Friday, November 14, 2014

သမ္မတဦးသိန်းစိန် အစိုးရ၏တရားစွဲဆိုမှု မြန်မာသံတော်ဆင့်မှ ၀န်ထမ်းများ အမှန်တရားအတွက် ရင်ဆိုင်မည်

သမ္မတဦးသိန်းစိန် အစိုးရ၏တရားစွဲဆိုမှု မြန်မာသံတော်ဆင့်မှ ၀န်ထမ်းများ အမှန်တရားအတွက် ရင်ဆိုင်မည် အားပေးလျက်ရှိသည့် ဆရာတော်ကြီးများနှင့် ပရိသတ်များကို မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှ ကျေးဇူးတင်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မြန်မာသံတော်ဆင့် သတင်းဂျာနယ်တွင် ဖော်ပြခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)ဗဟိုမှ သုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေး သိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးရန်နောင်သိမ်းနှင့် အင်တာ ဗျူးတွင် ပြောကြားချက်များနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၄ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် နိုင်ငံတော် သမ္မတ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေး
ထိခိုက်စေသည်ဟုဆိုကာ ပြန်ကြားရေး ၀န်ကြီးဌာနက တရားစွဲ ဆိုမည့်အကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ရက်ပိုင်းအတွင်း (၃၁-၁၀-၂၀၁၄) ရက်စွဲဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် တရားရုံး၊ တရားသူကြီး လက်မှတ်ထိုးကာ မြန်မာသံတော်ဆင့် ထုတ်ဝေသူ၊ အယ်ဒီတာချုပ်မှ စ၍ ဖြန့်ချိရေး ၀န်ထမ်းအထိ စုစုပေါင်း (၁၁) ဦးတို့အား နိုဝင်ဘာ ၁၄ ရက်တွင် တရားရုံးသို့ လာရောက်ရန် တရားရုံး သမ္မာန်စာ ပေးပို့ ဆင့်ခေါ်ခဲ့ပါသည်။
မြန်မာသံတော်ဆင့် သတင်းဌာနသည် ၂၀၁၂ နှစ်ဆန်းပိုင်းမှစ၍ ထုတ်ဝေခဲ့ရာ ယခုအခါ အမြို့မြို့ အနယ်နယ်မှ ရဟန်းရှင်လူ၊ ပရိသတ်များ အားပေးမှုဖြင့် မည်သည့် နိုင်ငံရေး အဖွဲ့အစည်း၊ အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေး သမားများတို့၏ အကူအညီမပါဘဲ အားပေးသူများ၏ ငွေကြေးဖြင့်သာ သီးသန့်ရပ်တည်လျက်ရှိသော သတင်း ဂျာနယ်နှင့် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ သုတ/ရသ စာအုပ်များ အဆက်မပြတ် ထုတ်ဝေလျက် ရှိပါသည်။
မြန်မာသံတော်ဆင့်၏ ဖြတ်သန်းရာ လမ်းတစ်လျှောက် မှန်ကန်သော ရပ်တည်ချက်နှင့် ခိုင်မာသော မူဝါဒပိုင်း ဆိုင်ရာများကြောင့် ဆရာတော်ကြီးများနှင့် ပရိသတ်များသာမက လွှတ်တော် အကြီးအကဲများ၊ အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံရေး အဖွဲ့အစည်း ခေါင်းဆောင်များ၊ အာဏာရပါတီသာမက အတိုက်အခံ အင်အားကြီး (NLD) ပါတီ အကြီးအကဲများနှင့် သတင်းစာ ဆရာကြီးများတို့၏ ထောက်ခံ အားပေးမှုများကိုလည်း ရရှိခဲ့ပြီး ထိုကဲ့သို့သော ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ၏ အားပေး ပံ့ပိုးမှုများကို မြန်မာသံတော်ဆင့်မှ ကျေးဇူးတင် လျက်ရှိပြီး မြန်မာ သံတော်ဆင့်၏ ခိုင်မာသော မူဝါဒရေးရာအတွက် ထပ်ဆင့် အခိုင်အမာ ထောက်ခံချက်များ အဖြစ် မှတ်တမ်းတင် ထားရှိကာ လိုက်နာကျင့်သုံး ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာသံတော်ဆင့် အနေဖြင့် အစိုးရမှ ဖွဲ့စည်းပေးထားသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် လူကြီးလူကောင်းများ ပီသစွာ ဆွေးနွေးညှိနှိုင်းပြီး အစိုးရဘက်မှ တောင်းဆိုမှုများကိုလည်း အတတ်နိုင်ဆုံး လိုက်လျောကာ ဖြစ်သင့်ဖြစ်ထိုက်သော အနေအထားများကို မြန်မာသံတော်ဆင့်၏ ရပ်တည်ချက် မူဝါဒနှင့် အညီ စက်တင်ဘာ (၂)နေ့တွင် ချက်ချင်း အကြောင်းပြန်ကြားခဲ့ပြီးလည်း ဖြစ်ပါသည်။ အစိုးရ၏ ပြန်ကြားရေး ၀န်ကြီးဌာနမှ အကြိမ်ကြိမ် တောင်းပန်ရမည်ဟု ဆိုသော တောင်းဆိုချက်သည် ပြည်သူ့ဘဏ္ဍာဖြင့် ရပ်တည်လျက်ရှိသည့် အစိုးရက ပြည်သူတို့အပေါ် အနိုင်ကျင့် တောင်းဆိုချက် ဖြစ်၍ သာ မြန်မာ သံတော်ဆင့်မှ နောင်တွင် ထိုကဲ့သို့သော အနိုင်ကျင့် တောင်းဆိုမှုများ အခြားမီဒီယာများ အနေဖြင့် မခံယူနို င်ကြ စေရန်အတွက် အဘက်ဘက်မှ စဉ်းစားသုံးသပ်ကာ သမ္မတအပေါ် ဝေဖန် ပြောကြား မှုကို ဖော်ပြခဲ့သော ကျွန်ုပ်တို့ မြန်မာသံတော်ဆင့် မှာပင် ပြန်လည်၍ တောင်းပန်စာ ဖော်ပြရန် အကြော င်းပြန်ခဲ့ခြင်းသာ ဖြစ်ပါသည်။
ထိုကဲ့သို့သော မြန်မာသံတော်ဆင့်၏ ဆုံးဖြတ်ချက်နှင့် လိုက်လျောမှုများ ကို တွေ့ဆုံ ဆွေးနွေးပေး ခဲ့သော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ လူကြီးမင်းများ အနေဖြင့်လည်း မြန်မာသံတော်ဆင့်ဘက်မှ ရပ်တည်မှုများ ကို ကျေနပ်အားရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည့် အတွက်လည်း မြန်မာသံတော်ဆင့်မှ စာနယ်ဇင်းကောင်စီနှင့် ဆွေးနွေး ညှိနှိုင်းမှုမှာ ပြီးမြောက်သည်ဟု ယူဆပါသည်။
ယခုအခါ သမ္မတ ဦးသိန်းစိန် အစိုးရဘက်မှ တရားစွဲဆိုလာသည့် အပေါ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် အယ်ဒီတာချုပ် အမှူးပြုသော ၀န်ထမ်းများအနေဖြင့် တရားဥပဒေနှင့်အညီ အမှန်တရားအတွက် မဆုတ်မနစ် သော ဇွဲလုံ့လဖြင့် ရင်ဆိုင်ဖြေရှင်းရန် အသင့် ရှိနေပြီဖြစ်ပြီး နေပြည်တော် တရားရုံးသို့ ဆင့်ခေါ်သည့် နေ့တွင်ပင် သွားရောက် ဖြေရှင်းရင်ဆိုင်ပြီ ဖြစ်ကြောင်း၊ နည်းလမ်းအဖုံဖုံဖြင့် ထောက်ခံ အားပေးလျက်ရှိကြသည့် ဆရာတော်ကြီးများနှင့် ပရိသတ်များ ကိုလည်း ကျေးဇူးတင်လျက် ရှိပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

  စီမံခန့်ခွဲရေးအဖွဲ့
  မြန်မာသံတော်ဆင့်သတင်းဌာန

  မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald

No comments:

Post a Comment