![]() |
ကိုပါကြီး၏ နောက်ဆုံးခရီး/ဓာတ်ပုံ- နစ်ကီ |
ထိုင်းနိုင်ငံ၏ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီး အာဏာသိမ်းခဲ့သည့်
ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာက သူ၏ ၀န်ကြီးချုပ်ဘ၀တစ်လျှောက်
ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့
အောက်တိုဘာလဆန်းပိုင်းတွင် သွားရောက်ရန် ရွေးချယ်ခဲ့သည်။
ထိုစဉ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် အတူလိုက်ပါခဲ့သည့် ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သားနှစ်ဦးအရေးကိစ္စကို တရားမျှတစွာကိုင်တွယ်ရန် သတင်းစကားပါးခဲ့သည်။
ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ‘‘အပြစ်ရှိသူကို အပြစ်မပေးမိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန်လိုသည်ဟူသော ဥပဒေစကားအတိုင်း သေချာစွာ စိစစ်ပေးစေလိုကြောင်း’’ ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့အား သတင်းစကားပါးခဲ့သည်။
နောက်ရက်ပိုင်းအကြာတွင်တော့ ဗြိတိန်နှစ်ဦးအသတ်ခံရမှုကြောင့် ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာများအရေး တရားမျှတစွာကိုင်တွယ်ရန် တောင်းဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မွန်ပြည်နယ်တွင် မြန်မာ့တပ်မတော်စစ်ကြောင်းမှ ထိန်းသိမ်းထားစဉ် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် ကိုပါကြီးအရေး တရားမျှတစွာကိုင်တွယ်ရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။
နောက်မကြာမီတွင် အရပ်ဘက်နှင့် တပ်ဘက်များမှ စုံစမ်းစစ်ဆေးရေးများ စတင်ပြုလုပ်ရန် မြန်မာအစိုးရဘက်က စီစဉ်ခဲ့ရသည်။
ကိုပါကြီး၏ ဖြစ်စဉ်သည် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများအတွင်း အရပ်သားများ သေဆုံးခဲ့မှုများနှင့်ပတ်သက်၍ ရာနှုန်းပြည့်မဟုတ်သော်လည်း လက်ရှိအခြေအနေများတွင် ပွင့်လင်းမြင်သာမှုအရှိဆုံးနှင့် စနစ်ကျနမှုအရှိဆုံး စုံစမ်းစစ်ဆေးခွင့်ရခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်နှင့် လုံးပန်းနေရသည့် မြန်မာ့တပ်မတော်သည် စစ်ပွဲများအတွင်း မကြာခဏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ကြောင်း စွပ်စွဲခံခဲ့ရသော်လည်း ယခုတစ်ခေါက်လောက် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုများ တစ်ကြိမ်တစ်ခါမျှမတွေ့ခဲ့ရ။ ကိုပါကြီးအရေးမှစပြီး တပ်မတော်နှင့်ပတ်သက်၍ ဖြစ်ပွားသည့် မှုခင်းများကို ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးခွင့် ရှိလာမည်လားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်နေသည့် ကိုပါကြီး၏ဇနီးဖြစ်သူ ဒေါ်သန္တာ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ယခုဖြစ်စဉ်တွင် တပ်မတော်ဘက်က ယခင်ကထက် ပွင့်လင်းမြင်သာမှုရှိခဲ့သော်လည်း အောက်ခြေပိုင်းက တားဆီးပိတ်ပင်မှုများရှိဆဲဖြစ်ကြောင်း ပြောဆိုခဲ့သည်။
‘‘တပ်မတော်ရဲ့ သဘောထားကြီးမှုကတော့ အမှန်ပဲဗျ။ ပွင့်လင်းမြင်သာမှုလည်း အမှန်ပဲဗျ။ အောက်ခြေအာဏာပိုင်တွေက တပ်မတော်ရဲ့ စေတနာကို ပြည်သူဆီကို မစီးဆင်းနိုင်အောင် အဟန့်အတားတချို့ လုပ်ခဲ့တာလည်း အမှန်ပဲဗျ’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
ကိုပါကြီးသေဆုံးမှုတွင် တပ်မတော်ဘက်က စစ်ဆင်ရေးများအတွင်း အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ ရှားရှားပါးပါး ထုတ်ပြန်ချက်ဖြင့် တုံ့ပြန်ခဲ့ပြီး ထိုကြေညာချက်တွင် ကိုပါကြီးသည် အောက်တိုဘာ ၄ ရက်၌ မြန်မာ့တပ်မတော် ကင်းစောင့်စစ်သည်ထံမှ လက်နက်လုယူထွက်ပြေးရန် ကြိုးစား၍ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားကြောင်း ဖော်ပြထားသည်။
