(ဆောင်းပါးရှင် - မောင်မိုးဦး)
“ လူ့အဖွဲ့အစည်းတစ်ရပ်မှာ
စားစရာရယ်၊ ဝတ်စရာရယ် လိုအပ်သလို သတင်းစာလည်း လိုအပ်တယ်။
ကိုယ်ဘယ်သွားနေတယ်ဆိုတာကြည့်ဖို့ မျက်စိလိုအပ်သလို သတင်းလည်း လိုအပ်တယ်။ ”
(ရီဘက်ကာဝက်စ်)
“ကျွန်ုပ်တို့ကိုးကွယ်ရာသည် စာအုပ်များဖြစ်သည်။ စာအုပ်များ
စုဝေးတည်ရှိနေသော စာကြည့်တိုက်များသည် ကျွန်ုပ်တို့၏
ဘုရားရှိခိုးကျောင်းများဖြစ်သည်”ဟု ကမ္ဘာကျော်စာရေးဆရာကြီး “ယန်းပေါဆတ်” က
ဆိုခဲ့သည်။ ထို့အတူ ကျွန်တော်တို့လေးစားသော စာရေးဆရာမကြီး လူထုဒေါ်အမာကလည်း
“စာဖတ်တဲ့လူမှ စိတ်ဓာတ်အဆင့်အတန်းမြင့်မားမယ်” ဟုလည်း ဆိုခဲ့သည်။
“စာဖတ်တဲ့လူတိုင်း တိုးတက်ပြီး တိုးတက်သည့် လူတိုင်းစာဖတ်ကြသည်” ဟု
တရုတ်စကားပုံလေးတစ်ခုမှာ ကျွန်တော်ဖတ်ဖူးသည်။
စာပေသည်
နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုရေချိန်ဖြစ်သည်။ ထို့ကြောင့် လူတွေ
စာဖတ်သင့်သည်။ စာဖတ်ခြင်းဖြင့် အတွေးအခေါ် စိတ်ဓာတ်အင်အား
ဗဟုသုတတိုးတက်စေသလို အထက်တန်းကျသော စိတ်ကူးစိတ်သန်းများဖြင့် ဘဝကို
အဓိပ္ပာယ်ရှိရှိ တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့အတူ ယဉ်ကျေးမှုနှင့်
ကိုယ်ကျင့်တရားလည်းကောင်းမွန်နိုင်မည်ဖြစ်၏။ ကာလတစ်ခုက နိုင်ငံတော်၏
သတင်းစာနှစ်စောင်လောက်ကိုသာ ဖတ်ခွင့်ရခဲ့ရာမှ ယခုအခါ ပုဂ္ဂိလကသတင်းစာများကို
ဖတ်ခွင့်ရလာခြင်းက စာဖတ်သူများအတွက် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။
ထို့ကြောင့် တခြားမဂ္ဂဇင်းဂျာနယ်တွေ မဖတ်ဖြစ်သည့်တိုင် သတင်းစာကိုတော့
လူတွေဖတ်ကြသည်။ တချို့က လျှပ်စစ်မီဒီယာမှ သတင်းတွေဖတ်ပြီး တချို့က
ပုံနှိပ်မီဒီယာမှ သတင်းတွေကို ဖတ်ကြသည်။
ကျွန်တော်လေ့လာသလောက် လူအများစုက သတင်းစာကို ဖတ်ကြသည်။
ကျွန်တော်က စာရေးသည်။ စာဖတ်သည်။ မြန်မာဆန်သော ဂီတကိုခံစားသည်။
ဘောလုံးပွဲများကို ကိန်းဂဏန်းမပါဘဲ အားပေးသည်။ အထူးသဖြင့်
နေ့စဉ်မပျက်မကွက်ဖတ်ဖြစ်သည်မှာ နေ့စဉ်ထုတ်သတင်းစာတချို့ပင် ဖြစ်သည်။
ထို့ပြင် ကျွန်တော်၏ နံနက်ခင်းကန့်လန့်ကာကို လက်ဖက်ရည်တစ်ခွက်နှင့်
ဖွင့်ချင်သူဖြစ်၏။ ကာလတစ်ခုတုန်းက လက်ဖက်ရည်အဆိမ့်တစ်ခွက်ကို အသံအိမ်မှ
ထွက်သောဂီတနှင့် ဖျော်စပ်သောက်ခဲ့သော်လည်း ပုဂ္ဂလိကသတင်းစာများ
ထုတ်ဝေလာပြီးသည့်နောက် ကျွန်တော်၏ နံနက်ခင်းလက်ဖက်ရည်အခမ်းအနားက
