိုပါတော့။ ဖေ့စ်ဘွတ်ဆိုတာ အင်တာနက်ပေါ်မှာ လူတွေအချင်းချင်း၊ အပြန်အလှန် ဆက်သွယ်ကြတဲ့ဟာ ဆိုပါတော့ အမေရာ။
အင်တာနက်ဆိုတာတော့ အမေ နား လည်အောင် ကျုပ် ရှင်းမပြတတ်တော့ဘူး။ အမေနည်းနည်းပါးပါး ရိပ်စားမိအောင် ပြောရရင်၊ မိုးပေါ်မှာ တင်ထားတဲ့ ဂြိုဟ်တုကနေထိန်းချုပ်ပြီး ဓာတ်ပုံတွေ စာတွေကို ကွန်ပျူတာမှာပေါ်အောင် လုပ်တာဆိုပါတော့။ကွန်ပျူတာဆ
အဲ၊ အဲဒီ ဖေ့စ်ဘွတ်ကို ကျုပ်ကြည့်နေတုန်း ဆံသဆရာဟာ၊ ဆံပင်ညှပ်နေရာကနေ၊ ကျုပ်ဘေးကို ဘယ်လိုလုပ် ရောက်လာသလဲ မဆိုနိုင်ဘူး။ ကျုပ်လက်ထဲက တယ်လီဖုန်းကို ဆတ်ခနဲကြည့်လိုက်ပြီး ဟာ၊ ဗမာ စာတွေပါလားတဲ့ဗျ။ ကျုပ်ရင်ထဲ ထိတ်ခနဲဖြစ် သွားတာတော့ အမှန်ပဲအမေ။ ရုတ်တရက်ဆိုတော့ ဘယ်လို ရှင်းပြရပါ့မတုံး ကြံရာမရဖြစ်ရင်း သူ့မျက်နှာကို လှမ်းအကဲခတ်လိုက် တော့၊ နည်းနည်းတော့ မျက်နှာထားပြောင်း သွားသလိုပဲ အမေရ။ ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ် အမေ။ ကျုပ်ကတော့ ဟန်မပျက် ပြန်လာလိုက်တာပါပဲ။
(ခြောက်)
အဲဒီကတည်းက သူ့ဆိုင်ကို ကျုပ်သွား ချင်စိတ် မရှိတော့ပေမယ့်၊ မနေ့ကတော့
ဆံပင်ညှပ်ဖို့၊ ကျုပ်တစ်ခေါက် ရောက်ခဲ့သေးတယ်။ လာမယ့် ၇ ရက်နေ့
ဖူးခက်မှာလုပ်မယ့် စာပေဟောပြောပွဲမှာ ကိုအော်ပီကျယ်ဆိုတဲ့ ကာတွန်းဆရာ၊
ကိုစိန်ဝင်းတို့ ကိုသာချိုတို့လို နာမည်ကြီး စာရေးဆရာတွေအပြင် ကိုနေမျိုးဇင်
ဆိုတဲ့ ဗိုလ်ကြီးဟောင်းတစ်ယောက် ပါလာကြမတဲ့။ အဲဒီပွဲကို သွားတဲ့အခါ နည်းနည်း
ပါးပါး သပ်သပ်ရပ်ရပ် ဖြစ်နေအောင်လို့ပါ။ ကျုပ်စိုးရိမ်တာ မှန်နေပြီထင်တယ်
အမေရ။ ဒီတစ်ခေါက်မှာ အဲဒီ ထိုင်းဆံသဆရာဟာ ဖိလစ်ပိုင်နဲ့ ပတ်သက်တဲ့အကြောင်း ကျုပ်ကို တစ်ခွန်းမှ မဟတော့ဘူးဗျ။
ကျုပ်ကပဲ လိပ်ပြာမလုံတာလား၊ သူပဲ ဆံပင်လာညှပ်တဲ့ ဖောက်သည်တွေများလို့