အလောင်းမြှုပ်နှံထားရာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာ၌ အလောင်းပြန်လည်တူးဖော်ရာတွင် သတင်းမီဒီယာများ၊ အသိသက်သေများရှေ့၌ တူးဖော်ခဲ့သည်။
ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ ဒါဇင်နှင့်ချီသော တပ်မတော်အရာရှိများကိုလည်း အရပ်သားများ ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်က စုံစမ်းစစ်ဆေးခွင့်ရခဲ့သည်။
သို့သော်လည်း ကိုပါကြီး၏ ဖြစ်စဉ်သည် တပ်မတော်နှင့် ပတ်သက်၍ နစ်နာခဲ့သည်ဟု စွပ်စွဲမှုများအတွင်း ပွင့်လင်းမြင်သာမှု အတိုင်းအတာတစ်ခုအထိရှိခဲ့သည့် စုံစမ်းစစ်ဆေးမှုများရရှိခဲ့သည့် ရှားတောင့်ရှားခဲအခွင့်အရေးလည်း ဖြစ်သည်။
ကိုပါကြီးကဲ့သို့ဖြစ်ရပ်မျိုး တိုင်းရင်းသားဒေသများတွင် ကြုံတွေ့ရသူများအတွက်ကတော့ ကိုပါကြီးကဲ့သို့သော စုံစမ်းစစ်ဆေးခွင့်များ မရခဲ့ကြသည်များလည်း ရှိခဲ့သည်။
‘‘ဒီလိုမျိုး လွတ်လွတ်လပ်လပ် စုံစမ်းခွင့်မကြုံသေးဘူး’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ် သဘာပတိအဖွဲ့ဝင် ဒါရှီလဆိုင်းက ပြောသည်။
တိုင်းရင်းသားဒေသများတွင် တပ်မတော်ကြောင့် နစ်နာခဲ့သည်ဟုဆိုကာ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားသူများပင် တရားစွဲဆိုခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ဒါရှီလဆိုင်းကပြောသည်။
‘‘စစ်ပွဲတွေအတွင်းမှာ အကြမ်းဖက်ခံရတာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ အမြဲထောက်ပြကြတယ်။ သုတေသနစာတမ်းတွေထုတ်ပြပြီး ဝေဖန်ကြတယ်။ ဒါပေမဲ့ ဒီလိုမျိုးစစ်ဆေးတာတော့ တစ်ခါမှလုပ်တာ မတွေ့ခဲ့ရဘူး’’ဟု တအောင်းလူမျိုးများ အခြေချရာဒေသများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို လေ့လာသုတေသနပြုလုပ်နေသူတစ်ဦးက ပြောသည်။
၎င်း၏မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များက အလွတ်တန်းသတင်းထောက်ဟု ပြောကြားသော်လည်း မြန်မာ့တပ်မတော်က လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် KKO စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးဟု ပြောကြားခဲ့သည့် ကိုပါကြီး၏ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာများ မကြာမီထွက်ပေါ်လာတော့မည် ဖြစ်သည်။
အစီရင်ခံစာများ၏ မျှတပြည့်စုံမှုအခြေအနေနှင့် အမှုကို အရပ်ဘက်နှင့် စစ်ဘက် မည်သည့်တရားရုံးတွင် စစ်ဆေးမည် စသည်တို့ကို မသိရသေးသော်လည်း တပ်နှင့်ပတ်သက်သည့် ကိစ္စရပ်များ၌ စုံစမ်းစစ်ဆေးခွင့်သည် ယခင်ကာလများထက် ပိုမိုလာခဲ့ပြီဖြစ်သည်။
ထိုင်းနိုင်ငံတွင် ထိန်းသိမ်းမှုခံထားရသည့် မြန်မာများအရေး တရားမျှတစွာကိုင်တွယ်ရန် တိုက်တွန်းခဲ့သည့် မြန်မာ့တပ်မတော်ခေါင်းဆောင်၏ တပ်အပေါ် စွပ်စွဲခံထားရသည့် အခြားကိစ္စရပ်များအတွက်လည်း ကိုပါကြီးဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်လည်း တိုက်တွန်းမှုများ ထွက်ပေါ်လာခဲ့သည်။
‘‘အခုဟာက အိုဘားမားလာတဲ့အချိန်မို့လို့လည်း ဖြစ်နိုင်တယ်။ အိုဘားမားလာတဲ့အချိန်နဲ့ မဟုတ်ဘဲနဲ့ တခြားအချိန်တွေမှာလည်း ဒီလို စုံစမ်းစစ်ဆေးတာတွေ လုပ်သင့်တယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည်နယ်သဘာပတိအဖွဲ့ဝင် ဒါရှီလဆိုင်းက သုံးသပ်ပြောကြားသည်။
Credit - 7DAY DAILY

No comments:
Post a Comment