အနည်းငယ်အပြောင်းအလဲ ဖြစ်သွားခဲ့၏။ သိပ်တော့မဆန်းပေ။
ကျဆိမ့်လက်ဖက်ရည်တစ်ခွက်ကို သတင်းစာတစ်စောင်စောင်နှင့် ရောစပ်
သောက်သုံးတတ်လာခြင်းပင် ဖြစ်သည်။
နံနက်တိုင်း ကျွန်တော်ထိုင်နေကျ
လက်ဖက်ရည်ဆိုင်လေးက လက်ဖက်ရည်ကောင်းသည်။ ဝန်ဆောင်မှုကောင်းသည်။ အကောင်းဆုံးက
နေ့စဉ်သတင်းစာငါးစောင် ဝယ်ထားခြင်းပင်ဖြစ်သည်။
ယခုဆောင်းပါးတွင်
ကျွန်တော်အဓိကပြောလိုသည်မှာ လက်ဖက်ရည်ဆိုင်များမှ သတင်းစာဖတ်သူများ၏
ရောင်စုံအက်ရှင်များအကြောင်းပင် ဖြစ်သည်။ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်များက
သူတို့၏ ဇာတ်ရုပ်အရ သရုပ်ဆောင်ရသဖြင့် သူတို့၏ အက်ရှင်များက
ဖန်တီးထားသောအတု ဖြစ်သည်။ သို့သော် လက်ဖက်ရည်ဆိုင်အပါအဝင် လူ့လောကထဲမှ
လူတွေ၏အက်ရှင်များက အစစ်များပင်ဖြစ်သည်။ ကျွန်တော်၏ နေ့စဉ်အတွေ့အကြုံအရ
သတင်းစာဖတ်သူများမှာ အရောင်စုံကြသလို သူတို့၏အက်ရှင်များကလည်း
ကွဲပြားကြသည်။ ကျွန်တော်တင်ပြခဲ့သလို ပုဂ္ဂလိကသတင်းစာသုံးစောင်နှင့်
ပတ်သက်သည်။
တချို့က သတင်းစာ လက်ထဲရောက်သွားသည်နှင့် လက်မချတော့ပေ။
သတင်းစာတစ်စောင်လုံးကို စာတစ်လုံးမှမကျန် ဖတ်သည်။ တစ်ခါတလေ
နောက်တစ်ကျော့ပြန်ဖတ်သည်။ စောင့်ရသည့်လူက မသက်သာ၊ စာလုံးပေါင်းဖတ်နေသလား
အောက်မေ့ရသည်။ ကျွန်တော်ကြုံဖူးသည် တစ်နာရီခွဲလောက်ကြာသည်။ နောက်ဆုံး
သူ့အချကို မစောင့်နိုင်တော့ဘဲ ဆိုင်မှာ တစ်စောင်သွားဝယ်လိုက်ရသည်။ တချို့က
ခေါင်းစဉ်တွေကို အကုန်လိုက်ဖတ်ပြီး မိမိကြိုက်နှစ်သက်သည့်အကြောင်းအရာကို
အသေးစိတ်ဖတ်သည်။
အားကစားဝါသနာမပါသည့်လူက အားကစားစာမျက်နှာကို
ကျော်ဖတ်လိုက်တာမျိုး ဖြစ်သည်။ တချို့ကဖတ်နေသည့် တစ်စောင်ရှိလျက်နှင့်
နောက်တစ်စောင်ယူထားပြီး နှစ်စောင်ဆက်တိုက် ဖတ်သည်။
ကျွန်တော်
သောက်နေကျဆိုင်လေးမှာ ဘောလုံးပွဲလည်းပြသည်။ တချို့ သတင်းစာကို ကိုင်ထားပြီး
ဘောလုံးပွဲကြည့်သည်။ စားပွဲပေါ်ကိုတော့မချ စာမျက်နှာတစ်နေရာကို
လက်ညိုးထည့်ကာ သတင်းစာဖတ်လိုက် ဘောလုံးပွဲကြည့်လိုက် လုပ်သည်။
နောက်လူဖတ်ပါစေဆိုသည့် အိုင်ဒီယာမရှိ၊ အတော်စိတ်ပျက်ဖို့ကောင်းသည်။ တချို့က
လက်ဖက်ရည်ဆိုင်ထဲရောက်သည်နှင့် သူဖတ်ချင်သည့် သတင်းစာနှစ်စောင်ကိုယူပြီး
စာစောင်ကို သူ့လက်ဆွဲအိတ်ထဲ ခေတ္တထည့်ကာ တစ်စောင်ကို ဖတ်သည်။