နှုတ်နည်းနေသလား၊ တစ်ခုခုတော့ တစ်ခုခုပဲ အမေ။ ကျုပ်သတိထားမိ သလောက်တော့၊ ကျုပ်သွားခဲ့သမျှ လေးနှစ်ကျော် ကာလအတွင်း ဖိလစ်ပိုင်အကြောင်း သူမပြောတာ ဒီတစ်ခေါက်တည်းပဲ ရှိတယ်အမေရ။ သူ့မျက်လုံး တွေကို အကဲခတ်ကြည့်ရတာ ကျုပ်ဖြင့်
တယ်မသင်္ကာလှဘူး။ ဒီကိစ္စကြောင့် ကျုပ်မှာ ဘာမှ အလုံးအရပ် လျော့သွားစရာ
အကြောင်းမရှိပေမယ့် စိတ်ထဲမှာတော့ တော်တော့ကို စနိုးစနောင့် ဖြစ်ရတယ်အမေ။ အဲဒါ အခု၊ ကျုပ် ခေါင်းခြောက်နေရတဲ့ ပြဿနာပါပဲ အမေ။ နောက်လကျရင် ကျုပ်သူ့ဆိုင်ကို ဣနြေ္ဒမပျက် ဆက်သွားနေရင် ကောင်းမလား။ တခြားဆံပင်ညှပ်ဆိုင် တစ်ခုခုကို
ပြောင်းညှပ်ရင် ကောင်းမလား၊ စဉ်းစားလို့ မရသေးပါဘူး။ ဒီပြဿနာအတွက် ကျုပ်မှာ
အပြစ်ရှိသလား အမေ။
ခက်ပါတယ် အမေရာ။ အမေ့ကို ကျုပ် ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ ခေတ်ကြီးက ပြောင်းနေတာတော့ အမှန်ပဲအမေ။ အမေတို့ ခေတ်တုန်းကတော့၊ ယိုးဒယားအကြောင်းကို
ရေးကြီးခွင်ကျယ်လုပ်ပြီး စာမဖွဲ့ခဲ့ကြပေမယ့်၊ အခုအချိန်မှာတော့ ယိုးဒယားတွေ
ကောင်းစားနေကြပြီအမေ။ ဗမာပြည်အနှံ့ကနေ၊ ယိုးဒယားဘက်မှာ၊ အလုပ်လာလုပ်နေကြတာ ဖူးခက်တစ်မြို့တည်းမှာတင် သုံးသိန်း လောက်တောင် ရှိသတဲ့ဗျာ။
အင်း၊ အမေ့ကိုသာ၊ တိုင်တည်ပြီး ပြောနေရတာ။ အမေလည်းကြားနိုင်တော့မှာ
မဟုတ်ပါဘူး။ အမေဆုံးတာ ဆယ့်ငါးနှစ်ကျော်ပြီပဲ။ လောကကြီးက၊ ခက်တယ်အမေ။ တစ်ခါတစ်ခါ အနိုင်ရသင့်တဲ့သူတွေက အနိုင်မရဘဲ မနိုင်သင့်တဲ့သူတွေ နိုင်နေတတ်တယ် ထင်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ရာဇဝင်အဆက်ဆက် ကျုပ်တို့ဗမာတွေကို မော်မကြည့်ရဲခဲ့တဲ့ ယိုးဒယားပြည်က ထိုင်း ဆံပင်ညှပ်ဆရာလို ဘာမှအဆင့်မရှိတဲ့သူက ကျုပ်လိုခေတ်ပညာ တတ်၊ သမ္မာအာဇီဝအလုပ်နဲ့ လူတန်းစေ့ နေ နိုင်စားနိုင်တဲ့ ဗမာလူမျိုးတစ်ယောက်ကို ဒီလိုမျက်လုံးမျိုးနဲ့ အကြည့်ခံရတာကိုက ရာဇဝင်ရိုင်းလှပါတယ် အမေရာ။
Credit - The Ladies News Journal

No comments:
Post a Comment