ထိုတစ်စောင်ဖတ်ပြီးမှ သူတစ်ပါးကို ပေးဖတ်သည် ပြီးမှ ဖွက်ထားသည့်တစ်စောင်ကို
ထုတ်ဖတ်သည်။
ကျွန်တော်က စာနည်းနည်းပါးပါးရေးသည်
တချို့သတင်းအချက်အလက်များက ကိုးကားပြီး ဆောင်းပါး (သို့)
ဝတ္ထုပြန်ရေးနိုင်သည်။ ထို့ကြောင့် ဝယ်သင့်သည့်သတင်းစာကိုဝယ်ပြီး
တချို့စာမျက်နှာကို လက်ဖက်ရည်ဆိုင်မှ ခေတ္တငှားပြီး မိတ္ထူဆွဲသည်။ သို့သော်
တချို့က လိုချင်သည့်စာမျက်နှာကို မပြောမဆို ယူသွားတာမျိုးလည်းရှိသည်ဟု
ဆိုင်ရှင်က ဆိုသည်။
တချို့သတင်းစာဖတ်သူက အိုင်ဒီယာတစ်မျိုးဖြစ်သည်။
သတင်းစာ လက်ထဲရောက်သည်နှင့် စာမျက်နှာစုံအောင် တာဝန်ကျေ လျှောက်လှန်သည်။
ပုံတွေကို အကုန်ကြည့်သည်။ အကြောင်းအရာကို မဖတ်။ ထိုနောက် သတင်းစာကို
တစ်ဝက်ခေါက်ကာ အခံအဖြစ် သဘောထားပြီး ချဲတွက်ကြလေတော့သည်။
သတင်းစာဖတ်ချင်သည့်လူက မဖတ်ရ။ သူ ချဲတွက်လို့ မပြီးမချင်း စောင့်နေရသည်။
ဆိုင်ရှင်က သဘောပေါက်သော်လည်း ဖောက်သည်မပျက်ချင်သဖြင့် မပြောချင်။
စာပွဲထိုးကတစ်ဆင့်တောင်းသော်လည်း မအောင်မြင်။
ထိုဆိုင်လေးမှာ
အိမ်ခြံမြေပွဲစားများလည်း ထိုင်ကြသည်။ သူတို့ စိတ်ဝင်စားသည်က “ငွေ”
ဖြစ်ပြီး ကျွန်တော် ဆာလောင်နေသည်က သတင်းစာနှင့် စာမျက်နှာပေါ်က
စကားလုံးများပင်ဖြစ်သည်။ နောက်တစ်မျိုး က သတင်းစာဖတ်ချင်ယောင်ဆောင်သူများ
ဖြစ်သည်။
ထို့ကြောင့်လည်း ဆရာဒေါက်တာအုန်းမြင့်က “လူအမျိုးမျိုး
စိတ်အထွေထွေ” ဆိုသည့် စာအုပ်ကို ရေးသားခဲ့ခြင်းဖြစ်ဟန်တူသည်။
ကျွန်တော်ပြောချင်သည်မှာ သတင်းစာမှ မဟုတ်ပေ။ မဂ္ဂဇင်း၊ ဂျာနယ်၊ လုံးချင်း
စသဖြင့် မည်သည့်စာကို ဖတ်ဖတ် ဖတ်သည့်လူအတွက် အကျိုးရှိပါသည်။ ယခုအခါ
လက်ကိုင်ဖုန်းကတစ်ဆင့် စာဖတ်ခွင့်ရခြင်းသည်လည်း ကောင်းပါသည်။ စာအုပ်၊
ဂျာနယ် သတင်းစာ စသည့်စာပေများ ကိုဖတ်ခြင်းဖြင့် ဗဟုသုတရမည်။ မိမိရသည့်
ဗဟုသုတများကို သေချာစိစစ်အသုံးချရင်းဖြင့် အသိပညာတိုးတက်လာမည်။
တစ်ဆက်တည်းမှာပင် ထိုးဖောက်မြင်နိုင်သည့် ဥာဏ်တွေ ပွင့်လင်းလာမည်။
ထိုကဲ့သို့ လူမျိုးတွေများလာလျှင် တိုင်းပြည်တိုးတက်
ငြိမ်းချမ်းလာမည်ဖြစ်သဖြင့် စာဖတ်သည့် လူတိုင်းကို လေးစားသည်။
သို့သော် စာဖတ်သူအစစ်ဖြစ်ဖို့ စာနာနားလည်ပြီး ကိုယ်ချင်းစာဖို့နှင့် အတ္တမကြီးဖို့ တော့ အထူးလိုအပ်လှပေသည်။
Credit - Eleven Media Group
No comments:
Post a Comment